Yati
ဒီတစ်ခါကတော့ ကျွန်မက ဘယ် Topic နှင့်ပတ်သက်တဲ့ ဆောင်းပါး ရေးရမလဲဆိုတာ ခေါင်းထဲမရောက်သေးတာနဲ့ ဆရာကြီး ပီမိုးနင်းရေးသားခဲ့တဲ့ “ဟန်ကျပန်ကျ၊ ကြီးပွားရေးလမ်းညွှန်၊လူဖြစ်နည်းနှင့်တက်လမ်း” စာအုပ်သုံးအုပ်ကနေ မှတ်သားစရာကောင်းတဲ့ စာစုတချို့ကိုပြန်လည်မျှဝေပေးဖို့လုပ်ခဲ့ပါတယ်။
“ဟန်ကျ ပန်ကျ” စာအုပ်မှ
“ပညာရှိများ၏ စာကိုဖတ်”
တစ်နေ့ထက် တစ်နေ့ မိမိကိုယ်ကို ထူးကဲအောင် နေ့စဥ်စစ်ဆေး၍ ပြုပြင်ရမည်။ ကြီးပွားရေး စာအုပ်များကို ဖတ်ရမည်။ ပညာရှိများ၏ စာကိုဖတ်ရမည်။ ကမ္ဘာပေါ်ရှိ ဘာသာကြီးများကို တည်ဆောက်ခဲ့သော ပုဂ္ဂုလ်ကြိးများ၏ ကျမ်းကြီးများကိုဖတ်ရမည်။ မိမိ၏ ဘာသာမဟုတ်သောကြောင့် ဂရုမစိုက်ဘဲမနေအပ်။
“အလုပ်ကိုချစ်”
အလုပ်ကိုချစ်ရမည်။ အလုပ်၌ စိတ်စွမ်းအားရှိသမျှကို သွင်းရမည်ဟု ဝီလျှံ မက်သယူးဆိုသူက ပြောဖူးသည်။ ဥာဏ်စွမ်းထက် စိတ်အားသတ္တိစွမ်းက ပို၍ ကြီးမား၏။ စိတ်မပါဘဲ စိတ်ထက်သန်ဘဲ လုပ်က ဘယ်အရာမျှ ကောင်းစွာပြီးမည်မဟုတ်ပေ။
“အကျိုးနှင့်အဆိုး”
အကျိုးမရှိသော စကားကိုမပြောနှင့်။ တစ်စုံတစ်ယောက်က ပြောလျှင်လည်း အလိမ္မာဉာဏ်ကို သုံးကာ အကျိုးရှိသော အကြောင်းအရာများကို တေွးကြံရမည်။ အကျိုးများမည့် အကြောင်းအရာများကိုသာတွေးကြံရမည်။ အပျက်ကိုမတွေးနှင့်။ အဖြစ်ကိုတွေး။ စိတ်ပျက်စရာကိုမတွေးနှင့်။ အားတက်စရာကိုတွေး။ စိတ်ညစ်စရာကိုမတေွးနှင့်။ စိတ်ပျော်စရာကိုေုတွး။ သူတစ်ပါးကောင်းကြောင်းကို တွေးရမည်။
“အပြောင်စင်ကြယ်၊ အလုပ်စင်ကြယ်”
အပြောအဆို စင်ကြယ်သလို စိတ်လည်း စင်ကြယ်ရမည်။ သေးနုတ် သိမ်ဖျင်းညစ်ညမ်းခြင်းတို့ကို မတွေးမကြံအပ်ပေ။ အတွေးအကြံ မကောင်းက အပြော၌လည်း တစ်နေ့သ၌ရ ပေါ်ပေါက်ရမည်ကား မလွဲပေ။
“စိတ်ဝင်စားရမည်”
မိမိ အလုပ်၌ စိတ်လက်ဝင်စားရမည်။ ယခု ချက်ချင်း စိတ်ဝင်စားရမည်။ အခါကောင်းမည်ကို မျှော်၍ မနေရ။ ယခု ချက်ချင်းမလုပ်မဖြစ် မနေလုပ်ရမည်။ မည်သူ့ကိုမျှ ငါမစောင့်ဟူသော စိတ်ကို ထားရမည်။
“အချိန်သူခိုးကို သတိပြု”
မိမိကိုယ်တိုင် လုပ်သင့်သော အလုပ်၊ လက်အောက်ငယ်သားကိုလွှဲသင့်သော အလုပ်ဟူ၍ ခွဲခြားသိရမည်။ အလုပ်တိုက်ကိုလာ၍ အကျိုးမဲ့စကားပြောရင်း အချိန်ကိုလာ၍ ခိုးသော အချိန်သူခိုးများ၏ အနှောင့်အယှက်ကိုလည်း သတိထားရမည်။
“စာအုပ်ကောင်း”
စိတ်နေ သဘောထားပုံရင့်သန်ကြီးမြတ်ခြင်းဖြစ်စေသည့် စာအုပ်ကောင်းများကို အမြဲဖတ်ရမည်။ လောကီ လောကုတ် နှစ်ဖြာရေးရာ စုံလင်သော ကျမ်းများကိုဖတ်ရမည်။
“စကားနှင့်အလုပ်”
စကားပြောရာ၌ ထိထိရောက်ရောက် ပွင့်ပွင့်လင်းလင်း လေးလေးနက်နက် စိတ်ရောကိုယ်ပါ ပြောရမည်။ အလုပ်ကိုလည်း ထို့အတူ လုပ်ရမည်။
“အကြံဥာဏ် ကြီးခြင်း”
အကြံဉာဏ်ကြီးခြင်းသည် စွဲမြဲခြင်း၊ ဇွဲကောင်းခြင်း၊ ဝီရိယရှိခြင်း၊ နိုးကြားခြင်း၊ စွန့်စားခြင်း၊ မိမိကိုယ်ကို ယုံကြည်ခြင်း၊ လျင်မြန်စွဦ ဆုံးဖြတ်တတ်ခြင်း၊ ဤအစွမ်းတို့၏ ပေါင်းစုခြင်းမှ ထွက်ပေါ်လာလေသည်။ ထိုသတ္တိများ၏ အစွမ်းဖြင့်သာ သာမန်လူ တို့သည် သာမန် အခြေအနေဘဝမှ အထွက်အထိပ်သို့ ရောက်ကြလေသည်။
“လူချစ်လူခင်များသူ”
ကြည်လင်ရွှင်ပျ၊ မည်သူ့ကိုမျှ မငြိုငြင်သော စိတ်သည် မင်္ဂလာရှိသော အဆင်းအရောင်ကို မျက်နှာ၍ ထင်ပေါ်စေ၏။ ထိုကဲ့သို့သောသူသည် တွေ့သမျှလူတို့၏ စိတ်နှလုံးကို နှစ်သိမ့် ချမ်းသာခြင်းကို ဖြစ်စေသည်။ သို့ဖြစ်လေရာ ချစ်ခင်သူမရှားပေ။
“ကြီးပွားရေးလမ်းညွှန်” စာအုပ်မှ -
“ရှောင်စမ်းပါ”
လောက၌ အမှားသည် တစ်မျိုးတည်းမဟုတ်၊ အမှား အမျိုးမျိုးရှိလေရာ တစ်မျိုးပြီး တစ်မျိုးမမှားရေလေအောင် သတိထားဖို့လိုလေသည်။
“ပျော်ရွှင်စိတ်ထား”
လောက၌ လူတို့ လုပ်ကိုင်ရှာဖွေကြရသည်မှာ ကောင်းစွာစားရဖို့ဖြစ်၏။ စားရာ၌ ဒေါသဖြစ်ခြင်း၊ စိတ်ညစ်ခြင်း၊ သောကကိစ္စအပူ ဟူသမျှကို ဖျောက်ဖျက်ကာ ပျော်ရွှင်သော စိတ်နှင့် ရယ်မောပြောဆိုရင်းစားရမည်။
“သတိမေ့လျော့ခြင်း”
သတိကင်းမဲ့ခြင်း၊ သတိမေ့လျော့တတ်ခြင်း၊ အလုပ်မလေးစားခြင်း၊ အလုပ်ကို ဂရုမစိုက်ခြင်းတို့သည် ကမ္ဘာလောက၌ ဆုံးရှုံးခြင်းတည်းဟူသော အကြောင်းတရားတွင် အကြီးဆုံးသော အကျိုးတရားဖြစ်လေသည်။
“ငါ နှင့် ငါ”
ငါသည် ငါ၏ အပေါင်းအသင်းဖြစ်၏။ ငါသည် ငါ၏ လမ်းပြဖြစ်၏၊ ငါသည် ငါ၏ ခိုကိုးရာဖြစ်၏။ ငါ့ကိုယ်ထက် မည်သူမျှ ငါ့ကိုမကယ်နိုင်၊ ငါ၏ ဦးနှောက်၊ စိတ်ဉာဏ် လက်ခြေတို့နှင့် လူဖြစ်လာ၏ ဟု အားစိုက်၍ ကြံချေက လုပ်ကိုင်ရန် လမ်းစလမ်းနများကို တွေ့မြင်လာစေ၏။
“ဝီရိယထုတ်၊ အထုပ်စု”
ဝီရိယကိုထုတ်၍လုပ်၊ ရသမျှကလေး စု၊ မကြာမီ အထုပ်ဖြစ်မည်။ အထုပ်မဖြစ်မီ ထုတ်၍ မပစ်နှင့်။
“ယဥ်ကျေးခြင်း”
အလုပ်အကိုင်၊ အရောင်းအဝယ်၌ ယဥ်ကျေးခြင်းသည် အထူးအရေးကြီးလေသည်။ ယဥ်ကျေးဖွယ်ရာခြင်း၊ သိမ်မွေ့နူးညံ့ခြင်းကို စိတ်ပျော့ခြင်း၊ ချွဲခြင်းဟု အချို့ မှတ်ထင်ကြသည်မှာ အမှားကြိးဖြစ်လေသည်။
“စကားနှင့် နား”
စကားကို နည်းနိုင်သမျှ နည်းစေ၍ နှုတ်ကိုပိတ်နိုင်သမျှ ပိတ်ကာ နားကိုဖွင့်နိုင်သမျှ ဖွင့်စေရာ၏။ သို့မှသာ ပညာရှိ လူလိမ္မာ ဖြစ်နိုင်လေသည်။
“အချိန်၏ တန်ဖိုး”
ပန်းပဲသမားသည် သံကိုမီးပူတုန်းမှာ ထုရာ၏။ အေးမှ ထုချေက အကျိုးမရှိချေ။ အိုးလုပ်သူသည် ရွှံပျော့တုန်းရိုက်ရာ၏။ မာမှ ရိုက်လျှင် ပန်းပွင့်ပန်းပြောက် မထင်သည်သာမက ကွဲဖို့သာရှိလေသည်။ အနာမခံက အသာမစံရ။
“အဖြစ်စိတ်”
အဖြစ်စိတ်၌ ငါးမျိုးသော အရေးကြီးသော အချက်များပါဝင်လေသည်။ ထိုအချက်ကြီးများအား
၁။ အကျိုးကို ဝေဖန်ခြင်း။
၂။ သေချာပြတ်သားစွာ တွေးကြံတတ်ခြင်း။
၃။ ချိန်ဆ၍ လုပ်ခြင်း။
၄။ စိတ်ကို ပြဌာန်းခြင်း။
၅။ ဝီရိယရှီခြင်း။
ဤ ငါးချက်ဖြစ်၏။ ထိုအချက်ကြီး ငါးချက်နှင့် မိမိမှာ ပြည့်စုံပါသလား ဟု နေ့စဥ်စဥ်းစားကာ ပြည့်စုံအောင် ကြိုးစားရမည်။
“ကြောက်ရွံခြင်း”
လောက၌ အကြီးဆ့ုးသော ရန်သူသည် အကြောက် ဖြစ်၏။ ကြောက်ရွံခြင်းသည် ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်၏။ အကြောက်ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသော အရာမရှိပေ။
“လူဖြစ်နည်းနှင့် တက်လမ်း” စာအုပ်မှ
“မှားသော လမ်းကိုပြန်”
အမှားကို ဆင်ခြေဖြင့် အမှန်မုလုပ်နှင့်။ မှားသောလမ်းကို ရောက်လျှင် မှန်သောလမ်းကို ပြန်ရမည်။
“စိတ်ကို ကြံ့ခိုင်အောင်ထား”
လောက၌ စိတ်ညစ်စရာ အကြောင်းကိစ္စအမျိုးမျိုးတို့မှာ လူမှန်သမျှ မလွတ်ကင်းပေ။ မိမိ၏ စိတ်ကိုကျောက်ဆောင်လို ထားနိုင်မှ မင်္ဂလာရှိသော အနိဌာရုံတို့ကိုခုခံနိုင်လေသည်။ သို့မဟုတ်ချေက အရေးမကြီးသော အကြောင်းကိစ္စကလေးတွေနှင့် ပတ်သက်၍ အမြဲ အမှောင်ကျလျက် နေတတ်လေသည်။
“အပူ”
အပူများသော သူသည် စိတ်အားတန်နိုးမရှိ၊ အကြံဉာဏ်ပျက်၏။ စိတ်၏ တန်ခိုးသတ္တိသည်လည်း ကင်းမဲ့လေသည်။ အပူသည် မှိုင်းကျပ်ခိုးနှင့် တူ၏။ အလင်းရောင်ကို မပေးချေ။ အလင်းရောင် မရက အကြံဉာဏ် မရှင်းလင်းဘဲ နေလိမ့်မည်။
“မြင့်မြတ်တည်ကြည်စိတ်ထားပါ”
ကြိးပွားအောင်မြင်လိုသော သူတို့၏ စိတ်၌ မြင့်မြတ်တည်ကြည်သော စိတ်ရင်းတစ်ခုကို ထားကာ အစဥ်သဖြင့် မည်သည့်လုပ်ငန်းမဆို ဆောင်ရွက်သွားလျှင် ကောင်းစွာ ထမြောက်အောင်မြင်လွယ်၏။ ထို မြင့်မြတ်တည်ကြည်သောစိတ်ကား အခြားမဟုတ်။ အမျိုးသား၏ အကျိုးကိုလည်းကောင်း၊ သဗ္ဗေသတ္တာ ဝေနေယျဟူသမျှတို့၏ အကျိုးကိုသော်လည်းကောင်း တစ်နည်းနည်းဖြင့် ဆောင်ရွက်ပေးနိုင်သော အခြေအနေကို ရောက်အောင် ကြိုးစားကြံစည် လုပ်ကိုင်ပေးပါမည်ဟူသော စိတ်ထားပင်ဖြစ်လေ၏။
“ ငြင်းခုံခြင်း”
အသေးအဖွဲအရေးမကြီးသော အရာကလေးများ၌ လျှော့၍ပေးခြင်းသည် အကြီးအကျယ်တို့ကို ရစေနိုင်လေသည်။ ထင်မြင်ချက်တစ်ခုခုနှင့် သူမှန်သည်၊ ငါမှန်သည် ငြင်းခုံခြင်းသည် မခံချင်သော စိတ်ကိုဖြစ်၏။ မခံချင်သော စိတ်ကို မည်သူမျှ မနှစ်လိုပေ။ သို့ဖြစ်လေရာ ငြင်းခုံခြင်းကို သူငယ်ချင်းနှစ်ယောက် အပျော်ငြင်းခြင်းမှတပါး ရှောင်ကြဥ်ရမည်။
ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်လေးအားပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်တောင်းလျက်...
#Yati
Keep Reading