မောရိသျှ
အပြစ်ကင်းအောင်နေခြင်း။ ခြောက်ပြစ်ကင်းသဲလဲစင်နိုင်တာမရှိပါဘူး။ အပြစ်ကင်းစင်တဲ့ ရုပ်ဝတ္ထု၊ နာမ်တွေးမှု ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဘယ်အရာမဆို အပြစ်အနာအဆာ ရှိပါတယ်။ ဘယ်လောက်ပဲ ကောင်းအောင် လုပ်ထားပါစေ၊ အမှားတစ်ခုကြောင့် အပြစ်သင့်သွားနိုင်သလို၊ ဘယ်လောက်ပဲ အမှားတွေ လုပ်ထားပါစေ၊ အကောင်းတစ်ခု လုပ်ပြပြီး ဖုံးကာလိုက်လို့ ရပါတယ်။ အပြစ်ဆိုတာက ရှင်းသွားအောင် လုပ်လို့ မရပါဘူး။ ကင်းနိုင်သမျှ ကင်းအောင်သာ ရှောင်လို့ ရနိုင်တာမျိုးပါ။ အမှားနဲ့ မကင်းနိုင်မှုကို အခွင့်ကောင်းယူပြီး၊ ရိုးသားပြလိုက်ပါ။ အပြစ်မကင်းမှုကို ပွင့်လင်းပြပြီး ဇာတ်နာပြပါ။ ဒဏ်ရာဒဏ်ချက်ကို အကြောင်းပြပြီး ဂိလာနလုပ်ပြပါ။ မကောင်းတဲ့ အရာကိုတောင် ကောင်းတဲ့ အကျိုးဖြစ်ထွန်းအောင် လုပ်နိုင်ခြင်းက ဉာဏ်ပညာကြီးကဲမှုဖြစ်တယ်။ အပြစ်ကို အနှစ်ထွက်အောင် ညှစ်ယူပါ။ အမှားကို ဝန်ခံပြီး အမှန်ကို လိုလားကြောင်း သွေးဆောင်ပါ။ မကောင်းတာလုပ်ပြီး သူတော်ကောင်းဖြစ်ကြောင်း နေပြတတ်ရမယ်။
စိတ်ကူးယဉ်လွန်ခြင်း။ ပျော်ရွှင်ကျေနပ်နိုင်မှုဆိုတာ တွေးခေါ်မြော်မြင်တတ်မှုနဲ့ သက်ဆိုင်တယ်။ စိတ်ကူးယဉ်ခြင်းဆိုတာက စိတ်ခံစားချက်တွေကို လွတ်လပ်သွားအောင် ဖြန့်ကျက်လို့ ရနိုင်တဲ့ အတွေးနယ်ချဲ့မှုဖြစ်သလို၊ စိတ်ခံစားချက်တွေကို ညစ်နွမ်းသွားစေနိုင်တဲ့ အတွေးများစေမှုလည်းဖြစ်တယ်။ ကောင်းတာတွေ လုပ်ချင်စိတ်ပေါက်လာအောင် လှုံ့ဆော်ပေးနိုင်သလို၊ မကောင်းတာတွေ လုပ်ဖြစ်သွားအောင် စေ့ဆော်နိုင်စွမ်းလည်း ရှိတယ်။ သာမှန် အသိတရားနဲ့ ယှဉ်ပြီး စိတ်ကူးယဉ်လွန်တာကို ထိန်းချုပ်ပါ။ ဖြစ်သင့် မဖြစ်သင့်၊ တွေးသင့် မတွေးသင့်တာကို ရှိပြီးသား အသိစိတ်နဲ့တင် ဆုံးဖြတ်နိုင်တယ်။ ကိုယ့်အတွေးကြောင့် စိတ်ဒုက္ခအရောက်မခံနဲ့။ ပျော်အောင်နေချင်မှတော့ ပျော်စရာပဲ တွေးပါ။ စိတ်ဆင်းရဲစရာတွေ တွေးပြီး ပူပန်နေရမယ့်အစား၊ မတွေးမိအောင် နေလိုက်တာကမှ စိတ်ချမ်းသာနိုင်ပါဦးမယ်။ အမြော်အမြင်ရှိရှိ တွေးတောကြံဆပါ။ အတွေးကြောင့် သေတဲ့သူ မဖြစ်ပါစေနဲ့။
အရိပ်ပြရုံနဲ့အကောင်မြင်နိုင်ပါစေ။ အကြောင်းအချက် အနည်းငယ်လောက်နဲ့တင် သဘောပေါက်လွယ်တဲ့ အမြင်ကျယ်သူ ဖြစ်နေရမယ်။ အပြောလောက်နဲ့ အကြောင်းရင်းစုံကို သိမြင်နိုင်သူ ဖြစ်ရမယ်။ အသုံးအနှုန်း၊ လေသံအသွားအလာ၊ ပြောပုံဆိုပုံကနေ တဆင့် တဖက်သားရဲ့ စိတ်နေစိတ်ခံ၊ လိုအင်ဆန္ဒ၊ လျှို့ဝှက်ထားချက်တွေအဆုံး အားလုံးကို မြင်နိုင်ရမယ်။ ဖုံးကွယ်ထားတဲ့ ကန့်လန့်ကာနောက်ကွယ်အရာကို ဖော်စရာမလိုဘဲ၊ သဲလွန်စတွေကနေ တဆင့် မှန်းသိနိုင်သူ ဖြစ်ရမယ်။ စကားလုံးနည်းနည်းကြားရုံမျှလောက်နဲ့ ဆိုလိုရင်းကို သိနိုင်သူဖြစ်ရမယ်။ စိတ်ခံစားချက်ကို အပြောအဆိုကနေ တဆင့် မြင်အောင် ကြည့်တတ်နိုင်ရမယ်။ အမှန်တရားအချို့က ပြောလိုက်မှ သိနိုင်တာ မဟုတ်ဘူး။ မြင်တတ်ရင် သိနိုင်တယ်။
အားနည်းချက်ကိုမြင်တတ်ပါစေ။ စိတ်ခွန်အားကြီးသူဟာ တဖက်သားရဲ့ အားနည်းချက်ကို မြင်အောင်ကြည့်ပြီး သူတို့အပေါ် လွှမ်းမိုးနိုင်စွမ်းရှိတယ်။ လူတွေရဲ့ စိတ်ကို သိပါစေ။ အကြိုက်၊ မကြိုက်၊ အလိုက်၊ အနိုက်၊ အဖုံး၊ အကာ စသဖြင့် စိတ်သဘောဆန္ဒအားလုံးကို အမူအရာ၊ အပြောအဆို၊ အသွားအလာ၊ အစားအသောက်၊ စတဲ့ အလေ့အထတွေကနေ တဆင့် သဲလွန်စ ကောက်ယူတတ်ရမယ်။ လူမှန်ရင် မတူကွဲပြားတဲ့ ကိုယ်ရည်ကိုယ်သွေး အလေ့အကျင့်ကိုယ်ဆီ ရှိကြတယ်။ လေးစားစဖွယ် အကျင့်တွေ ဖြစ်နိုင်သလို၊ စက်ဆုပ်ဖို့ကောင်းလောက်တဲ့ အကျင့်ဆိုးတွေလည်း ဖြစ်နိုင်တယ်။ ဘယ်လိုအကြောင်းအချက်တွေနဲ့ဆိုရင် စိတ်ရူးထပေါက်ပြီး၊ မခံမရပ်ဖြစ်နိုင်သလဲ၊ စိတ်မလုံခြုံမှုတွေ များသွားနိုင်ပြီး၊ မလုံမလဲစိတ်နဲ့ လက်လျှော့လိုစိတ် ဖြစ်လွယ်သလဲ စသဖြင့် စိတ်အရင်းအမြစ်တွေကို တူးဖော်နိုင်ရမယ်။ စရိုက်ကို သိအောင်လုပ်ပါ။ အကျင့်ကို မြင်အောင်ကြည့်ပါ။ အလုပ်ကို ကွဲအောင် ခွဲပါ။ အတွေးကို အပြောကနေတဆင့် သိအောင် လုပ်ပါ။ ဒါဆိုရင် လုပ်စရာမလိုဘဲ အရေးကိစ္စဟူသမျှကို ပြီးစီးစေနိုင်တဲ့ အရှိန်အဝါရလိမ့်မယ်။
အရေအတွက်ထက် အရည်အသွေးက အရေးကြီးတယ်။ နည်းငယ်ရှားပါးသမျှ အရေးပါအရာရောက်ပြီး တန်ဖိုးကြီးကြတယ်။ ရလွယ်သလောက် များမြောင်ရင် ပေါလောတယ်။ လူကြီးရင် စိတ်သေးနုပ်တယ်။ လူငယ်သလောက် စိတ်ပေါက်လွယ်တယ်။ တချို့က အနှစ်မမြင်ဘဲ အကာလောက်နဲ့ တန်ဖိုးကြေးဖြတ်တတ်ကြတယ်။ အချိန်ကြာကြာ လုပ်နိုင်တိုင်း ကောင်းအောင် လုပ်တတ်တယ်လို့ မဆိုသလို၊ အချိန်တိုအတွင်း ပြီးပြတ်အောင် လုပ်တတ်တိုင်းလည်း တတ်ကျွမ်းတာ မဟုတ်ဘူး။ အရည်အသွေးရှိတဲ့ ရလဒ်ကောင်းထွက်အောင် အရည်အချင်းရှိရှိ လုပ်တတ်ကိုင်တတ်မှသာ တတ်ကျွမ်းပိုင်နိုင်မှု အစစ်ဖြစ်တယ်။
ဂုဏ်သိက္ခာကြောင့် လူသိများ ကျော်ကြားသူမဖြစ်စေနဲ့၊ အရည်အချင်းကြောင့်သာ အသိအမှတ်ပြုခံရသူ ဖြစ်ပါစေ။ မတည်မြဲ ပျက်စီးလွယ်တဲ့ အရင်းအမြစ်ကြောင့် အခြေတည်ရသူ မဖြစ်စေနဲ့။ ခိုင်မာတဲ့ အရည်အသွေးကြောင့် ကြံ့ခိုင်သူသာဖြစ်ပါစေ။ လူပေါင်းကြောင့် ကံတက်ပြီး လူ့ထက်လူဖြစ်ရတဲ့အပေါ် မသာယာမိစေနဲ့၊ စစ်ထွက်ရာ စစ်နိုင်အောင် တိုက်နိုင်လို့ သူရဲကောင်း သမုတ်ခံရတာမျိုးကိုမှ ကျေနပ်စွာ လက်ခံပါ။ မြင့်တိုင်း မမြတ်၊ မြတ်တိုင်း မမြင့်တာကို သိပါ။
#မောရိသျှ
⸻အလယ်ခေတ် စပိန်လူမျိုး အတွေးအခေါ်ပညာရှင် ဘယ်လ်တဆာ ဂရေသျှန်
Keep Reading