Author's Profile Photo

Thoon Kari

6/10/2024

ကလေးဘဝ

1 min read
Life Style
General Knowledge
18 Again
ကလေးဘဝ's photo

ကလေးဘဝလို့ ကြားလိုက်တာနဲ့ ကျွန်မတို့ငယ်ငယ်က အမှတ်တရတွေ ပြန်ဝင်လာတတ်ပါတယ်။ လူတိုင်းဟာ ကလေးဘဝမှာ လူ​ကြီးမြန်မြန်ဖြစ်ချင်သလောက် တကယ်အသက်ကြီးလာတဲ့အခါ အပူအပင်ကင်းတဲ့ ကလေးဘဝကို ပြန်လည်လိုချင်မိကြပါတယ်။ ဒီဆောင်းပါးကို ဖတ်နေသူလေးက ဆယ်ကျော်သက်အရွယ် သို့မဟုတ် ကလေးဖြစ်မယ်ဆိုရင် မကုန်ဆုံးသေးတဲ့ ကလေးဘဝကို တန်ဖိုးထားဖို့ မှာကြားချင်ပါတယ်။

ဘဝအမောတွေ ခဏထားပြီး ကျွန်မတို့ ကလေးဘဝကို ခဏလောက် သွားကြရအောင်လားရှင်။အရာရာတော့ ပြန်မရတော့ပေမဲ့ အပြုံးတွေတော့ ​သယ်လာလို့ ရပါတယ်ရှင်။ စာဖတ်သူလေးတွေရဲ့ ငယ်ငယ်က အမှတ်တရတွေ ပြန်တွေးကြည့်ပါ။ သေချာပေါက်ပြုံးနေပါလိမ့်မယ်။ ကျွန်မတို့ ငယ်ငယ်က သူငယ်ချင်းတွေနဲ့အတူ မုန့်ဝယ်စားခဲ့တာလေးတွေ ရှိကြမှာပါ။ ပိုက်ဆံမလောက်လို့ တစ်ခါတလေ ရေပဲသောက်ခဲ့ရတဲ့အချိန်လေးတွေက အခုတော့ အမှတ်တရဖြစ်နေကြပါပြီ။ အုပ်စုလိုက် ပိုက်ဆံစုပြီး မုန့်အတူစားကြရင် နောက်ကျတဲ့သူခံရတာပါပဲ။ ညနေဘက်တွေ အတူတူဆော့ရတာလည်း အမော၊ အိမ်ပြန်နောက်ကျရင် အမေကဆူမှာကြောက်ရတာနဲ့ ဆော့ချင်သေးတဲ့စိတ်တွေကို အနိုင်ယူလိုက်ရတဲ့ အချိန်တွေ အခုတော့ပြန်မရနိုင်တော့ပါဘူး။

ကလေးဘဝလို့ပြောလိုက်တာနဲ့ ကျောင်းသားဘဝကိုလည်း မေ့လို့မရပါဘူး။ အိမ်စာမလုပ်လာလို့ အဆူခံရ အရိုက်ခံလည်း သူငယ်ချင်းတွေ တစ်အုပ်စုလုံးပါပဲ။ ဆရာ စာမေးရင် သူငယ်ချင်းတွေကို နောက်မှာပြောပြခိုင်းတာမျိုးကလည်း အခုချိန်မှာ အမှတ်တရပါပဲ။ စာမေးပွဲဖြေလည်း အဆော့မပျက်ဘဲ မုန့်စားကောင်းနေတဲ့ သူငယ်ချင်းတစ်သိုက်နဲ့ သက္ကရာဇ်တွေကို တစ်ခါတလေ လွမ်းမိကြတာပါပဲ။ ကျောင်းပြေးတာမကောင်းပေမဲ့ ကျောင်းသားဘဝတုန်းက အုပ်စုလိုက် ကျောင်းပြေးဖူးတာလည်း ရှိခဲ့ဖူးတာပါပဲ။ စာမေးရင် အလုအယက်မဖြေပေမဲ့ အမှိုက်တောင်းကိုတော့ အလုအယက်သွားပစ်ကြတာလည်း ရှိပြန်တယ်။

စာမေးပွဲဖြေမယ်ဆိုမှ အနီးကပ် အသားကုန်ကျက်ကြတဲ့ တစ်ခန်းလုံးရယ်၊ စာမေးပွဲမဖြေခင် အခန်းရှေ့မှာ စာအုပ်လေးကိုင်ပြီး အာပြဲနေအောင် အော်ကျက်ရတာရယ်၊ စာဖြေမှ မေ့သွားလို့ တိုင်ပတ်ရတာရယ် ရသအစုံအလင်ခံစားရတဲ့ အမှတ်တရတွေဟာ အခုထိကျွန်မတို့ နှလုံးသားထဲ ရှိပါသေးတယ်။ နောက်ဆုံးတန်းဆိုတာ ကျောင်းသားဘဝရဲ့ ဇာတ်လိုက်တစ်ခုပါ။ ဆရာတွေက တစ်ခါတလေ အထာသိလို့ နောက်ဆုံးတန်းက စပြီး စာမေးကြပါတယ်။ အတန်းထဲက အဆင့်(၁)ရတဲ့ စာရသူများတစ်သိုက်က ရှေ့ဆုံးတန်းကထိုင်ပြီး စာတွေကုန်းအော်သလောက် နောက်ဆုံးတန်းက ကိုယ်တော်ချောလေးများက ငိုက်ကြပါတယ်။ ငိုက်ရုံတင် အားမရသေးဘဲ မုန့်ခိုးစားကြတဲ့ အခိုက်အတန်းလေးတွေကို ကျောင်းသားဘဝကုန်ဆုံးလာတဲ့အခါ ပြန်လိုချင်မိကြပါတယ်။ အရိုက်ကြမ်းပါတယ်ဆိုတဲ့ ဆရာကြီးရဲ့ ကြိမ်လုံးလေးနဲ့ သူငယ်ချင်းလည်း ဖြစ်ခဲ့ဖူးကြမှာပါ။ အခုချိန်မှာတော့ သူငယ်ချင်းတွေနဲ့ ဆရာ၊ ဆရာမတွေကို သတိရနေမိကြမှာပါ။

ငယ်ဘဝမှာ မောင်နှမတွေရန်ဖြစ်ကြတာလေးတွေ မုန့်လုစားတာလေးတွေ မိသားစုလိုက်ခရီးသွားတာလေးတွေကလည်း အမှတ်တရပါပဲ။ မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်များနဲ့ ကလေးဘဝကအမှတ်တရတွေက ဖော်ပြလို့တောင် မကုန်နိုင်ပါဘူး။ လူကြီးတွေကို ကူလုပ်ပေးရင်း မလုပ်ဖူးတဲ့ အသစ်အဆန်းတွေတွေ့ရင် တက်ကြွနေတဲ့ ကလေးဘဝလေးက အပူအပင်ကင်းလှပါတယ်။

ကျွန်မတို့ ကလေးဘဝအကြောင်းရေးမယ်ဆိုရင် မကုန်နိုင်လောက်အောင် အမှတ်တရတွေများပါတယ်။ ခေတ်တစ်ခေတ်နဲ့ တစ်ခေတ်မတူညီတာကြောင့် အမှတ်တရတွေကလည်း ပုံစံအမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဘယ်ခေတ်က ကလေးဘဝပဲဖြစ်ဖြစ် လူတိုင်းကလေးဘဝကို အောက်မေ့မိကြတာပါပဲ။ ကျွန်မက ဒီဆောင်းပါးလေးထဲမှာ ကလေးဘဝရဲ့ အမှတ်တရတစ်ချို့ကိုပဲ ဖော်ပြထားပါတယ်ရှင်။ ဆောင်းပါးရေးရတဲ့ ရည်ရွယ်ချက်လေးဟာ စာဖတ်သူများ ဘဝအမောများကို ခဏထားခဲ့ပြီး ကလေးဘဝအမှတ်တရများဆီ ခဏတာပြန်လည်သွားပြီး အပြုံးတွေ ပြန်သယ်ဆောင်လာနိုင်စေဖို့ပါ။ ကျွန်မရည်ရွယ်ချက်လေးပြည့်ပြီး စာဖတ်သူလေးတွေ ပီတိတွေခံစားနိုင်ရန် မျှော်လင့်လျက်ဖြင့်...။ ။

#thoonkari
#sarphat

စာဖတ်သူလေးတွေ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေရှင်?


စာဖတ်သူတစ်ယောက်ချင်းစီ တစ်ယောက်ချင်းစီတိုင်းကို အစဉ်အမြဲ ကျေးဇူးတင်လျက်...

Keep Reading

အသစ်နှင့်အဟောင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ စာစောင်လေးဆယ့်နှစ် - မုဒိတာပွားခြင်းသူဟာလည်း ဖခင်ဘဝမှာလိုအပ်တာ တစ်ခုပဲတက်ညီလက်ညီ ပန်းတိုင်ဆီသို့