Author's Profile Photo

Khant Thaw Maung

15/10/2024

ကိုကိုနဲ့မိုး(ဝတ္ထုတို)

6 mins read
Art
Novel
Entertainment
ကိုကိုနဲ့မိုး(ဝတ္ထုတို)'s photo
ဝေဒနာတွေ စွေပြီး
အလွမ်းတွေ တအုပ်အုပ်တက်လာတဲ့ နေ့က
ဝမ်းနည်းစိတ်တွေနဲ့ အတူ
ကျနော် အသည်းအထန် နာဖျားပါတယ်


ကိုကို နဲ့ မိုး
=-=-=-=-=-=-=-=-=-=
(၁)
၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၂ရက်
"အားလုံး သတိ"
"တပ်စု၄ တပ်စုမှူး မရောက်သေးဘူးလား"
တီချယ်ဖြူ့အသံ စုဝေးကွင်းကို ဟိန်းထွက်နေသည်။
"သမီးရောက်ပါပြီ တီချယ်"
"နောက်ဆို နောက်မကျစေနဲ့နော် မေအမရာမိုး"
တပ်ခွဲမှူးကို အလေးပြုရင်း သတင်းပို့လိုက်သည်။
“သားရေ.. ဖြုတ်လိုက်တော့နော်"
“တပ်ခွဲ......သတိ"
"တပ်ခွဲ ......တန်းဖြုတ်"
ကိုကို့ အသံကြောင့်လား မသိ ၊သစ်ရွက်လေးတွေတောင် လူးလွန့်သွားသည်ဟု ထင်ရသည်
။မြေသင်းနံ့ရောသော လေပြေကြောင့် ခရေပွင့်လေးတွေ မြေနီလမ်းထက် ပြန့်ကျဲကုန်သည်။ ဘယ်ဟုတ်မလဲ မိုးရွာတော့မှာကိုး။ ညိုမှိုင်းသော ကောင်းကင်ကြီးမှ မိုးပေါက်လေးများ ဆင်းသက်လာလေပြီ။ စာသင်ခန်းများဆီ ပြေးရတော့မည်။ နောက်ကျတဲ့ ခြေထောက် သစ္စာပေါက်ပဲ။ ကျွန်မသိပ်ချစ်ရတဲ့ ကိုကိုနဲ့ ပထမဆုံးတွေ့ဆုံခန်းဟာ သိပ်ကိုကတိုက်ကရိုက်နိုင်လွန်းခဲ့ပါသည်။
(၂)

ကျောင်းတွင်းပြိုင်ပွဲများ စတော့မည်။ ကျွန်မတို့ အပြာအသင်းသည် ကျောင်းတွင်းဒိုင်းမှာ အစဉ်လာရှိသည်။ ဒီနေ့ ကာယပြိုင်ပွဲနေ့ ၊ကျွန်မတို့အသင်း ဒုတိယအလှည့်တွင် ပြိုင်ရမည်ဖြစ်သည်။
" အသင်းမိန်းကလေးတွေကို ဖဲကြိုးတွေ ကူပြီးချည်ပေးလိုက်ကြပါ"
အသင်းခေါင်းဆောင်၏အသံကြောင့် တစ်သင်းလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ကိုယ့်အတွဲနဲ့ကိုယ် ချည်ပေးနေကြသည်။ ကျွန်မတစ်ယောက်တည်း ကူသူမဲ့ချိန်မှာ အသံတစ်ခုထွက်လာသည်။
"ကျွန်တော် ကူပြီး ချည်ပေးပါရစေ"
ကိုကိုမှ ကိုကို အစစ်။ ကျွန်မ ဝမ်းသာအားရ လက်ခံလိုက်ပါသည်။
ညနေကျတော့ ကာယပြိုင်ပွဲဆုများ ကြေညာသည်။
"တတိယဆု အဝါအသင်း"
"ဒုတိယဆု အပြာအသင်း"
"ပထမဆု အနီအသင်း"
ဟေး ခနဲ အော်သံများ တစ်ခန်းလုံး ပြည့်နှက်သွားသည်။
မနက်က ကိုကို စည်းပေးတဲ့ ဖဲကြိုးလေးနဲ့ ပြိုင်ပွဲဝင်ရသည်။ ညနေကျတော့ အသင်းဆုရသည်။ ကိုယ့်အသင်းက လူတွေထက်တောင် ကျွန်မပိုပျော်နေမိသလားမသိ။ ကိုကို့ကို လူအုပ်ကြီးကြားထဲ သည်းသည်းမဲမဲ လိုက်ရှာမိသည်။ဒါပေမယ့် ကိုကို့ကို မတွေ့တော့။
(၃)
"ဒေါင်"
"ဒေါင်"
"ဒေါင်"
ထမင်းစားဆောင်မှ သံချောင်းခေါက်ပြီ။ မိုး တို့ သပြေဆောင်မှ ထမင်းစားဆောင်ကို သိပ်မဝေး၊ခဏလောက်ပဲ လမ်းလျှောက်ရသည်။ စားဆောင်ထဲ ဝင်တော့ ပဲဟင်းအိုးကြီး မွှေနေသည့် ကိုကိုနဲ့ တည့်တည့်တိုးသည်။
"ဟဲ့ ကိုကိုလွင် ၊ငါ့ပဲဟင်း ပိုထည့်ပေးနော်"
"အေးပါ၊ မိနွယ် ရ"
"ငါပိုထည့်ပေးပါ့မယ်"
"ဒါမှ ငါ့သူငယ်ချင်း....."
မိနွယ် တော်တော်အကဲပိုသည်။ ကိုကို့ကို ပြောပုံဆိုပုံတွေ မိုး မကြိုက်ပါဘူး။ မိုး ပန်းကန်ထဲ ပဲဟင်းထည့်ပေးပြီးတော့ စားသောက်ခန်းထဲ ထမင်းသွားစားကြသည်။
"မိနွယ် နင်နဲ့ သူနဲ့ က သူငယ်ချင်းတွေလား"
"အေးလေ မိုး ၊ ဆယ်တန်းကတည်းက တူတူပဲ တစ်ကျောင်းတည်းတူတူ တက်ခဲ့ကြတာ
ဘာဖြစ်လို့လဲ မိုးရဲ့"
"ဘာမှ မဖြစ်ပါဘူး နွယ်ရယ်"
ဘာမှမဖြစ်ပါဘူးလို့သာ ညာလိုက်ရသည်။ ရှာနေတဲ့ ကိုကို့ ကို တွေ့ရသည်မို့ မိုးရင်ခုန်သံကို ထိန်းမရခဲ့။

စားဆောင်ထဲက ထွက်လာပြီး အ‌ခန်း‌ပြန်ရောက်တော့ မိနွယ်ကို နည်းနည်းအစ်ကြည့်သည်။
"မိနွယ် ကိုကိုလွင် က ဘယ်အခန်းကလဲ"
"A1ကလေ၊ အခန်းထဲက လူတော် စာရင်းမှာ သူပါတယ်"
"စာလည်း သိပ်ဖတ်တယ်၊ ကဗျာတွေ စာတွေနည်းနည်းပါးပါး ရေးတယ်လို့လည်း ငါ့ပြောဖူးတယ်"
"ဒါနဲ့ နင် က ဘာဖြစ်လို့ မေးတာလဲ မိုး"
"ဘာမှမဖြစ်ပါဘူး နွယ်"
ဒုတိယ အကြိမ် မိုးညာလိုက်ရပြန်လေပြီ၊မတတ်နိုင်ပါ။ ကိုကို့အကြောင်း ခေါင်းအစ ခြေအဆုံး သိချင်သည့် မိုးစိတ်ကို အဆုံးထိ မလွှတ်ပေးနိုင်။ မိနွယ်ရိပ်မိသွားလို့လည်း မဖြစ်ဘူးလေ။
(၄)
မြန်မာစာဌာန‌က ပေးသည့် စာစဉ်အတွက် ဒီမနက်တော့ စာကြည့်တိုက်သွားရမည်။ ကိုကိုစည်းပေးခဲ့တဲ့ ဖဲကြိုးပြာလေးကို ဆံထုံးမှာ ချည်လိုက်သည်။ အဖြူအစိမ်းလည်းဝတ်ပြီးပြီ။ လိုအပ်တဲ့ စာအုပ်တွေလည်း ထည့်ပြီးပြီ။ ဘုရားဦးချပြီးနောက် အခန်းထဲက ထွက်ဖို့ပြင်သည်။
"မိနွယ်ရေ မြန်မြန်လုပ်ဟ၊ ငါတို့စာကြည့်တိုက်သွားရဦးမယ်လေ"
"အေးပါ ၊အေးပါ ပြီးပြီ"
အခန်းထဲ စောရောက်ပြီး အမြဲတမ်းနောက်ကျတတ်သည့် မိနွယ်ကို စိတ်မဆိုးရက်တော့။ ဒါကပဲ သူ့ရဲ့ ခေါက်ရိုးကျိူးနေတဲ့ အကျင့်လေ။ ကျွန်မတို့သူငယ်ချင်းနှစ်ယောက် သုတ်ခြေတင်ရတော့သည်။ စာကြည့်တိုက်‌ရောက်တော့ စာကြည့်တိုက်မှူးဆရာမကြီး ကို စာအုပ်ရှိမရှိမေးရသည်။
"တီချယ်ကြီး ဆရာကြီးဦးအောင်သင်းရဲ့ ကန့်ကူလက်လှည့်ဆရာ စာအုပ်ရှိ‌သေးလားရှင့်"
ကျွန်မတို့ မိန်းကလေး၁၅ယောက်လုံးကို ပေးထားသည့် ခေါင်းစဉ်မို့ စာအုပ်ရဖို့ သိပ်မသေချာ။ ဆရာမကြီးက နောက်သုံးရက်မှ ရမည်ပြောသောအခါ ပိုလို့ စိတ်အားငယ်ရသည်။ စာစဉ်အချိန်မီမပြီးလျှင် တီချယ်လှိုင်၏ နားသည်မွှေးဆွဲသည့် ပြစ်ဒဏ်က ပြေးလွှတ်မည်မဟုတ်။ ကျွန်မတွေးနေဆဲပင် စာအုပ်စင်နောက်က လူတစ်ယောက် သူ့ဆီမှာရှိကြောင်း လှမ်းပြောသံကြားလိုက်ရသည်။ ထိုအသံရှင်ကို ရင်းနှီးသလို ခံစားရသည်။ စာအုပ်စင်နောက်က ထွက်လာမှ ကိူကိူမှန်းသိရတော့သည်။
"တီချယ် သားဆီမှာ အဲဒီစာအုပ်ရှိတယ်"
"သားပဲ ပေးလိုက်ပါ့မယ် တီချယ်"
"မိနွယ်ရေ နင်တို့ ညနေကျောင်းဆင်းရင် လာယူလေ"
"အေးအေး နင့်အခန်းရှေ့မှာပဲ ငါတို့စောင့်နေမယ်"

ညနေကျောင်းဆင်းတော့ အခန်းတွင်း အစမ်းသင် မှာ ကိုကိုစာသင်နေသည်။ ခဏနေတော့ ဆရာမကို နှူတ်ဆက်သံနှင့်အတူ ကိုကိုတို့အခန်းကျောင်းဆင်းသွားသည်။ ကချင်လွယ်အိတ်စိမ်းလေးလွယ်လို့ ကိုကိုထွက်လာပါပြီ။
"စောင့်နေရတာ ကြာပြီလား မိနွယ်"
လက်ထဲ စာအုပ်လှမ်းထိုးပေးရင်း ကိုကိုက ပြောသည်။
“ မိနွယ် နင့်သူငယ်ချင်း မျက်နှာ‌မကောင်းပါလား ၊ ဘာလို့လဲ"
"တွေ့တိုင်း မိနွယ် မိနွယ် နဲ့ သူ့သူငယ်ချင်းပဲ အသက်ရှိတာကျနေတာပဲ"
"မိုး လည်း ခေါ်လို့ရပါတယ်"
အဲဒီတော့မှ မိနွယ်က ပြာပြာသလဲ မိတ်ဆက်ပေးရှာသည်။သွားပြီ ၊ မိုးမှားများ မှားသွားလေပြီလား။
"သူ့နာမည်က မေအမရာမိုး ၊
ငါတို့ သိပ္ပံတွဲ အခန်း(၄)က
ငါနဲ့တူတူပဲ ဓာတု-ဇီဝတွဲ
မိုး လို့ လွတ်လွတ်လပ်လပ် ခေါ်လို့ရတယ်"
"ဟုတ် ကျွန်တော့်နာမည် ကိုကိုလွင်ပါ ၊ ပထဝီ-သမိုင်း တွဲ ကပါ
မိနွယ်သူငယ်ချင်းဆိုတော့ မိနွယ်လိုပဲ ခင်ပါ ခင်ဗျာ"
“ ဟုတ်ရော ဟုတ်ရဲ့လား ကိုကိုရယ်
အဲလေ ဆရာဦးကိုကိုလွင်ရယ်" လို့ မိုး အငေါ်တူးလိုက်မိသည်။
"ရပါတယ် မိုးရဲ့ ၊တကယ်ပါ"
မိုး ပြုံးလိုက်ရသည်။ ကိုကို့အသိအမှတ်ပြုမှု မိုးရခဲ့ပြီလေ။
(၆)
မိုးတို့နောက်ဆုံးစာမေးပွဲတွေ ဖြေရတော့မည်။ ဒီညဟာ နောက်ဆုံးည၊ ကျွန်မတို့ အပတ်စဉ် ၁၈/၁၃ တွေရဲ့ နှုတ်ဆက်ပွဲည။
ကျောင်းတော်ဆီမှာလေ သီချင်းကို အဖွဲ့လိုက်ဆိူနေကြသည်။သီချင်းအစီအစဉ်ပြီးတော့
ခန်းမက မိုက်နဲ့ အော်သံကြားလိုက်ရသည်။
"ခု ဆက်လက်ပြီး ဝိဇ္ဇာတန်းခွဲ ၁ မှ မောင်ကိုကိုလွင် မှ ကဗျာရွတ်ပါမယ်ခင်ဗျား"
ကျွန်မခန်းမထဲရောက်တော့ ကိုကိုကဗျာရွတ်နေလေပြီ။

“ ဝေဒနာတွေ စွေပြီး
အလွမ်းတွေ တအုပ်အုပ်တက်လာတဲ့ နေ့က
ဝမ်းနည်းစိတ်တွေနဲ့ အတူ
ကျနော် အသည်းအထန် နာဖျားပါတယ်

ကျနော့်ကို
အေးမြမှူတွေဟာ
မျက်ရိပ်လည်း မပစ်ဘူး
မျက်စောင်းလည်း မထိုးဘူး
ကျနော်ဟာ ပူလောင်မှူကို
ထပ်ဆင့် ခံစားရပါတယ်

တကယ်လို့
ဒီဝေဒနာတွေ ဆေးကြောဖိူ့
ဒီဝေဒနာတွေ ဖြေဖျောက်ဖို့
မိူးရိပ်လေးတွေ ကျနော်မျှော်ပါတယ်

ကျနော့်ဆီ ရွာပါ
ကျနော့်ဆီ သည်းပါ
ကျနော့်ဆီ ဖွဲပါ
နည်းနည်းပဲ ဖြစ်ဖြစ် များများပဲ ဖြစ်ဖြစ်
ကျနော်မျှော်ပါတယ်

ခင်ဗျား မေတ္တာဟာ မိုးပါ"

"ဒီကဗျာလေးကို မိုး လို့ အမည်ပေးထားပါတယ်"
"ကျေးဇူးတင်ပါတယ် ခင်ဗျာ"

"မိုး " တဲ့လား ကိုကိုရယ်။ မနက်ဖြန်ဆို စာမေးပွဲစဖြေပြီ။ စာမေးပွဲပြီးတဲ့နောက် ကိုကိုနဲ့ ဝေးရတော့မည်။ နွယ့်ကိုလက်နဲ့တို့ပြီး အဲဒီကဗျာလေး ကိုကို့ဆီက တောင်းပေးဖို့ ပူဆာမိသည်။

စာမေးပွဲ မပြီးခင် တစ်ညနေ ကျောင်းမြေနီလမ်းဘေး မိနွယ်ကိုစောင့်ရင်း ခရေပင်တန်းတွေအောက်က ထိုင်ခုံလေးမှာ ထိုင်မိသည်။ ကိုကိုနဲ့သာဆိုရင် အတွေးနဲ့ ပျော်ရသည်။ တကယ်ဖြစ်မလာနိုင်တော့မည်မို့ ဝမ်းနည်းမိသည်။
"မိုး နင်လိုချင်တဲ့ ကဗျာ ရပြီရော့"
မိနွယ်အသံကြားမှ မိုး သတိပြန်လည်လာသည်။ ညနေမှောင်စပျိုးပြီမို့ သူငယ်ချင်းနှစ်ယောက် အဆောင်ကို အမြန်ပြန်ရတော့သည်။

စာမေးပွဲအပြီး အိမ်ပြန်ရတော့မည်မို့ အထုတ်တွေ သယ်ကာ အဆောင်က ထွက်လာခဲ့သည်။ အမေတို့လာကြိုမည် ဆို၍ ဂိတ်ဝမှာ စောင့်နေမိသည်။ ကိုကိုတို့သူငယ်ချင်းတစ်သိုက် သေတ္တာကိုယ်စီ ထမ်းပြီး လျှောက်လာသည်။ "ကိုကို"လို့ ခေါ်မည်ကြံပြီးမှ နောက်ဆုတ်လိုက်ရသည်။ ကိုကို မိုးရှေ့က ဖြတ်သွားတော့ ရင်ထဲဟာကနဲ ၊တစ်ခါမှ မဖြစ်ဖူးသည့် ခံစားမှူမျိုး။ ကိုကို လို့ ဒုတိယအကြိမ် အရဲစွန့်ခေါ်ဖို့ ကြိုးစားမိသည်။ မာန တွေ အတ္တတွေလား ၊ ဒါမှမဟုတ် လောကသဘာဝ ကလား မသိ မိုးနှုတ်ခမ်းကို အသေဆွဲပိတ်ထားသည်။ ဘာစကားလုံးမှ ထွက်မလာ။ ကိုကိုတို့ ဟိုင်းလတ်ကား ထွက်သွားပြီ။ ဘာမှမမြင်ရအောင် ဝေဝါးသည်ထိ မိုးရပ်ကြည့်နေမိသည်။ ကိုကိုရေ မိုး ပါးပေါ်မှာ မျက်ရည်တွေ ဘာလို့ကျနေပါလိမ့်။

(၈)
၂၀၂၅ခုနှစ်၊ စက်တင်ဘာလ၊၅ရက်

အမိန့်စာကိုရရချင်း ဝမ်းသာမှူနဲ့အတူ ရန်ကုန်-ပဲခူးကားကို စီးလာခဲ့သည်။တစ်ခါမှ မိခင်ကျောင်းတော်ကို ပြန်လာခွင့်ရမည်ဟု မတွေးမိခဲ့။ ကားပေါ်က ဆင်းတော့ "လှည်းကူးပညာရေးကောလိပ်" ဆိုင်းဘုတ်ကြီး က ဆီးလို့ကြိုသည်။ လမ်း‌ကူးရင်းကျောင်းဝင်းထဲ ရောက်တော့ ကိုယ့်အထုတ်တွေသတိထားနေရတာနဲ့ လူတစ်ယောက်နှင့် ဝင်တိုက်မိသည်။ သူ့လွယ်အိတ်လေးဘုတ်ခနဲ ပြုတ်ကျသွားသည်။ ကိုယ်လည်းအထုတ်တွေကောက်ရင်း မော့မကြည့်ဘဲ လှမ်းတောင်းပန်းလိုက်သည်။
"သားရေ မတော်လို့နော်၊ တီချယ်လည်း အထုတ်တွေနဲ့မို့ပါ"
"ရပါတယ် ဆရာမ"
အသံကို သတိထားမိပြီး မော့ကြည့်လိုက်တော့
"ကိုကို" လွှတ်ခနဲ ထွက်သွားသည်။ ကိုကိုက မြန်မာစာသင်ပြနည်းမှာ နည်းပြဖြစ်တာ တစ်နှစ်ရှိပြီးဖြစ်ကြောင်း၊ ကျွန်မလည်း အင်္ဂလိပ်သင်ပြနည်းမှာ တာဝန်ထမ်းရမည်ဖြစ်၍ ဒီနေ့ပဲ‌ရောကိကြောင်းပြောရင်း အဆောင်ဆီလျှောက်လာခဲ့သည်။ လမ်းချိူးရောက်တော့ ကိုကိုပါမလာတော့။ လွန်ခဲ့သော နှစ်များနဲ့မတူ မြေနီလမ်းသည် ကွန်ဂရစ်ဖြစ်သွားပြီ။ စာသင်ဆောင်တွေ ပိုမိုခမ်းနားနေပြီ။ မပြောင်းလဲသည်မှာ ခရေပင်တန်း နဲ့ အုတ်ခုံလေးများပင်။ မပြောင်းလဲနိုင်‌သေးသည့် အရာတွေထဲ မိုးနှလုံးသားလည်းပါပါသည်။ နှစ်တွေ ဘယ်လောက်ပဲ ရွေ့သွားပါစေ မိုး ကိုကို့ကို…….။

(၉)

ကလောင်
ကလောင်
"Goodbye class."
"GoodBye,teacher."
ကျောင်းဆင်းပြီဆိုတော့ မိုးလည်းအဆောင်ပြန်ဖို့အခန်းထဲက ထွက်လိုက်သည်။ အခန်းပြင်ထွက်တော့ မိုက်ခနဲ ဖြစ်သွားသည်။ မျက်လုံးပွင့်လာတော့ ဆေးရုံကုတင်ပေါ်မှာ။လက်မှာလည်း အပ်တန်းလန်းနှင့်။
"မထနဲ့ဦး မိုး နင်သွေးသွင်းထားရတယ်"
"နင့်ကိုကို ဖုန်းလှမ်းဆက်လို့ ငါရောက်လာတာ"
"ဟယ် နွယ် ၊ ဘယ်က ကိုကိုလဲဟ"
"မေအမရာမိုး တိတ်တစ်ခိုးချစ်ရတဲ့ ဦးကိုကိုလွင်ပါရှင်"
"မိနွယ်နော် ကြားသွားဦးမယ်၊ကောင်မစုတ်"
"နင့်ကိုကို ပြန်သွားပါပြီ
လိုတဲ့သွေးလည်း သူပဲလှူသွားတယ်
ငါ့အတွက်ရော နင့်အတွက်ရော စားစရာပါ ဝယ်ပေးသွားတယ်"
"သူကတော့ နင့်အားနာလို့ မပြောပါနဲ့ဆိုပေမယ့် ငါက မနေနိုင်လိူ့ဟေ့"
မိုးကို အားနာလိူ့တဲ့လား ကိုကိုရယ်။

"မိနွယ် နင်ပဲ ကူညီပါဟာ
သောကြာနေ့ညနေ ကိုကို့ကို ပေးစရာလေးရှိလို့ ဂိတ်ဝနားမှာ စောင့်နေပါလိူ့ ဖူန်းဆက်ပေးပါနော်"

(၁၀)

ခရေနံ့တွေ လေပြေနဲ့အတူ မျောပါလာသည်။ လူရှင်းနေသော လမ်းလေးထက် ဆွဲခြင်းလေးဆွဲရင်း ဂိတ်ဝဘက် ထွက်လာခဲ့သည်။ ဂိတ်ဝက ထိုင်ခုံလေးမှာ ကိုကိူစောင့်နေသည်။ ထိုင်ခုံလေးမှာထိုင်ရင်း သွေးလှူလို့ကျေးဇူးတင်တဲ့အကြောင်းကိုကို့ကိုပြောပြသည်။ ပြီးတော့ ဆွဲခြင်းထဲက ဝတ္ထုစာအုပ်လေးကိုထုတ်လိုက်သည်။ အဖုံးမှာ ကိုကိုလွင် ဟု လက်မှတ်ထိုးထားသည်။ ကိုကို့မျက်လုံးလေးများဝင်းလက်သွားသည်။ မိုးစာရွက်တစ်ရွက်ထုတ်ရင်း ကဗျာတစ်ပုဒ်ရွတ်ပြလိုက်သည်။

“ကျနော့်ဆီ ရွာပါ
ကျနော့်ဆီ သည်းပါ
ကျနော့်ဆီ ဖွဲပါ
နည်းနည်းပဲ ဖြစ်ဖြစ် များများပဲ ဖြစ်ဖြစ်
ကျနော်မျှော်ပါတယ်

ခင်ဗျား မေတ္တာဟာ မိုးပါ”

သူ့လွယ်အိတ်လေးချပြီး ကိုကိုမိုးကိုသေချာကြည့်သည်။
"ဟုတ်တယ်ကိုကို၊ ကျောင်းသူဘဝတုန်းက နွယ့်ကို ကိုကို့ဆီက တောင်းခိုင်းထားတာ"

"ဆောရီး ကိုကိုလို့ ခေါ်မိသွားပြီ"
" မျက်လုံးမှိတ်ပြီး ဟိုဘက်ခဏလှည့်နော် မိုး"
မိုးဆံအုပ်လေးဖြည်ရင်း ဖဲကြိုးလေးကို ကိုကိုစည်းပေးသည်။ ပြီးတော့ ဆံပင်လေးကို ကိုကိုပြသည်။
"ကိုကိုဒါလေး ဘယ်လိုရလဲ"
"စာကြည့်တိုက်မှာ ကျခဲ့လို့ ကိုကိူသိမ်းထားတာ နှစ်နည်းနည်းကြာပြီဆိုတော့ တွန့်နေပြီလေ"
"ဒါ ဘာအဓိပ္ပာယ်လဲ မိုးသိပါတယ်နော်"
ခေါင်းညိတ်ပြလိုက်သည်။ အနောက်တောင်ထောင့်က တက်လာသော မိုးရိပ်မှာ ရွာချလေပြီ
။ကျွန်မတိူ့နှစ်ယောက် လုံးဝပြေးမလွတ်တော့ပြီ။ကျောင်းသူဘဝတုန်းကလို အပြေးလေးထွက်သွားဖို့ မစဉ်းစားချင်တော့။

"ကိုကို့အပေါ်ရုံ တိုက်ပုံဖြူလေးက မိုး ခေါင်းလေးပေါ် အုပ်မိုးလျက်။"

မိခင်ဆရာအတတ်ပညာကျောင်းတော် (လှည်းကူး)သို့ လွမ်းခြင်းများစွာဖြင့်

#ခန့်သော်မောင်

Keep Reading

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့