Naing Htoo Hlyan
" သာဓု သာဓု သာဓု ပါကွာ..
ငါ့တပည့်လာတောင်လာပါ့မလားလို့ .."
"လာရမှာပေါ့ ဆရာရယ် "
"ဆုပေးဦးလေ ဆရာရဲ့"
"ပေးပါ့မယ်ကွာ"
အားလပ်သည်ရှိသည်နှင့် ဆရာဦးထွန်းဝင်း အိမ်သို့သွားကာ ကန်တော့ဖြစ်သည်။ဆရာကား မြို့နယ်ပညာရေးမှူး အငြိမ်းစားဖြစ်သည်။ ကျွန်တော်တို့နှင့် မမှီ။ ကျွန်တော့်ဖခင်တို့ခေတ်က ဆရာတစ်ယောက်ဖြစ်သည်။ ပင်စင်စားလူပျိုကြီးတစ်ဦးလည်းဖြစ်သည်။ ဆရာနှင့် စာကြည့်တိုက်သွားရင်း ဆုံမိရာမှရင်းနှီးသွားခြင်းဖြစ်သည်။ လူပျိုကြီးအပူအပင်မရှိသည့်အလျောက် မြို့စာကြည့်တိုက်မှာသာ အချိန်ကုန်လေ့ရှိသည်။ စာပေလေ့လာလိုက်စားသူလည်းဖြစ်သည်။
"ဒီနေရာမှာ တစ်ခုသတိပေးရဦးမယ်ကွ။ မင်းတို့တွေက ကန်တော့ပြီးလို့ လူကြီးမိဘ ကဆုပေးရင် ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့ပြောကြတယ်။အဲ့လိုပြောတာမှားလားဆိုတော့ မမှားပါဘူး။ဒါပေမဲ့ သိပ်မလေးနက်ဘူးကွ။"
" ဒါဆိုလေးနက်အောင်ဘယ်လို ပြောရမလဲ ဆရာ"
" ပေးတဲ့ဆုနဲ့ပြည့်အောင်ကြိုးစားပါ့မယ် လို့ပေါ့ကွာ။ ပေးတဲ့ဆုနဲ့ပြည့်ပါစေ ဆိုရင် ပြည့်ပြည့် မပြည့်ပြည့်ဘာမှမဖြစ်ဘူး။ ပေးတဲ့ဆုနဲ့ပြည့်အောင် ကြိုးစားပါ့မယ် ကျတော့ လေးနက်တယ်။လူကြီးသူမက ဆုတောင်းပေးတာကို ကိုယ်ကပြည့်အောင်ကြိုးစားပါ့မယ်ပေါ့။ တို့ဗုဒ္ဓဘာသာမှာပဲကြည့် နိဗ္ဗာန်ကိုလိုချင်တယ်။ မဂ္ဂင်၈ပါးစတဲ့ တရားကျင့်ကြံအားထုတ်ကြတယ်။ ဒါကကျ ကိုယ်လုပ်မှကိုယ်ရတာကိုးကွ။"
"ဒီလိုပဲကွ ဆုတောင်းတွေပြောကြတယ်။ပြောတာကို ပြည့်အောင်ကိုယ်ကျိုးစားမှကိုယ်ရမှာမဟုတ်လား။ အလကားထိုင်ကန်တော့ပြီး ငါ့ကိုလူကြီးမိဘတွေက ကြီးပွားချမ်းသာသက်ရှည်ပါစေ ဆုပေးတယ် ဘာအလုပ်မှမလုပ်ဘူးကွာ ဆိုပြီး နေလို့ရမလား"
" ဘယ်လိုလုပ်ရမလဲဆရာရဲ့"
"အဲ့လိုပေါ့ကွ ခုငါပြောတာလေးက ပိုပြီးမလေးနက်ပေဘူးလား "
"ဟုတ်တယ်ဆရာ။ "
"ဒါနဲ့ မင်း ကိုအောင်သင်း ကိုသိတယ်မလား။"
"သိတာပေါ့ဆရာ။ စာပေလူကြမ်းမင်းသားရယ်လို့တောင် တင်စားခဲ့ပြီး လူငယ်တွေကိုနည်းလမ်းပြခဲ့သွားသူပဲ ဆရာ။"
"သူ့သွားကန်တော့ရင် သူပေးတဲ့ဆု ငါပြောပြမယ်။
ခုလိုကန်တော့ရတဲ့အကျိုးကြောင့် ကိုယ့်မိကိုယ့်ဖထက် တစ်ဆင့်မြင့်သော ကိုယ့်သားကိုယ့်သမီးကို ကိုယ့်ထက်မြင့်အောင့်မြှင့်တင်ပေးနိုင်သော သားကောင်းသမီးမြတ်ဖြစ်ပါစေတဲ့။ အဓိပ္ပာယ်မရှိပေဘူးလား။ "
"ရှိတာပေါ့ ဆရာ"
"သူ့စကားမှာပါတယ်နော် ကိုယ့်မိကိုယ့်ဖထက် တစ်ဆင့်မြင့်သော တဲ့ ကိုယ့်မိဘထက်ကိုယ်ကပိုတော်အောင်လုပ်ရမယ်လို့ပြောတာမဟုတ်ပေဘူးလား။ကိုယ့်မိဘကကျ တိုက်နဲ့ ကိုယ့်လက်ထက်ကျမှ တဲနဲ့ အဲ့လိုမဖြစ်ရဘူး။ နောက်ပြီး ကိုယ့်သားကိုယ့်သမီးကျ ကိုယ့်ထက်တော်အောင် ထပ်မြှင့်ပေးရမယ်ကွ။ဒါမှ မျိုးဆက်အဆင့်ဆင့်တက်သွားမှာ။"
" နားလည်ပါပြီဆရာ"
"ကိုင်း ကျောင်းဆရာဝါသနာမကုန်သေးတော့ စကားတောင်ရှည်သွား။ ဆရာအောင်သင်း စကားအတိုင်းပေါ့။ မင်း ဆရာနဲ့မသင်ခဲ့ရပေမဲ့ ဆရာတစ်ဆူလိုထားပြီးကန်တော့တဲ့အကျိုးအားကြောင့်
ကိုယ့်မိဘထက်တစ်ဆင့်မြင့်သော ကိုယ့်သားကိုယ့်သမီးကို ကိုယ့်ထက်မြင့်အောင်မြှင့်တင်ပေးနိုင်သော လူထူးလူမြတ်ဖြစ်ပါစေကွယ်။"
"ပေးတဲ့ဆုနဲ့ပြည့်အောင်ကြိုးပါ့မယ်ဆရာ "
"ဟား ..ဟား ..ကောင်းတယ်ကွာ။ကောင်းတယ်။ ငါလိုချင်တာအဲ့ဒါပဲကွ။"
ထိုသို့ကျွန်တော်ပြောပြီးနောက် ဆရာ့မျက်နှာ သည် ပုံမှန်ပြုံးသည်ထက် ပို၍ပြုံးနေကာ ရင်ထဲမှလာသောပီတိနှင့် ကြည်လင်သောမျက်နှာ၏အေးချမ်းမှုကိုပါ မြင်တွေ့လိုက်ရသည်။။
နိုင်ထူးလျံ
၁၃.၁၀.၂၀၂၄
Photo crd.
Keep Reading