Author's Profile Photo

မမြင့်( Ma Myint )

14/10/2024

သံယောဇဉ်တွယ်ခဲ့ရတဲ့ လ ☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

5 mins read
Education
Culture
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ
သံယောဇဉ်တွယ်ခဲ့ရတဲ့ လ
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️'s photo


"ဝါကျွတ်ဗျာလ် သူငယ်ချင်းပေါင်းသင်းရို့နန့် ထမဗေါင်း စားကတ်တေ ၊ ရွာလည်ဗျာလ် အုန်းသီးတောင်းကတ်တေ....."

ရခိုင်သီချင်းသံလေးက တိုးတိုးလေးညည်းနေရာမှ တဖြည်းဖြည်းကျယ်လာသည်။ဘုန်းကြီးကျောင်း၏ အမြင့်ဆုံးတစ်နေရာကလာသော အသံဖြစ်သည်။
အညို လက်ပတ်နာရီကို ငုံကြည့်လိုက်တော့ ညနေ ၆ နာရီ အတိအချိန်။ အညို့ဘေးက ဆရာမလေးက
"ဟင်း..."ဟု အသံထွက်ကာ မျက်လုံး အရောင်လက်သွားပြီး သွားတက်ကလေးများပေါ်အောင် ရယ်လိုက်သည်။

အညိုသည် အင်္ဂလိပ်စာ စေတနာ့ဆရာမအဖြစ် စာသင်ရန်အတွက် နယ်ရွာလေးတစ်ရွာကို ရောက်နေသည်မှာ တစ်လမပြည့်သေးပေ။

"ရိုးရိုး ဒီသီချင်းက ဘာအဓိပ္ပာယ်လဲ၊ အုန်းသီး လို့တော့ ကြားသလိုပဲ"

ရိုးရိုးသည် ရွာခံ ဖြစ်ပြီး အညိုနဲ့ အတူတူနေပေးသည့် ဆရာမလေးဖြစ်သည်။
အညို့ စကားကို ကြားတော့ ရိုးရိုးက ဝါးလက်စ ထမင်းကို မျိုချလိုက်ပြီး ရယ်ပြုံးကာ

" 'ဝါကျွတ်' ဆိုတာ သီတင်းကျွတ်ကို ပြောတာ အညိုရဲ့။ သီတင်းကျွတ် လပြည့်ညမှာ အပေါင်းအသင်းတွေနဲ့ အတူတူ ထမင်း ချက်စားမယ်၊ ရွာထဲ လျှောက်ပတ်ပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် အုန်းသီးတောင်းကြမယ် လို့ ဆိုထားတာ"

"ဪ... အုန်းသီးပဲ တောင်းရတာလား"

" အဲ့လိုတော့ မဟုတ်ဘူး ၊ ဒါပေမယ့် အုန်းပင်က အိမ်တိုင်လိုလို ရှိတယ်လေ"

" အဲ့လိုလား "

"တကယ်တော့ လိုချင်တာထက် ပျော်ချင်တာပေါ့၊ လပြည့်ညရဲ့ လရောင်အောက်မှာ သူငယ်ချင်းတွေနဲ့ ရွာထဲလျှောက်သွားကြတယ်၊ တစ်အိမ်ဝင် တစ်အိမ်ထွက် လူကြီးတွေကို ရှိခိုးကြတယ်၊ သူတို့က ..."

ရိုးရိုး စကားမဆုံးခင်မှာပဲ ရိုးရိုး၏ မောင်လေး ၉ နှစ်အရွယ်သည်
"အမေ ... အဖေ .. အဖွားဘယ်မှာလဲ၊ အဖွား"

ဟု အော်ကာ အိမ်ထဲ သောင်းကျန်းနေသဖြင့် ရိုးရိုးသည် ပြောနေသည့် စကားကို ရပ်ကာ

"ခဏနေပါဦး ဘာဖြစ်နေဝာလဲ"

"နောက်ကျတော့မယ်ဆိုပါမှ ၊
အဖွား... လာ မြန်မြန်ထိုင်"

ကလေးသည် မြေကြီးပေါ်တွင် ပုဆစ်တုပ်ထိုင်ပြီး အဖွားကို ရှိခိုးသည်။ အဖွားဖြစ်သူက ပီတိဖြာကာ ပြုံးလျက်

" ရော့ မုန့်ဖိုး "

ကလေးသည် အဖွားဖြစ်သူပေးသော မုန့်ဖိုးငွေကို တက်တက်ကြွကြွလှမ်းယူပြီးလျှင် မြန်မြန်ဆန်ဆန် ထသွားကာ အိမ်ရှေ့ကွပ်ပျစ်ပေါ်က အမေဖြစ်သူနှင့် အဖေဖြစ်သူကိုလည်း ရှိခိုးလေသည်။ ထို့နောက် အိမ်ရှေ့မှာ စောင့်နေသော သူ့အဖော်များထံ ပြေးသွားကာ ရွာထဲ ဝင်သွားလေသည်။

"ရိုးရိုး မျောက်ဥပြုတ်အိုးကို တစ်ခါတည်း ဒီကို ရွှေပေးအုံး"

"ဟုတ်"

ရိုးရိုးသည် မျောက်ဥပြုတ်အိုး ၃ အိုးလောက်ကို အဖွားဖြစ်သူ၏ အနီးကို ရွှေ့ပေးလိုက်သည်။
ခဏကြာတော့ ကလေးလေး အုပ်စုတစ်စု ဝင်လာသည်ကို တွေ့ရသည်။ ရိုးရိုးက

"အညို ဆီမီးသွားထွန်းရအောင်"

ဟုခေါ်သဖြင့် အညိုထွက်လာရသည်။ ခြံတံခါးဝမှ အိမ်ထဲကို အညိုလှမ်းကြည့်လိုက်တော့ ကုလားထိုင်ပေါ်က အဖွားက ကန်‌တော့‌နေသည့် ကလေးများကို မျောက်ဥပြုတ် ဝေပေးနေလေသည်။

လျှပ်စစ်မီး ကွက်ကျားကွက်ကျားရွာကလေးက နေရောင်အပျောက် လရောင်ပြူစ သီတင်းကျွတ်ညလေးမှာ စတင် အသက်ဝင်လာလေသည်။
လမ်း တစ်ဆစ်ချိုးကာ ဘုန်းကြီးကျောင်းကို ဘွားခနဲ မြင်လိုက်ရသည်မှာ တင့်တယ်လွန်းနေသည်။
ကျောင်းဝင်ဝကနေ လမ်း တစ်လျှောက်ရော၊ တောင်းကုန်းအမြင့်ကို တက်ရာ လှေကား တစ်လျှောက်ရော၊ ကျောင်းမှာ ရှိရှိသမျှ ဝရံတာမှာရော ဆီမီးများကို စနစ်တကျ ထွန်းထားကြသည်။ ကျောင်းရှေ့ ကွင်းပြင်ကျယ်တွင်လည်း ဗြောက်အိုး မီးရှူးများကို တစ်ဖောင်းဖောင်း ဖောက်နေကြသည်။

"ကိုတိုးကြီး ဒီနှစ်လည်း တော်တော်ကုန်တာပဲလား"

ရိုးရိုးက လူအုပ်ကြားထဲမှာ ‌ဗြောက်အိုးဖောက်နေသော လူလတ်ပိုင်း အမျိုးသားတစ်ယောက်ကို အသံကျယ်ကျယ်ဖြင့် လှမ်းနှုတ်ဆက်လိုက်သည်။ ထိုအခါ ထိုလူက

" ကုန်တာပေါ့ဟ ၊ ဒါပေမယ့် တန်ပါတယ်"
ဟု ပြန်ပြောလေသည်။ ထို့နောက် ဆက်လက်၍
တရွှီရွှီဖြင့် အပေါ်မှာ မီးပန်းကလေးများ အဆက်မပြတ် ဖြာထွက်အောင် မနားတမ်း အားထုတ်နေသည်။ ကလေး လူငယ် အများအပြားကလည်း ဝိုင်းဝန်း အားပေးနေကြသည်။

"သူက ရွာထဲက အကြီးဆုံး ကုန်စုံဆိုင်ပိုင်ရှင်လေ၊
နှစ်စဉ် သီတင်းကျွတ်လပြည့်ညတိုင်း အကောင်းဆုံး ဗြောက်အိုး‌တွေကို အပျော်အပါး ကလေးတွေနဲ့
လာလာ ဖောက်ပေးတာ သူ ဆိုင်စဖွင့်ကတည်းကပဲ အညိုရဲ့ "

"ဟုတ်လား ... ဒီ ဘုန်းကြီးကျောင်းမှာပဲ လာဖောက်တာလား "

" အင်း... ရိုးရိုးတို့ရဲ့ သီတင်းကျွတ်၊ တန်ဆောင်တိုင်တွေက ရွာဦးကျောင်းတို့ ၊ ရွာဦးစေတီတို့ က စုရပ်ဖြစ်နေတော့ အဲ့လိုနေရာမှာပဲ လူစည်သွားတာ။
တကယ်တော့ ကပွဲတွေပါ ပါတယ် အညိုရဲ့၊
ဒီနှစ်က အချိန်မရလို့ မစီစဉ်ဖြစ်တာ၊ ကပွဲပါရင် တော်တော် ပျော်ဖို့ကောင်းတာ"

"ဟုတ်လား၊ ဒါဆို အညို နောက်နှစ်အတွက်ပါ ရိုးရိုးတို့ရွာကို booking ယူထားရမယ် ထင်တယ်"

" ဟဲဟဲ ...
အညိုသာလာမယ်ဆိုရင် booking မလိုဘူး၊ auto ဝင်ခွင့်ရှိပြီးသား ...."

အညိုနှင့် ရိုးရိုး သဘောကျစွာပြုံးရင်း ကျောင်းထဲ လျှောက်ကြည့်နေကြသည်။ ကျယ်ဝန်းသော ကျောင်းဝင်းတစ်ခုလုံး စည်ကားသိုက်မြိုက်နေပါသည်။
ဆီမီး ဆက်လက် ထွန်းနေဆဲ လူများ ၊ ဓာတ်ပုံရိုက်နေကြသူများ ဖြင့် စည်ကားနေသည်မှာ အဆင်တန်ဆာ မပါတဲ့ ရိုးရှင်း
အညို သဘောကျနေသည်ကို မြင်၍ ရိုးရိုးက
" တစ်ရွာလုံး လာပြီး ထွန်းကြတာလေ"

"ရိုးရိုး အညို့ကို ဓာတ်ပုံရိုက်ပေးပါလား"

"ရတယ် အညို ၊ ရိုက်ပေးမယ်။"

ဒီမြင်ကွင်းကို အညို မှတ်တမ်းမယူခဲ့မိရင် နောင်တရလို့ ဆုံးမှာ မဟုတ်ပါဘူး။

" ဆရာမ ၊ ဆရာမ "
အညို စာသင်ရသည့် Grade 9 ကလေးများရောက်လာကာ အညို့နဲ့ ရိုးရိုးကို ကန်တော့ ကြသည်။ အညိုနဲ့ ရိုးရိုးက မုန့်ဖိုးပေးသောအခါ မယူဟု ငြင်းကြသည်။ သို့သော်လည်း ကလေးသဘာဝ တစ်ယောက်က ထမင်းပေါင်းချက်စားတဲ့အခါ သုံးလို့ရတာပေါ့ ဟု ပြောမှ အားနာနာနှင့် ယူကြသည်။

လပြည့်ည၏ လမင်းကြီးက ဝိုင်းစက်ကာ တောက်ပနေသည်။ ကြယ်ပေါင်းစုံတို့ကလည်း လပြည့်ည
မထွက်မနေရ အမိန့်ကျသကဲ့သို့ပင် များပြားလှသည်။
အ‌‌ဆောက်အအုံ ကြီးကြီးမားမား မရှိသော နေရာ၊
ဆူဆူညံညံ မရှိသော နေရာမှာ သာသော "လ" ။
လပြည့်ည မတိုင်မီ လခြမ်းသေးသေးလေးမှ တဖြည်းဖြည်း ဝိုင်းစက်ပြည့်ဖြိုးလာသည်ကို နေ့စဉ်နေ့တိုင်း မြင်ခဲ့ရလို့များလား မသိ။
အညို ဤ လပြည့်ည၏ လမင်းကြီးကို သံယောဇဉ်တွယ်မိပါသည်။
လပြည့်ရန် တစ်ပတ်အလိုက 'လ' ၊ ၅ ရက် အလိုက 'လ'၊ ၂ ရက် အလိုက 'လ' အစရှိသည့် လပုံသဏ္ဌာန်တိုင်းကို အညို မှတ်မိနေသည်။
ပြည့်ဖြိုးနေရာမှ တဖြည်းဖြည်း လပြည့်ကျော် ၃ ရက်ရဲ့ 'လ'၊ လပြည့်ကျော် တစ်ပတ်ရဲ့ 'လ' စသည်ဖြင့် ပဲ့ရွဲ့လာလျှင်လည်း အညို ဝမ်းနည်းနေအုံးမည်ထင်ပါသည်။


"ဆရာမ ဘိုဘိုတို့ မီးပုံးပျံ လွှတ်မလို့
ဟို ကွင်းထဲ ဆင်းရအောင်"

သူ့အိမ်ခေါ်နာမည် 'ဘိုဘို' ဖြစ်၍ ကိုယ့်ကိုကိုယ် 'ဘိုဘို'
ဟု သုံးနှုန်းတတ်ကာ စကားကို ဟာသနှောပြီး အများသဘောကျအောင် ပြောတတ်သော ကျောင်းသားလေး ဖြစ်သည်။

"ဆရာမ သားတို့ ကိုယ်တိုင် လုပ်ထားတာ"
ဟု နောက်တစ်ယောက်က ဝင်ပြောလိုက်သည်။

"ဟုတ်လား သားတို့က လုပ်တတ်လို့လား"

"လုပ်တတ်တာပေါ့ ဆရာမ
ပစ္စည်းစုံရှိရင် လုပ်လို့ရတယ်။"

ထိုကလေးအုပ်စုသည် သူတို့နှင့်အတူပါလာသော မီးပုံးပျံကို လွှတ်ရန်အဆင်သင့်ပြင်ကြသည်။ ရိုးရိုးနှင့် အညိုသည် မနီးမဝေးက ဖုန်းကိုယ်စီဖြင့် ဓာတ်ပုံရိုက်လိုက်၊ ဗွီဒီယိုရိုက်လိုက် လုပ်နေကြသည်။ စင်စစ်အားဖြင့်ကား ဓာတ်ပုံများတွင် လူရုပ်ဟူ၍ ထင်ထင်ရှားရှား မမြင်ရ။ ဘုန်းကြီးကျောင်း၌လည်း ပင်မ
အဆောက်အအုံများ လမ်းမီးများအပြင် အခြားမရှိသဖြင့် ဆီမီးအရောင်အောက်မှာ တစ်ယောက်နှင့် တစ်ယောက်မှတ်မိရုံသာ မြင်ရသည်။

"ဟိုဘက်က ကိုင်ပေးလေ"

"စောင်းနေပြီ သေချာကိုင်"

"အောက်က မီးကို သေချာမြှိုက်လေ"

အညို သူတို့ကို သဘောကျစွာဖြင့် ကြည့်နေမိသည်။
အားတက်သရော ဝိုင်းဝန်း၍ ပြင်ဆင်နေကြသည်ကိုလည်း ပီတိဖြာမိသည်။ ထို့နောက် တဖြည်းဖြည်း
သူတို့ မီးပုံးပျံ လွှတ်နေသည်ကို လူများ စုပြုံလာသည်။ အထူးသဖြင့် ကျောင်းဝန်းထဲက ဟိုဟိုဒီဒီ လျှောက်သွားနေသော ကလေးများ၊ ရွာထဲက လူလတ်ပိုင်းများကလည်း စုပြုံလာသည်။
ကျောင်းဝန်းထဲက ဆီမီးများလည်း တဖြည်းဖြည်း မီးငြိမ်းလာလေသည်။ ကျောင်းဝင်းတစ်ခုလုံး၏ အာရုံသည် သူတို့ဆီကို ရောက်လာ၍
ကွင်းပြင်ကျယ်ထဲတွင် လူစုလာလေသည်။
သိသူတတ်သူများက ဟိုတစ်ခွန်း ဒီတစ်ခွန်း အကြံပေးကြသည်။
မသိတတ်သော ကလေးငယ်များက မပျံနိုင်သေးသော မီးပုံးကို ကြည့်ကာ "ပျံ ပျံ" ဟု လက်ခုပ်တီး ခုန်ပေါက်နေကြသည်။

"ရပြီ ရပြီ"

"လွှတ် လွှတ်"

"နေအုံး ဖြည်းဖြည်း"

"ရပြီ"

"လွှတ်လိုက်တော့"

"ရေး... ရေး... "

"ရေး........... ဝါး............."

" ပျံတက်သွားပြီ"

မီးပုံးကြီး ပျံတက်သွားသော အခါ မီးမြှိုက်ပေးလိုက်ရသော သူ၊ ကိုင်ပေးလိုက်ရသောသူ၊ အကြံပေးလိုက်ရသော သူတို့သည် ရယ်မဆုံး၊ ပြောမဆုံး ဂုဏ်ယူမဆုံး၊ မီးပုံးကြီး ပျံသွားရာတစ်လျှောက် ၊ မီးပုံးကြီး မြင်ကွင်းက ပျောက်မသွားခင်အထိ ငေးကြည့်နေကြသည်။ အချို့က "လေ အရမ်း မတိုက်ပါစေနဲ့" ဟု ဆုတောင်းကြသည်။ လေကြမ်းရင် သူတို့ မီးပုံး အမြင်မရောက်ပဲ ပြန်ကျလာမှာစိုးလို့တဲ့။

"ဆရာမ တွေ့လား ဘိုဘိုတို့ လုပ်ထားတဲ့ မီးပုံး
တအားမြင့်သွားပြီ"

"အေးပါ သားတို့ တော်တယ်"

အညိုက တော်တယ် လို့ ချီးကျူး ကြောင့် သူ့သူငယ်ချင်းတွေကို လိုက်ပြောနေလေသည်။
ခဏကြာတော့ အညို ရိုးရိုးကို မတွေ့၍ လိုက်ရှာနေစဉ် ကျောင်းသူတစ်ဦးက လာမေးသည်။

"ဆရာမ ဆရာမရိုးရိုး ကို ရှာနေတာလား"

"အေး သမီး"

"ဆရာမရိုးရိုး ဟိုး အပေါ်မှာ စောင့်နေတယ်၊ ဆရာမကို ခေါ်ခိုင်းလိုက်တာ"

"ဟုတ်လား အေး သွားမယ်"

"ဟိုး ... အပေါ် " ဆိုတာက တကယ်တော့ တောင်ကုန်းမြင့်တစ်နေရာဖြစ်သည်။ ရိုးရိုးက ဒီအပေါ်ကို ဘာလာလုပ်ပါလိမ့် ဟု တွေးကာ အညို တက်သွားသည်။
အညိုရောက်သွားတော့ သစ်ငုတ်လေးတွေကို တန်းစီကာ ဖယောင်းတိုင်များ ထွန်းထားပြီး ဖျာ ၅ ချပ်လောက်ခင်းထားသည်။ ဖျာပေါ်တွင် ဇလုံဖြင့် ထည့်ထားသော လက်ဖက်သုပ်ပွဲကြီး တစ်ပွဲတွင် ဇွန်းတစ်ချောင်းသာ ထည့်ထားသည်။ ထို လက်ဖက်သုပ်ဇလုံကို ကလေး ၁၀ ယောက်လောက်က ဝိုင်း၍ ထိုင်နေကြသည်။ ထို့ပြင် စားပွဲခုံအသေးတစ်ခုတွင် ကြွေပန်းကန်ဖြင့် လက်ဖက်သုပ်နှစ်ပွဲ၊ ရေနွေးခွက် နှစ်ခွက်နှင့်
စတီးဓာတ်ဗူးကြီးတစ်ဗူး တင်ထားသည်။ အညိုသည် မထင်မှတ်ထားသော မြင်ကွင်းမှာ မှင်သက်နေစဉ်ထိုစားပွဲရှေ့တွင် ထိုင်နေ သော ရိုးရိုးက

"အညို လာလာ ၊ ဒါ ကလေးတွေ စီစဉ်ထားတာ"

ဟု ခေါ်သဖြင့် ရိုးရိုး နှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။

"ဆရာမလည်း ရောက်ပြီ ဆိုတော့ ငါတို့လည်း စားရအောင် ၊ လက်ဖက်သုပ်က စားချင်စရာကောင်းနေပြီ"

ဟု ကလေးတစ်ယောက်က သူတို့အချင်းချင်းပြောလိုက်သည်။ ထိုအခါ ရိုးရိုးက အညို့ကို ကြည့်ကာ

"အညို့ကို စောင့်နေတာလေ၊ အညို့ကို ရှာ မတွေ့လို့
သူတို့ မစားဘဲ နေနေတာ "

အညို ရင်ထဲထိသွားသည်မှာ အမှန်ပင်ဖြစ်သည်။
သူတို့ ပြင်ဆင်ပေးထားတာက လက်ဖက်သုပ်တစ်ပွဲဆိုပေမယ့် စေတနာ ပါသည်၊ ချစ်ခင်မှုပါသည်ကို အညို ခံစားမိသောကြောင့်ပင် ဖြစ်ပါသည်။
အညို လက်ဖက်သုပ်ကို ရေနွေးကြမ်းလေးဖြင့် ဝါးရင်း ဇလုံကို အလှည့်ကျယူကာ ‌ရေနွေးကြမ်းမပါဘဲ အားရပါးရ ပျော်ရွှင်စွာ စားနေကြသော သူတို့လေးတွေကို မေတ္တာထားရသည်မှာ ပီတီဖြာစရာကောင်းသည်ကို တွေးနေမိသည်။

တဖြည်းဖြည်း ဖယောင်းတိုင်းမီးလည်း ငြိမ်းသွားလေသည်။
ရွာထဲက အိမ်အများစုလည်း မီးငြိမ်းသွားလေပြီ။ သို့သော် လမင်းကြီးကား ထိန်ထိန်သာနေဆဲ၊
ပို၍ပင် အလင်းရောင်အားကောင်းလာသည်ဟုထင်ရသည်။
အညို လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်တော့ ၁၁ နာရီ အတိဖြစ်သည်။
ရိုးရိုးသည် စောစောအိပ်တတ်၍ ၁၀ နာရီလောက်ပင်ပြန်သွားသည်။ အညိုမှာ ကလေးများကို စောင့်ရင်း ကျန်နေခဲ့ခြင်းဖြစ်သည်။

"‌ဟိုမှာ... မီးပုံး တွေ့လား၊
ကလေးတွေ တန်းစီပြီးတော့"

"အင်း... အဲ့ဒါ ဘယ်ရွာကဖြစ်မလဲ"

"အဲ့ ထောင့်က ပြိုင်းချောင်းရွာ မလား"

"အင်း ဟုတ်မယ်"

"ငါ မနေ့က ကြားတာ ဝပြန်ရွာကလည်း လွှတ်မယ်တဲ့"

"၁ ၂ ၃ ၄ ၅ ၆ ၇ ခု၊
၇ ခုထဲမှာ ငါတို့လွှတ်တာ ဘယ်ဟာ ဖြစ်မလဲ"

"ဘယ်ဟာမှ မဟုတ်ဘူး၊ ငါတို့ဟာက တစ်နေရာရာမှာ ပြန်ကျနေလောက်ပြီ"

"မကျပါဘူး၊ ကောင်းကောင်း ပျံတက်သွားတာပဲကို"

အညို သူတို့ စကားဝိုင်းကို ဘေးကနေ နားထောင်ရင်း သူတို့တွေးသလို လိုက်တွေးတောနေခဲ့မိသည်။
............

"ပျော်ရွှင်စရာ သီတင်းကျွတ်လပြည့်နေ့လေးပါရှင့်
တီချယ်"
ဟုMessenger က စာတစ်ကြောင်း ဝင်လာသော အသံကြောင်း အညို့ အတွေးရပ်သွားသည်။

ဪ.... အညို ၂၀၁၈ ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်ညလေးကို အ‌တွေးနဲ့ အလည်တစ်ခေါက်ရောက်သွားတာပဲ။
၆ နှစ်တောင် ကြာ‌ခဲ့ပြီဖြစ်တဲ့ အမှတ်တရလေး။
တွေးမိတိုင်း အမြဲ ကြည်နူးရတဲ့ အခိုက်အတန့်လေးပါပဲ။.....

#ဝတ္ထုတို
#ကလောင်အမည် - မမြင့်








Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------