Tin Oo Naung
"လူသားအားလုံး ဇာတ်လိုက် "ဆိုတဲ့စာအုပ်ဟာ နော်ဝေနိုင်ငံသား ကလေးစာပေရေးသားသူ Kristin Roskifte ရေးသားတဲ့ " Everybody Counts " ကို ဘာသာပြန်ထားတာပဲဖြစ်ပါတယ်။ ကလေးစာပေရေးသားသူဖြစ်တဲ့အပြင် ဒီစာအုပ်နဲ့ 2019 Nordic Council Children and Young People literature Prize နှင့် Visulet/Nordic Association မှ Visual Communication အတွက် 2019 မှာ Gold Award ရရှိခဲ့တဲ့ ကလေးစာပေကောင်း တအုပ်ဖြစ်ပါတယ်။
ဒီစာအုပ်လေးဟာ သုညမှ ခုနှစ်ဒဿမငါး ဘီလီယံသာမက ထို့ထက်ပိုများကောင်းများနိုင်သော ဇာတ်ကောင်တွေရဲ့ ဇာတ်လမ်းတွေနဲ့ပုံဖော်ထားတာ ဖြစ်ပါတယ်လို့ မူရင်းစာအုပ်မှာရေးသားထားပါတယ်။
" မျက်စိရှင်ရှင်ထားမှ လျှို့ဝှက်ချက်တွေကို တွေ့နိုင်မယ်နော် "လူတိုင်းရဲ့ မတူညီမှု ကိုယ့်ဘဝနဲ့ကိုယ် ကိုယ့်အမြင်နဲ့ကိုယ်မို့ လူတိုင်းဟာ ဇာတ်လိုက်တွေပဲဖြစ်ပါတယ်။
"စာအုပ်နောက်ဆုံးက လျှို့ဝှက်ချက် အနှစ်ချုပ်ကို ဖတ်ပြီးတဲ့အခါ စာမျက်နှာ(၁)ကနေ ပြန်ရှာကြည့်ရတာ ပျော်စရာကောင်းပါတယ်။ အဖြေတိုက်ကြည့်တဲ့အချိန်နဲ့ အစကနေအဆုံးဖတ်ကြည့်နေတဲ့အချိန် " ဘာတွေလဲ ဘာတွေလဲ "ဆိုတဲ့ ကိုယ့်ထင်မြင်ချက်တွေက တက်တက်စင်လွဲနေမှာဖြစ်ပေမယ့် အဲဒီလိုဖြစ်သွားတာကိုက မူရင်းစာရေးသူပေးချင်တဲ့အရာပဲ ဖြစ်နေပါတယ်။ " Everybody Counts "ဆိုတာ ကိုယ်မြင်လိုက်တဲ့အရာပေါ်မှာ ချဥ်းကပ်ပုံ ၊ တွေးပုံ၊ မြင့်ပုံ ၊ထင်ပုံတွေဟာ ထူးခြားနေခြင်း သီးခြားဖြစ်နေခြင်း တယောက်နဲ့တယောက် မတူညီခြင်းကို သိစေချင်တာပဲဖြစ်ပါတယ်။
ကျမအတွက်တော့ ဒီစာအုပ်ဟာ တချိန်တည်းမှာ အရိုးရှင်းဆုံးနဲ့ အရှုပ်ထွေးဆုံးကို ခံစားရပါတယ်။ ကလေးသေးသေးလေးတွေအတွက် ပျော်စရာ ရုပ်ပြစာအုပ်ဖြစ်သလို ကလေးကြီးတွေ ဖတ်ပြီးရင်တော့ မေမေဖေဖေတို့ရဲ့ ဥာဏ်ကြီးရှင်လေးတွေက သူတို့ဥာဏ်ကွန့်မြူးထားတဲ့ ဇာတ်လမ်းတွေကို အံ့ဖွယ် မထင်မှတ်တဲ့ရှုထောင့်ကနေ ပြောပြပါလိမ့်မယ်။ ကျမတို့ လူကြီးတွေအတွက်ကတော့ တအုပ်လုံးဖတ်ပြီး လျှို့ဝှက်ချက် အနှစ်ချုပ်ကိုဖတ်ရင်း အစအဆုံးတစိမ့်စိမ့်ပြန်ကြည့်ကာ " Amazing! " ဖြစ်နေရမှာပါပဲ။
စာအုပ်လေးကိုဖတ်ပြီး ဖေဖေမေမေတို့အနေနဲ့ ဥာဏ်ကြီးရှင်လေးတွေကို " လူသားအားလုံးဟာ ဆင်းရဲ၊ ချမ်းသာ၊ ကျား၊ မ ၊ဘာသာမရွေး မည်သူ့ကိုမျှ ဖယ်ကြဥ်တာ ၊ ချန်ထားတာ ၊ ရှောင်ဖယ်တာ ၊ ခွဲခြားဆက်ဆံတာတွေ မလုပ်ဖို့နဲ့ သူများရဲ့အမြင်( ခံစားချက် )ကို မလေးမစားလုပ်မိတာတွေ မဖြစ်စေဖို့ ပြောပြချင်လာပါလိမ့်မယ်။ ဥပမာ အနေနဲ့ဆို စာမျက်နှာ ၁၆ မှာပါတဲ့ " ပန်းခြံထဲမှာ လူ ဆယ့်ခြောက်ယောက် သစ်ပင်စိုက်နေကြတယ် ။ တယောက်ကဝင်မလုပ်တဲ့သူကို စိတ်ဆိုးနေတယ် "ဆိုတဲ့စာလေးကို ဖတ်မိတဲ့အခါမှာ လူအားလုံး သစ်ပင်စိုက်နေချိန်မှာ အဲဒီတယောက်က ဘာဖြစ်လို့လဲ ဆိုတဲ့အတွေးရစေပြီး ၊ စာမျက်နှာ ၃၀ မှာပါတဲ့ " မြက်ခင်းပေါ် လမ်းမလျှောက်ရ " ဆိုတဲ့စာ ရေးထားလျှက်နဲ့ လူတယောက်က ဘာလို့လမ်းလျှောက်နေတာပါလိမ့် ၊ စည်းကမ်းမလိုက်နာတဲ့လူလား ဆိုပြီး တွေးမိကောင်းတွေးမိနိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းမှာ အကြောင်းကိုယ်စီရှိနေကြပါတယ်။ လျှို့ဝှက်ချက်အနှစ်ချုပ်ကို ဖတ်ပြီးတဲ့အခါမှာတော့ " တချို့သောလူတွေဟာ အကူအညီကို ပိုပြီးလိုအပ်နေတယ် " ဆိုတာ ခံစားရမှာပဲဖြစ်ပါတယ်။ " မြက်ခင်းပေါ် လမ်းမလျှောက်ရ " ဆိုတာကို မျက်မမြင်တယောက်က လိုက်နာနိုင်ဖို့ဆိုရင် မျက်စိမြင်တဲ့ ကျမတို့ရဲ့အကူအညီ လိုအပ်တယ်မဟုတ်ပါလား။ကူညီပြီး လမ်းကို ပြောပြပေးလို့ရပါတယ်။ နောက်ပြီး လူတိုင်းရဲ့ အကြောင်းကိုယ်စီကိုမသိပဲ အပြစ်တင်တာ ခွဲခြားတာ ဖယ်ကြဥ်တာ တွေ အစောတလျင်မလုပ်မိဖို့ သတိရရမှာဖြစ်ပါတယ်။
အဲဒီတော့....တအုပ်လုံးကို မျက်စိရှင်ရှင်နဲ့ ဖတ်ပြီးတဲ့အခါမှာ ဥာဏ်ကြီးရှင်လေးတွေရဲ့ စိတ်ကူးတွေ၊ ဥာဏ်ကွန့်မြူးထားတဲ့ဇာတ်လမ်းတွေ မတူတဲ့အမြင်တွေက ခံစားရမယ့် အရာတွေကို တန်ဖိုးထားတာမို့ ဖေဖေမေမေ ကိုကိုမမ သူငယ်ချင်းတွေနဲ့ အမြင်တွေ ပုံပြင်လေးတွေ အပြန်အလှန် ပြောကြရအောင်နော်.....။
_ တင်ဦးနောင်
Keep Reading