၂၁ မျဉ်းစောင်း
နေ့သစ်တစ်ခုအစပြုပြီး အရှေ့ဘက်မိုးကုတ်စက်ဝိုင်းတစ်လျှောက် နေမင်းရဲ့အလင်းဓာတ်တွေ စတင်ဖြန့်ကျက်ချိန် နာရီအနေနဲ့ပြောရရင် မနက် ၄ နာရီလောက်ဆိုတာနဲ့ အိပ်ယာကထ လေ့ကျင့်ခန်းလုပ် ကိုယ်လက်သန့်စင်၊ ဘုရားဝတ်ပြုစတဲ့ တစ်နေ့တာရဲ့လုပ်ငန်းအထွေထွေကို လုပ်လေ့ရှိတဲ့ ကျွန်တော့်ရဲ့အဘ။
ဥပုသ်နေ့ကလွဲလို့ အချိန်မှန် မနက် ၅ နာရီဝန်းကျင်လောက်ဆို အိမ်ရှေ့ရောက်နေတတ်တဲ့ ပဲပြုတ်သည်အန်တီကြီးဆီက နေ့တိုင်း ပဲကတ္တီပါ(ပဲနီပြုတ်) ၂၀၀ ဖိုးဝယ်လေ့ရှိတဲ့ အဘက ပဲပြုတ်သည်အတွက်တော့ အမြဲတမ်းဖောက်သည်။ တစ်နပ်စာအတွက်လုံလောက်ရုံမက ပိုပါပိုသေးတဲ့ ပဲပြုတ်နီညိုညိုလေးတွေနဲ့ မနက်စာအတွက်ပဲစားမလား၊ နေ့လည်စာပါ စားချင်သေးလား တစ်ရက်တာအတွက် ဟင်းတစ်ခွက်ဖြစ်ခဲ့တဲ့ ပဲနီပြုတ်။
ပဲပြုတ်သည်နဲ့အဘအကြောင်းကို စပြောပြထားမှသာ အခုအချိန်မှာ ကျွန်တော့်ရဲ့လွမ်းချင်းကို ခင်ဗျားတို့နားလည်မှာ။ ငယ်ရွယ်စဥ်ကလေးဘဝကတည်းက မနက်စာအနေနဲ့ စားခဲ့ရတဲ့ အဘကိုယ်တိုင်နယ်ပေးတဲ့ ပဲနီပြုတ်နဲ့ထမင်း။ ဝယ်ထားတဲ့ပဲကတ္တီပါတွေကို ကြေနေအောင်ချေပြီး ထမင်းနဲ့ရောနယ်ထားတာလေးကို အပိုဟင်းဘာမှမလိုပါပဲနဲ့လည်း စားမြိန်ခဲ့တယ်။ ကြက်ဥကြော်နဲ့လည်း လိုက်ဖက်ခဲ့တယ်။ အကြော်ကို ဌာပနာထားပြီး လုပ်ထားတဲ့ ထမင်းဆုပ်လေးတွေကလဲ တစ်လုံးတစ်လုတ်နဲ့ ၇ လုံးလောက်စားလိုက်ရင် ဗိုက်ကားရပြီ။ အမှတ်တရတွေက တစ်ခါတလေ ခေါင်းထဲသူ့အလိုလိုဝင်လာတာ ဘာကြောင့်မှန်းမသိ။
အသက်အရွယ်ရလာတော့ မနက်ဆို ကော်ဖီခွက်ပဲစကိုင်ဖြစ်တော့တဲ့ ကျွန်တော်က အဘနဲ့တစ်အိမ်ထဲအတူနေနေပေမဲ့ ပိုပြီးဝေးသွားသလိုဖြစ်ခဲ့ရတယ်။ အဘကတော့ထုံးစံအတိုင်း မနက်ဆို ပဲပြုတ်သည်အလာကို စောင့်တယ်။ မနက်စာ၊ နေ့လည်စာ ဟင်းခွက်တွေထဲ ပဲနီပြုတ်တော့အမြဲပါတယ်။ ဘယ်တော့မှမပြောင်းလဲသွားမဲ့ တစ်နေ့တာရဲ့စတင်ပုံမှာ ပြောင်းလဲသွားတဲ့ မြေးဖြစ်သူရဲ့ ထမင်းဝိုင်းအတွင်း မပါဝင်ဖြစ်ခြင်းမှာ ပိုလာတဲ့အလုပ်တစ်ခုအနေနဲ့ကတော့ ကျွန်တော့်ကို မနက်စာစားဖို့ တိုက်တွန်းရခြင်းပဲ။
ရှိနေတုန်းမှာ တန်ဖိုးမထားခဲ့မိတာတွေက နောက်ပိုင်းအချိန်တွေမှာ နောင်တရစရာတွေချည်း ဖြစ်လာရတယ်။ လူလတ်ပိုင်းအရွယ်ရောက်လာတော့ အမိအိမ်ကိုစွန့်ခွာ၊ ချစ်တဲ့မြေကိုစွန့်ခွာနဲ့ တစ်နယ်တစ်ကျေးကို ပြောင်းရွေ့လာရတဲ့အခါ အဘနယ်ပေးတဲ့ ပဲနီပြုတ်လေးကိုလည်း လွမ်းတယ်။ အဘကိုလည်းလွမ်းတယ်။ ကိုယ်တိုင်ဝယ်ပြီးနယ်စားဖြစ်တဲ့ ပဲနီပြုတ်ဟာလည်း အတိတ်ကအဘကိုယ်တိုင် လုပ်ကျွေးတဲ့လက်ရာကို မမှီ၊ အရသာကပေါ့ပျက်ပျက်နဲ့ ဒီညတော့ အဘရဲ့မေတ္တာတွေကို သတိရမိတယ်။
#Journaling
Keep Reading