Author's Profile Photo

ဇွဲ

9/10/2024

အဖေ့ကို လွမ်းဆွတ်ခြင်း

3 mins read
Life Style
General Knowledge
18 Again
အဖေ့ကို လွမ်းဆွတ်ခြင်း's photo

'' အဖေ ''
ကဗျာမဆန်လိုက်တဲ့ နာမ်စားလေးတစ်ခုပေါ့။ကဗျာမဆန်ပေမယ့် ခေါ်ကြည့်လိုက်ရင်တော့ လုံခြုံမှုအပြည့်အဝပေးနိုင်တဲ့ နာမ်စားလေး။အဲ့နာမ်စားလေးကို ခေါ်ခွင့်မရတော့တာလည်း အတော်ကြာခဲ့ပါပြီ။အဖေမရှိတဲ့မိသားစုက ခြံစည်းရိုးမရှိတဲ့အိမ်လို လုံခြုံမှုကင်းမဲ့လှတယ်။

ဟင်းကောင်းတွေချက်ကျွေးပြီး မုန့်ဖိုးတောင်းတိုင်း ထုတ်ပေးခဲ့တဲ့အမေက သားတို့ကိုပိုချစ်တယ်လို့ထင်ခဲ့မိတယ်။အမေချက်ကျွေးတဲ့ဟင်းတစ်ခွက်ကို အဖေ့ချွေးနဲ့ချက်ပြီး အဖေ့သွေးနဲ့ကျက်စေခဲ့တယ်ဆိုတာ သတိမထားခဲ့မိဘူး။'' ငါကြိုက်မယ့်ဟင်းတွေမချက်နဲ့ နင့်သားတွေကြိုက်မယ့်ဟင်းတွေချက် '' ဆိုတဲ့ အဖေ့မှာကြားသံကိုလည်း မကြားယောင်မိခဲ့ဘူး။အဖေ့ရဲ့ချစ်ခြင်းမေတ္တာတွေကို မမြင်မိပဲ အမေ့ကိုချစ်ကြောင်း၊အမေ့ကျေးဇူးကြီးမားကြောင်း ပြောသံတွေကြားတော့ အဖေ့ပုခုံးတွေအောင့်ကာ လက်ဖဝါးတွေက တဆစ်ဆစ်နာနေခဲ့လေမလား။

အဖေရှိနေစဥ်က '' ထမင်းဘယ်ကရ၊ထမင်းအိုးထဲရ '' ဆိုသလို မပူမပင်မကြောင့်မကျနေခဲ့ရပေမယ့်အဖေမရှိတော့တဲ့နောက်ပိုင်း ဝမ်းရေးအတွက်ရှာဖွေရတာ အတော်ပင်ပန်းတယ်။အဖေရှာကျွေးနေစဥ်ကတော့ '' အဖေ ပင်ပန်းနေပြီလား '' လို့ တစ်ခွန်းမမေးမိခဲ့ဘူး။အလုပ်ကအပြန် အရက်လေးနည်းနည်းပါးပါးသောက်ရင် '' ဘာလို့အရက်တွေသောက်နေရတာလဲ '' ဆိုတဲ့ သားသမီးတွေငြူဆူသံလေးကြားရင် '' အလုပ်ပင်ပန်းလို့ ဆေးဖြစ်ဝါးဖြစ် သောက်တာပါ သားတို့၊သမီးတို့ရယ် '' လို့ သွားဖြီးကြီးနဲ့အဖြေပေးခဲ့တဲ့အဖေ့ကို အရက်သောက်ချင်လို့ အကြောင်းပြတယ်ပဲထင်မိခဲ့တယ်။အဖေ အရမ်းဟန်ဆောင်ကောင်းခဲ့တယ်ဗျာ။အသက်ရှူရပ်မတပ်ပင်ပန်းနေတာတောင် သားသမီးတွေရှေ့မှာ အပြုံးမပြတ်နေပြခဲ့သေးတယ်။အရက်ကြိုက်တတ်တယ်လို့ ထင်မိခဲ့တဲ့အဖေက သားကိုတော့ အရက်ဆိုင်ထဲဘယ်တုန်းကမှ မခေါ်ခဲ့ဖူးဘူး။လမ်းကြုံလို့အရက်ဝင်ဝယ်ရင် အရက်ဆိုင်နဲ့အဝေးမှာထားခဲ့ပြီး အပြန်လမ်းမှာလည်း အရက်ရဲ့ဆိုးကျိုးတွေကိုပြောပြကာ အရက်မသောက်ဖို့အမြဲဆုံးမနေခဲ့တယ်။အဲ့ကတည်းက အဖေဟာအရက်ကိုကြိုက်လို့သောက်နေတာမဟုတ်ပဲ အလုပ်ပင်ပန်းမှုကြောင့်သာ သောက်နေရတယ်ဆိုတာ သားရိပ်မိခဲ့သင့်တာပေါ့။

မိသားစုထမင်းဝိုင်းတိုင်းမှာ ဝက်သားဆိုအဆီမှ၊ကြက်သားဆို အရိုးမှ အရသာရှိလှတယ်ဆိုပြီး အားရပါးရစားပြတတ်တဲ့အဖေက ဟင်းကောင်းသိပ်ကြိုက်တတ်တဲ့သူဆိုတာ အဖေမရှိတော့တဲ့အချိန်မှသိခဲ့ရတယ်။စောစောသာကြိုသိခဲ့ရင် အဖေ့ထမင်းပန်းကန်ထဲ အသားတုံးတွေမျှထည့်ပေးပြီး အဖေ့ထမင်းပန်းကန်ထဲက အဆီတုံးနဲ့အရိုးတွေကို သားတို့ယူစားခဲ့ကြမှာပေါ့။ထမင်းစားချိန်မှာအနစ်နာခံတတ်တဲ့အဖေဟာ သား၊သမီးတွေ မုန့်မျိုးစုံစားနေတဲ့အချိန်မှာလည်း '' အဖေက ရေနွေးကြမ်းနဲ့ဆေးလိပ်တိုပဲ ကြိုက်တာကွ '' လို့ ရယ်ပြောရင်း သားသမီးတွေကို ပီတိလွှမ်းတဲ့အပြုံးတွေနဲ့ငေးကြည့်နေတတ်တဲ့ အဖေ့မျက်ဝန်းတွေကို ဒီနေ့ထိအမှတ်ရနေတုန်းပါပဲ။

သားနေမကောင်းဖြစ်တဲ့အချိန်ဆို အဖေက သဲသဲလှုပ်ဂရုစိုက်ပေးခဲ့ပေမယ့် အဖေကျန်းမာရေးမကောင်းတဲ့အချိန်မှာတော့ ဂရုစိုက်ပေးရကောင်းမှန်းမသိ ဥပေက္ခာပြုပြီး '' အဖေသက်သာရဲ့လား '' ဆိုတဲ့ စကားလေးတစ်ခွန်းတောင်မမေးခဲ့မိလို့ နောင်တအကြီးအကျယ်ရနေပါပြီ။လိုချင်တာရှိမှ အဖေ့နားကပ်ခဲ့တဲ့ သားက အဖေမရှိတော့တဲ့အချိန်ရောက်မှ '' အဖေနဲ့အတူနေချင်လိုက်တာ '' ဆိုတဲ့စကားကို ငိုကြွေးရင်းပြောနေရပြီ။

အဖေရှိစဥ်တုန်းက သားကိုလမ်းမှားရောက်မှာစိုးလို့ အော်ငေါက်ဆုံးမတိုင်း သေချာနားမထောင်ခဲ့တဲ့ သားမိုက်က အခုတော့ အဖေ့ရဲ့ဆုံးမစကားတွေကြားချင်နေမိတယ်။ဒါပဲလားဆိုတော့၊ဘယ်ဟုတ်မလဲအဖေရာ။အရွယ်ရောက်ပါပြီဆိုကတည်းက မနမ်းရဲတော့တဲ့ အဖေ့ပါးပြင်ကိုလည်း လွမ်းဆွတ်မိပါတယ်။အဖေ့နှုတ်ခမ်းက အရက်နံ့၊ဆေးလိပ်နံ့တွေနဲ့ နှုတ်ခမ်းမွေးကြမ်းကြမ်းကြီးတွေကြောင့် အနမ်းခံဖို့ ရှောင်ဖယ်နေခဲ့တဲ့ သားရဲ့ပါးပြင်နှစ်ဖက်ကလည်း အဖေ့အနမ်းကို တမ်းတနေရပါပြီ။အဖေ့ပါးပြင်အစား အဖေ့ဓာတ်ပုံလေးကို နမ်းခွင့်ရနေသေးပေမယ့် အဖေ့ရဲ့အနမ်းကိုခံယူဖို့အခွင့်အရေးကတော့ သားတစ်သက်မရနိုင်တော့ဘူးအဖေ။

နေ့လယ်က နာမည်ကြီးလက်ဘက်ရည်ဆိုင်တစ်ခုရောက်တော့ အချိုဆုံးလက်ဘက်ရည်တစ်ခွက်ကို မှာသောက်ခဲ့ပေမယ့် ငယ်ငယ်က အောက်ခံပန်းကန်ပြားလေးထဲ ခွဲတိုက်ခဲ့တဲ့ အဖေ့လက်ဘက်ရည်လောက် မချိုမြိန်ခဲ့ဘူး။လက်ဘက်ရည်မှမဟုတ်ပါဘူးအဖေရာ။နေ့စဥ်ကြုံတွေ့နေရတဲ့ လောကဓံလှိုင်းတံပိုးတွေကလည်း အဖေရှိနေတုန်းကလောက် မညင်သာလေတော့ ရိုက်ခက်တဲ့လေငွေ့တွေကလည်း နှစ်သက်ဖွယ်မရှိတော့ဘူး။

ဒါပေမယ့် အဖေစိတ်မပူပါနဲ့။သားက အဖေမွေးထားတဲ့ အဖေ့သားပါ။အဖေက သားဘဝရဲ့ တစ်ဦးတည်းသော စံပြပုဂ္ဂိုလ်ပါ။အဖေက သားကို ပစ္စည်းဥစ္စာအမွေအများကြီးမပေးနိုင်ခဲ့ပေမယ့် အဖေ့ရဲ့ရိုးသားဖြောင့်မတ်တဲ့ပုံရိပ်ကို အမွေအဖြစ်ချန်ထားခဲ့တယ်။သွားလေရာအရပ်မှာ အဖေ့သားဆိုပြီး မျက်နှာပွင့်ခဲ့တယ်။စိတ်ချပါအဖေ။အဖေ့ရဲ့ '' ငါ့သား၊လူဆိုတာ ရိုးရိုးသားသားနဲ့ ဂုဏ်သိက္ခာရှိရှိရှင်သန်ဖို့လိုအပ်သလို၊သေရင်လည်း ဂုဏ်သိက္ခာရှိရှိသေနိုင်ဖို့လိုတယ်၊မင်းရဲ့လက်နှစ်ချောင်းကိုလည်း ဂရုစိုက်ရမယ်ကွ၊အဲ့လက်နှစ်ချောင်းဆိုတာ လက်မနဲ့လက်ညှိုးပဲ၊လောကမှာ ဂုဏ်သိက္ခာရှိရှိနဲ့ လက်မထောင်နေထိုင်နိုင်ဖို့လိုသလို၊လက်ညှိုးထိုးခိုင်းတတ်ဖို့လည်းလိုတယ်၊ဘယ်တော့မှ နောက်လိုက်စိတ်မမွေးနဲ့၊ခေါင်းဆောင်စိတ်မွေးပြီး ခေါင်းဆောင်လိုကျင့်ကြံ '' ဆိုတဲ့ ဆုံးမစကားကို အမြဲသတိရမှတ်သားထားပါတယ်။အဖေသေတဲ့အထိ မြတ်နိုးတန်ဖိုးထားခဲ့တဲ့ ရိုးသားမှုဂုဏ်သိက္ခာကို သားဆက်လက်ထိန်းသိမ်းပါ့မယ်လို့ကတိပေးပါတယ်။

အသက်တွေကြီး၊လက်တွေကနာ၊ပုခုံးမှာအသားမာတွေပြည့်အောင် ရှာဖွေကျွေးခဲ့တဲ့အဖေ့ကျေးဇူးကိုမမြင်မိခဲ့ပဲ မေတ္တာအရေခွံခပ်နွမ်းနွမ်းလေးသာ လွှမ်းခြုံပေးခဲ့မိလို့ တောင်းပန်ပါတယ်အဖေ။နောင်ဘဝဆိုတာရှိခဲ့ရင် သားတို့ပြန်ဆုံချင်ပါသေးတယ်။ဒီဘဝမှာ မဆပ်လိုက်ရတဲ့အဖေ့ကျေးဇူးတွေကို နောင်ဘဝမှာဆုံဖြစ်ခဲ့ကြရင် အတိုးရော၊အရင်းပါ ကျေအောင်ဆပ်ချင်ပါသေးတယ်။

'' လွမ်းတယ် အဖေ ''

စာရေးသူ - ဇွဲ
ဆောင်းပါးနံပါတ် (၁၂)
9/10/2024 (Wed)
#Photo Credit




Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)