သုမိုး
ဗိုက်ဆာလာသည်မို့ ထမင်းစားရန် မီးဖိုချောင်အတွင်းသို့ ဝင်လာခဲ့သည်။ အခန်းအလယ်ရှိ ပျင်းခြောက်ခြောက်ဖြစ်နေသော ထမင်းစားပွဲကို ကြည့်ရင်း စိတ်အာရုံက မိသားတစ်စုလုံး မြိန်ရေယှက်ရေစားခဲ့ကြသော အတိတ်ဆီသို့ ပျံ့လွင့်လာခဲ့သည်။
ထမင်းစားတော့မည်ဆိုသည်နှင့် ထမင်းခူးသူကခူး၊ ထမင်းပန်းကန်သယ်သူကသယ်ကာ စည်းစည်းလုံးလုံးထမင်းပွဲပြင်ကြသည့်အချိန်များကို ပြန်မြင်ယောင်လာခဲ့သည်။
ထိုစဉ်က ဆွမ်းတော်တင်ဖို့နှင့် ဆွမ်းလောင်းဖို့ပြင်ပြီးသည်နှင့် ထမင်းဦးခူးရသည်။ငယ်သေးသည်မို့ ထမင်းဦးဘာကြောင့်ခူးသည်ကိုမသိ။ ကျောင်းသင်ခန်းစာတွင် ဦးချခြင်းအလေ့ကို သင်ရတော့မှ လူကြီးတွေမစားခင် အငယ်တွေစားသည်မို့ အပေါ်ကထမင်းကို လူကြီးတွေအတွက် ဖယ်ထားကြောင်း သိရသည်။ ချစ်စရာမြန်မာဓလေ့လေးတစ်ခုပေတည်း။
တစ်ခါက အဖွားအတွက် ထမင်းဦးဖယ်ထားသည်ကို အဖွားက အောက်ကထမင်းပဲခူးနေသဖြင့် အဖွားအတွက် ထမင်းဦးဖယ်ထားပြီးကြောင်းပြောပြရာ "နင်တို့ဟာ ရှုပ်ရှုပ်ယှက်ယှက်အေ" ဟုပင် ပြောလွှတ်တာ ခံရဖူးသည်။အကြောင်းရင်းကိုမသိဘဲ အစဉ်အလာအရ ထမင်းဦးဖယ်နေကြဟန်တူသည်။အမှန်ကိုပြောပြတော့လည်း လူကြီးတွေက လက်မခံချင်။ မျက်စောင်းတထိုးထိုးနှင့်။ ဪ...တယ်ခက်တဲ့ လူကြီးတွေပါကလား။
ထမင်းပွဲပြင်ပြီးသည်နှင့် မိသားစုဝင်များအားလုံး ထိုထမင်းပွဲဝိုင်းလေး၏ဘေးတွင် နေရာကိုယ်စီဝင်ထိုင်ခဲ့ကြသည်။ဦးဆုံးခပ်သော ဟင်းဦးကို အသက်အကြီးဆုံးဖြစ်သော အဖွားပန်းကန်ထဲသို့ ဦးချလိုက်သည်။ထို့နောက် အမေနှင့် အဖေကိုလည်း ဦးချပြီးနောက် လွတ်လွတ်လပ်လပ်စားကြသည်။မိသားစုစုံစုံလင်လင်ဖြင့် စကားမြိုင်မြိုင် ထမင်းမြိန်မြိန်စားခဲ့ကြသည်များကို ပြန်လည်တမ်းတမိပါသည်။
ထိုကဲ့သို့ ပျော်စရာအတိတ်ကလေးများသည် ထိုထမင်းစားပွဲလေးတွင် ဝေ့ဝဲနေခဲ့သည်။ ထိုထမင်းစားပွဲလေးတွင် ကျွန်တော်တို့ တစ်ယောက်နှင့်တစ်ယောက် စနောက်ခဲ့ကြသည်။ထိုထမင်းစားပွဲလေးတွင် ကျွန်တော်တို့အပူပင်မရှိ ရယ်မောခဲ့ကြသည်။ထိုထမင်းစားပွဲလေးတွင် မိသားစု၏ စည်းလုံးမှုပြရုပ်များ သရုပ်မဖော်ပဲလျက် သရုပ်ပေါ်နေခဲ့သည်။
လေးကန်သည့်လက်လှမ်းများနှင့် တစ်လုပ်ပြီးတစ်လုပ်စားနေရင်း အတိတ်ကပုံရိပ်များသည် စိတ်အာရုံထဲသို့ တစ်ခုပြီးတစ်ခု တိုးဝင်နေခဲ့သည်။
ယခုကား အိမ်တွင် လူလည်းပါးကျလာလေပြီ။သားသမီးများလည်း တစ်ယောက်ပြီးတစ်ယောက် အရွယ်ရောက်လာကြကာ ဘဝဝေဟင်တွင် ပျံဝဲရန်ထွက်ခွာသွားကြလေပြီ။အရင်က စိုစိုပြည်ပြည်ဆိုင်ဆိုင်မြိုင်မြိုင်ဖြစ်ခဲ့သော အိမ်ကလေးမှာလည်း တဖြည်းဖြည်းခြောက်ကပ်၍လာခဲ့သည်။
ပျင်းခြောက်ခြောက်ထမင်းစားပွဲတွင် ထမင်းစားရင်း အတွေးစကို ရပ်လိုက်သည်။ သို့သော် နောက်တစ်ခါ လူစုံတက်စုံ ထမင်းလက်ဆုံစားရမည့်အချိန်ကို လှမ်းမျှော်ကြည့်မိပြန်ပါသည်။ပြန်လည်းဆုံချင်ပါသေးသည်။ထမင်းစားပွဲလေးကား ခံစားချက်ကို နားလည်သည့်
သယောင်ယောင်ဖြင့် တိတ်ဆိတ်ငြိမ်သက်လျက်...။
ပိုမိုကောင်းမွန်သောဘဝကို ပိုင်ဆိုင်ကြပါစေလို့ တောင်းဆုပြုရင်း.....။
သုမိုး
Keep Reading