Author's Profile Photo

SarPhat Author

21/03/2024

Book Review

1 min read
Book Review
Book Review's photo

"နှစ်သစ်ကူးလက်ဆောင် အလွမ်းဖြင့်အနွေးဓာတ်ကိုဆောင်"

ဆရာမပျိုးက ပေးတဲ့ နှစ်သစ်ကူး စာအုပ်လက်ဆောင်လေး ရောက်ရှိလို့လာခဲ့ပါပြီ။ ဆရာမပျိုးရဲ့ လက်မှတ်ကလေးနဲ့မို့ ပိုပြီးတန်ဘိုးထားပါတယ်ဗျာ။ စာအုပ်ကလေးမှာ ကယန်းတိုင်းရင်းသားလေးအခူး မသေဘူးဆိုတာကို တွေ့လိုက်ရတယ်။ ဟတ်ပီးအန်းဒင်းနဲ့ပဲ ဇာတ်သိမ်းသွားပါတယ်။

ပထမဦးဆုံးတော့ ဆရာမရဲ့ စာအရေးအသားကို ချီးကျူးချင်ပါတယ်။ မြန်မာစာကို ချစ်ဖို့ကောင်းအောင် ရေးသားတတ်တယ်။ "အရမ်း" ဆိုတဲ့ အသုံးအနှုန်းကို သုံးမထားတာလည်း တွေ့ရပါတယ်။ အရမ်းလွမ်းတယ်။ အရမ်းချစ်တယ်။ ဆိုတဲ့ အသုံးအနှုန်း အရေးအသားမျိုး မတွေ့ရပါဘူး။

ဇာတ်လမ်းဘက်က ကြည့်ရတဲ့အခါ ပထမစာအုပ်နဲ့ ဇာတ်လမ်းဆက်ရာမှာ အတော်လေး သဘောတွေ့ပါတယ်။ ဇာတ်ကြောင်းလေးတွေကို တယောက်ကို တခန်းစီ ဖွဲ့သီထားပါတယ်။ ထင်ထားသလိုပဲ ကယန်းတိုင်းရင်းသားလေးအခူးက မသေပဲ တဖက်နိုင်ငံကို ရောက်သွားတယ်။ အခူးအမေ မုဝိုင် ခံစားခဲ့ရတာတွေ မြင်တွေရတော့ စိတ်ထဲမှာ ခံစားရတယ်။ လေဒီဖက်စ်လို့ ကြွေးကျော်နေပေမဲ့ အမျိုးသမီးတွေရဲ့ ဘဝက အမျိုးသားတွေရဲ့ အနောက်မှာပဲ ရှိနေသေးတာမျိုး၊ လူ့အခွင့်အရေးလို့ တဆာဆာအော်နေကြပေမယ့် တကယ်တမ်းကျတော့ ဗိုက်ဝအောင် ရုန်းကန်လှုပ်ရှားမှ မငတ်အောင် နေနိုင်တာမျိုး၊ မြန်မာဆိုရင် အိမ်နီးချင်းနိုင်ငံတွေက နှိမ်ချဆက်ဆံတာမျိုးတွေကို ကြားရတိုင်း ခံပြင်းတယ်။ အဆိုးရွားဆုံးက ကယန်းရွာဓလေ့ထုံးစံပဲ။ ဘာတဲ့...။ မုဒိန်းမှုဆိုရင် သူတို့အမြတ်တနိုး တန်ဘိုးထားတဲ့ ဖားစည်နဲ့ ကြေအေးပေးကြရတယ်တဲ့။ မိန်းကလေးဘဝတွေအတွက် နည်းနည်းမှ မတွေးခေါ်ပေးကြဘူး။ ကလေးမွေးပြီးသွားတဲ့ အခူးရဲ့အမေကို မီးခိုးတွေအူပြီး ပူလောင်လှတဲ့ မြေအိုးကို ခွပြီး မတ်တတ်ရပ်ထားခိုင်းတာဟာလည်း ဆေးသိပ္ပံပညာရှင်တွေအရတော့ လုပ်တာမှန်လား မှားလား မသိပါဘူး။ ဒါပေမယ့် ကျနော့အမြင်အရတော့ မလုပ်သင့်ဘူးလို့ထင်ပါတယ်။ သူ့မှာ ကလေးမွေးထားရလို့ နာကျင်ကိုက်ခဲ ပင်ပန်းနွမ်းနယ်နေတဲ့အချိန် အနားယူသင့်တယ်လို့ မြင်မိပါတယ်။

တခါ ကွာရှင်းပြတ်ဆဲကြတဲ့အခါ ခေါင်ရည်နဲ့ ဆားထုပ်ဖြည်ပြီး ကွာရှင်းမှုကို အထမြောက်စေတယ်တဲ့။ ဒါကလည်း သူတို့ ဓလေ့ထုံးစံလေ။ ကြက်ရိုးထိုးဗေဒင်လေးကတော့ ဘယ်အချိန်မေးမေး ၉၀% က မှန်တာများတယ်တဲ့။ ကျနော်တောင် မေးကြည့်ချင်တယ်။ ဘယ်တော့လောက် အိမ်ထောင်ကျမလဲလို့။ (ရယ်စရာပြောတာပါ)

အခူးတို့မိသားစု ပြန်ဆုံတဲ့ အခန်းလေးကတော့ မျက်ရည်ဝဲရပါတယ်။ ဘာပဲပြောပြော ပရိတ်သတ်တွေ မျှော်မှန်းထားတဲ့ ဟတ်ပီးအန်းဒင်းလေးနဲ့ ပြီးသွားတော့ အားလုံးအကြိုက်တွေ့ကြမယ်လို့ မျှော်လင့်မိပါတယ်။ ပြီးတော့ ဆရာမက စာရေးရာရော၊ သစ်ပင်ပန်းမံနှစ်သက်တာရော၊ ဟင်းချက်တာရောအပြင် သီချင်းတွေလည်း တော်တော်စုံစုံ ရကြောင်း ဒီစာအုပ်မှာ ပြသွားတယ်။ အချစ်သီချင်းရော၊ အလွမ်းရော၊ လင်းခေးအဝင်သီချင်းလေးတွေပါ ထည့်ရေးထားတာလေး တွေ့ရပါတယ်။ နောက်ထပ် နောက်ထပ် ရသမြောက်စာပေတွေ ရေးသားနိုင်ပါစေလို့ ဆုတောင်းဆန္ဒပြုလိုက်ရပါတယ်။ ။

ကိုမျိုး

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးအချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါမေတ္တာမဏ္ဍိုင်လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်ကော်ဖီတမ်းချင်း