နေရောင်ခန့်
မြန်မာ့ရုပ်သေးသဘင်သည် ဘုရင်မင်းမြတ်တို့အတွက် အသုံးတော်ခံသဘင်ပညာအရပ်တစ်ခုဖြစ်ခဲ့လေသည်။ဘုရင်အဆက်ဆက်၏ မြှောက်စားမှုကြောင့်ရုပ်သေးသဘင်၏အရှိန်အဝါမှာထွန်းလင်းတောက်ပလျက်ရှိခဲ့ပေသည်။မြန်မာနိုင်ငံကိုဗြိတိသျှများကိုကျူးကျော်သိမ်းပိုက်လိုက်သောအခါ ရုပ်သေးသဘင်သာမက သဘင်ပညာရပ်အားလုံးချိုးနှိမ်ခံရသည်။အသိအမှတ်လည်းပြုမခံရတော့ချေ။ပါးစပ်ရာဇဝင်များအရ ထိုခေတ်အခါတွင်သဘင်ပညာရပ်ကို ကပြဖျော်ဖြေသူ၊အားပေးကြည့်ရှုသူ၊သင်ကြားပေးသူ နှင့် ပညာရပ်များကိုသင်ကြားသူများအားလိုက်လံဖမ်းဆီးအကျဉ်းချကြောင်း အစောပိုင်းကာလများတွင်ပါးစပ်ရာဇဝင်တွင်ခဲ့ဘူးလေသည်။ထို့နောက် ကြားသိရသည်မှာအဖမ်းဆီးများပပျောက်သွားသော်ငြားလည်းအင်္ဂလိပ်တို့ဘက်မှ သဘင်ဖျော်ဖြေခြင်းအားစည်းကမ်းတင်းကြပ်ထားနေစဲပင်။ထိုခေတ်အခါများတွင်သဘင်ပညာ၏ ရောင်ရိုန်ရောင်ဝါမှာ ကျဆင်းခဲ့လေသည်။
➡️ မြန်မာ့ရုပ်သေးဘယ်နှစ်မျိုးရှိလဲ
မြန်မာရုပ်သေးပညာရပ်တွင်ရုပ်ေသး ၂၈မျိုးရှိသည့်အနက်တဲ့ ၁၄မျိုးမှာအဓိကဖြစ်သည်။
ရုပ်သေးများမှာ
နတ်ကတော်ရုပ်၊
မြင်း၊
ဆင်၊
ကျား၊
ဆင်ထိန်း၊
ကုမ္ဘော ဘီလူး၊
ကုမ္ဘဏ်ဘီလူး၊
ကြက်တူရွေး၊
ငှက်ရုပ်၊
ဂဠုန်၊
နဂါး၊
ဇော်ဂျီ၊
သူဌေး၊
စုန်းမ၊
နတ်၊
နေရာထိုင်ခင်းအရုပ်၊
ရှင်ဘုရင်၊
ရွှေနန်းဆက်မိဖုရား၊
မင်းသားလတ်၊
မင်းသားနုရုပ်၊
မင်းသမီး၊
သံချိုလက်စွဲ၊
သံပျက်လက်စွဲ၊
မင်းကြီး သက်တော်ရှည်၊
ရွှေတိုက်ဝန်၊
ဝန်ထောက်၊
ဂုတ်ဝန်၊ (တစ်ခါတစ်ရံ) မြို့တော်ဝန်၊
ပုဏ္ဏား (တစ်ခါတစ်ရံ) ဆရာတော်ရုပ်
တို့ဖြစ်ပါသည်။
ရုပ်သေးဆိုတာကတော့ ခေါင်း ၊ ခြေ ၊လက် စသောအင်္ဂါအစိတ်ပိုင်းတို့ကို လူ့သဏ္ဌန် လူ့ဟန်အမူအရာ နှင့် ကပြနိုင်စေရန် စီမံပြုလုပ်ထားသော အရုပ်များဖြင့် ခင်းကျင်းကပြ ဖျော်ဖြေခြင်းပင်ဖြစ်သည်။
အရုပ်များကိုပြုလုပ်သောအခါ သစ်သားဖြင့်ပြုလုပ်ရပါသည်။ပြုလုပ်ပံုမှာတော့ သစ်သားဖြင့်ထုလုပ်ကာ လက်ဆစ် ခြေဆစ် နေရာများတွင် ပတ္တာဖြင့်သစ်သားတပ်ထားလေသည်။ဘယ်အရုပ်မဆို အင်္ဂါအစုံအလင် ထုလုပ်ရပါသည်။ ဆေးချယ်သည့်နေရာဝယ် မျက်လုံး မျက်ခုံး ပါးစပ် များကိုဂရုတစိုက်ခြယ်ရပါသည်။တစ်နေရာလွဲသွားပါက အရုပ်၏ဆိုလိုချက် လွဲသွားမည်ကို စိုးရိမ်သောကြောင့်ပင်။
➡️ ရုပ်သေးကပြခြင်း
ရုပ်သေးကိုကပြရာဝယ် အရုပ်၏နေရာထိုင်ခင်း ၊ကပြမည်သူ နှင့် အဝင်အထွက်တီးလုံးဆိုင်း ထိုအရာများမှာတော့အရေးကြီးပါသည်။နေရာထိုင်ခင်းမှာစ၍အရုပ်၏အဝင်မှာ အရေးကြီးသည်။ဥပမာအားဖြင့် ရသေ့ရုပ်ဝင်ပါက နောက်ခံတွင်တဲအိမ်ကလေး နှင့် ေတာတောင်ကိုခြံရံ၍ ဝင်ရပါသည်။ကပြမယ့်သူမှာလည်း အရေးကြီးပေသည်။အပြောအဆိုဖြင့် ရုပ်သေး၏ကပြပုံကိုပေါ်လွင်အောင်ဂရုတစိုက် ပြောရသည်ဟောရပေသည်။အချက်နှစ်ချက်ပြည့်စုံသော်ငြားလည်း နောက်ခံဆိုင်းမပါလျှင်ပေါ့ပျက်ပျက် ဖြစ်နေပေမည်။ဆိုင်းဝိုင်းတွင် အရုပ်များ၏အဝင်အထွက်ကပြကြသည့်နေရာ ဇာတ်ဝင်စကားလုံးများကိုပြောကြားကြသည့်နေရာတွင် ကြမ်းသည့်နေရာကြမ်း၍ အလိုက်သင့်လည်း တီးမှုတ်ရသည်။
➡️ ရုပ်သေးကပြပုံ
ရုပ်သေးကပြပုံမှာ ပထမပိုင်းတွင် ညဉ့်ဦးယံပွဲ ဖြစ်၍ လူစုသည့်အနေနှင့် လူငယ်များအကြိုက် ဟိမဝန္တာမှ မြင်း၊ မျောက်၊ ကျား၊ ဆင်၊ ဇော်ဂျီ စသည်တို့ကို ပွဲထုတ်လေသည်။ ဤပထမပိုင်းကို ဟိမဝန္တာခန်းဟုလည်း ခေါ်သည်။ မြန်မာတို့၏ ဇာတ်သဘင် အစဉ်အလာအရ မည်သည့် ဇာတ်ကိုကပြသည်ဖြစ်စေ ပထမတိုင်းပြည် တည်ရသည်။ ကမ္ဘာရှိမှလည်း တိုင်းပြည်တည်နိုင်သဖြင့် တိုင်းပြည်မတည်ခင် ကမ္ဘာတည်ပြဖို့ လိုသည်။ ကမ္ဘာတည်ပုံ ပျက်ပုံ ဗုဒ္ဓအယူဝါဒအရ ကမ္ဘာအသစ် ဖြစ်လာခါနီးတွင် ကမ္ဘာပြုမိုးကြီး ရွာ၍ ထိုအခါတွင် အာကာသတွင် ရေလောကဓာတ်ကြီး တည်လာကာ၊ ရေခြောက်သွားလျှင် မြေမျက်နှာပြင်သည် စည်မျက်နှာပြင်ကဲ့သို့ တစ်ညီတည်း ပေါ်ထွန်းလာသည်။ ထိုနောက် နေလနက္ခတ် ပေါ်လာ၍ ဥတုသမုဋ္ဌာန်ကြောင့် အနိမ့်အမြင့် ရှိလာပြီးလျှင် တောတောင်ရေမြေ ဖြစ်ပေါ်လာကြသည်။ မြင်းမိုရ် ဟိမဝန္တာတောတောင် ရေမြေသမုဒ္ဒရာတို့ ပေါ်ထွန်းလာသည်။ ထိုကြောင့် ကမ္ဘာကြီး တည်ပြသည့်အခန်းကိုထွင်ကာ လူလည်း စုရာရောက်၊ ကလေးများလည်း ဖျော်ဖြေရာ ကျစေရန် ကမ္ဘာတည် ပြီးနောက် ဟိမဝန္တာတောထဲတွင် ဘာသာဘာဝ ဟိမဝန္တာသူ၊ ဟိမဝန္တာသားတို့ ပျော်မြူးနေကြဟန်ကို ကလေးများအတွက် ပြသခြင်းဖြစ်၍ ဟိမဝန္တာခန်းဟု ခေါ်သည်။
ဦးစွာပထမ နတ်ကတော် (အပျိုတော်) ထွက်ပြီးလျှင် မြို့တော်ရှင်၊ နယ်တော်ရှင် ခေါ်သော နတ်ကြီးများကို ကန်တော့၍ ဆုမွန်ကောင်းတောင်းသော သီချင်းများ သီဆိုလျက် ဆိုင်းဝိုင်းကမူ နတ်ချင်းများကို တီးမှုတ်ပေးနေရလေသည်၊ နတ်ကတော်သည် အပျိုတော် ၁၂ ခန်းကုန်အောင် ကပြရသည်။
နတ်ကတော်ပြီးလျှင် မြင်းရုပ်ထွက်၏။ သဘောမှာ ကမ္ဘာဦးတွင် မြင်းခေါင်းသဏ္ဌာန်ရှိသော အဿဝဏီနက္ခတ် ပေါ်လာခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်ဟု ဆို၏။ ထိုမြင်းရုပ်ကို ပရိသတ်ဖက်သို့ ဦးခေါင်းလှည့်ကာ ဘေးတိုက်ထွက်စေရာ မြင်းတက် ယိုးဒယားစသော တီးလုံးသွားများဖြင့် ဆိုင်းချက်က ပို့ပေးရလေသည်။
မြင်း ဝင်ပြီးသော် မျောက်၊ ကျား၊ ဆင်၊ ဇော်ဂျီ စသည်တို့ အစဉ်အလိုက် ထွက်ကြရသည်။ ထိုသို့ ပထမပိုင်းအရုပ်များကို အစဉ်အလိုက် တီးကွက်၊ အမျိုးမျိုးသော ဆိုင်းချက်ဖြင့် စနစ်တကျ ပွဲထုတ်ပြီးနောက် ဒုတိယပိုင်းတွင်ကား တိုင်းပြည်တစ်ပြည်ကို တည်ရခြင်းသဘောထင်ရှားအောင် ဘုရင်နှင့် ဝန်ကြီးများ စထုတ်ရ၏။
ထိုအခန်းမှ စ၍ ပြလိုရာ ဇာတ်ကြောင်း ဖော်ရလေသည်။ ထိုနောက် မင်းသား၊ မင်းသမီး နှစ်ပါးသွားခန်းပြီးလျှင် နောက်ဆုံး ဇာတ်လမ်းအလျောက် လွမ်းခန်းဆွေးခန်းများကို ပြသကြသည်။
➡️ ရုပ်သေးသဘင်ပညာရှင်များ
အမရပူရနှင့် ရတနာပုံခေတ်တွင် ရုပ်သေးမင်းသား မင်းသမီးများအဖြစ် ကျော်ကြားခဲ့သူ အများအပြား ရှိခဲ့ရာ မင်းသားအဖြစ် ဦးသာပြော၊ ဆရာလှိုက်၊ ဦးအောင်တိုးတို့နှင့် မင်းသမီးများမှာ ဦးသာဇံ၊ ဦးချင်း တောင်၊ ဦးပါတူ၊ ဆရာမူ၊ ဆရာစံ၊ ဆရာမြှင်၊ ဆရာမြဲ၊ ဦးပန်းညိုတို့ ဖြစ်လေသည်။ သီပေါမင်း ပါတော်မူ ပြီးနောက်တွင်ကား မင်းသားဦးဖုန်းမို၊ ဦးလူထွား၊ ပုဂံသား၊ ဦးဘကျော့ (ဦးဘကျော်လည်းဟူ၏။) ဦးရွှေစင်၊ ပုဆိုးခြုံ ဦးရွှေလုံး၊ ဓားထိုးဦးညိုမှိုင်း၊ ချွဲဦးသစ်၊ ဦးကြီးပေါင်တန်း၊ ဦးအုံးခိုင်၊ ဆရာဉာာဏ်၊ ဦးသာဖန်၊ ဦးကြွယ်ကြီး၊ ပိဋကတ်ဆရာမောင်၊ ဆရာသျှန်၊ ဦးစိန်ခို၊ စံပယ်သက်၊ ဦးဘလွန်း၊ စံပယ်တင်တို့ ဖြစ်၍ မင်းသမီးများအဖြစ် ဆရာပု၊ ဦးရှမ်းဖြူ၊ ဦးပေါက်တူး၊ ဦးပေါက်ဆိန် တို့သည် ပရိသတ်နှုတ်ဖျားတွင် တင်ရှိလောက်အောင် စွမ်းဆောင်နိုင်ကြပေသည်။ အထူးသဖြင့် အပြောတွင် ဦးဖူးညို၊ အဆိုတွင် ဦးပုဟု ပြောစမှတ်ရလောက်အောင်ပင် ရုပ်သေးမင်းသမီး ဦးဖူးညိုနှင့် ဦးပုတို့သည် နာမည်ရသည့်ဘက်၌ ထူးခြားလှပေသည်။ ရုပ်သေးမင်းသမီး လုပ်သူသည် ရုပ်သေးမှာ အသံ၊ ဇာတ်မှာဟန် ဆိုသည့်အတိုင်း အသံကောင်းရန်နှင့် အပြောကောင်းရန် အရေးကြီးသည်။ ရှေးခေတ် ရုပ်သေးမင်းသား မင်းသမီးလုပ်သူများသည် အသံကောင်း၊ အပြော ကောင်းလှသဖြင့် အရုပ်ကလေးများက သရုပ်ဆောင်ကပြသည်ကိုပင် ပရိသတ်များ ငိုကြ ရယ်ကြရလေသည်။
မြန်မာရုပ်သေးတွင် ကြိုးဆွဲပညာသည် တန်ဖိုးအရှိဆုံးနှင့် အခက်ဆုံး ဖြစ်သည်။ သစ်သားရုပ်များကို လူအမူအရာနှင့် ပကတိတူအောင် သဘာဝကျနိုင်သမျှကျအောင် အရုပ်ကြိုးတပ်၍ ဆွဲရသည်။ ရုပ်သေးခေတ် ကောင်းစားခဲ့စဉ်က အပျိုတော်တွင် ကြိုး ၆ဝ ထက်မနည်း ရှိခဲ့ဖူးသည်ဟု ဆိုသည်။
အဆွဲခက်သည်မှာ ကြိုးနည်းပြီးလျှင် ဟန်များများဆွဲရသည့် ဇော်ဂျီရုပ် ဖြစ်သည်။ ဇော်ထွက်သည့်အခါ မင်းသမီး ကြိုးဆွဲသည် ဇော်ရုပ်ကို ဆွဲရသည်။ အပျိုတော်ရုပ်ကိုလည်း ထိုသူပင် ဆွဲရသည်။ ထိုကြောင့် အပျိုတော်ထွက်ကတည်းကဖြစ်စေ၊ ဇော်ထွက်ကတည်းက ဖြစ်စေ ရုပ်သေးစင်မှ မင်းသမီးကြိုးဆွဲ ကောင်းမကောင်းကို သိနိုင်သည်။ အတော်ဆုံးလူသာ ဇော်ရုပ်ကို ဆွဲရသဖြင့် ဇော်ဆွဲဆိုလျှင် လူတော် လူမော် အဓိပ္ပာယ် ရလေသည်။
ရုပ်သေးသဘင်သည် ယခုအခါမှာတော့ လူမေ့ခံပညာရပ်တစ်ခု အဖြစ်သာကျန်ရှိနေခဲ့သည်။ လူမေ့ခံဆိုသည့်နေရာ၌ ပြည်ပမှခရီးသွား များမှာအလွန်နှစ်ခြိုက်ကြသော်လည်း ပြည်တွင်းတွင် ဖော်ဖြေလျှင် သိပ်အားမပေးကြ။ဇာတ်သဘင်၏ အဆင့်အတန်းမှာ ကျွန်တော်တို့ကြောင့် နိမ့်ကျလျှက်ပင်ရှိနေလေသည်။စာဖတ်သူလေးတို့ကို ကျွန်တော်အပြစ်မဆိုလေ တိုင်းတစ်ပါး၏ယဉ်ကျေးမှုကို လွှမ်းမိုးခံထားရခြင်းကြောင့်သာဖြစ်ပေမည်။တစ်ပါး၏ ယဉ်ကျေးမှုကို လေးစား၍ကိုယ့်လူမျိုး၏ယဉ်ကျေးမှုကိုလည်း မမေ့လျော့သင်ရန် မှာကြားရင်း နိဂုံး ချုပ်အပ်ပါတယ်ခင်ဗျာ။
စာကြွင်း
ရုပ်သေးသာမက မြန်မာ့ယဉ်ကျေးမှုတို့ မြစ်ဖျားခံရာမြန်မာ့သဘင် ကိုလည်း တန်ဖိုးထားပါနော်။
စာဖတ်သူလေးက တကယ် မြန်မာ့အနုပညာကိုတန်ဖိုးထားရင်အောက်ကမေးခွန်းလေးကိုဖြေကြည့်ပါအုံး။
မြန်မာ့သဘင် သီချင်းဘယ်နှပုဒ်ရလဲ။
ဟုတ်ကဲ့
ကျွန်တော်တို့မရပါ အဲ့လိုပဲ ကျွန်တော်မရတာကြောင့် အခုပဲ မြန်မာ့သဘင်ကို မြင့်တင်ပေးတဲ့အနေနဲ့ ကျွန်တော်တို့ လူငယ်တွေ မြန်မာ့သဘင်ကို လေ့လာလိုက်ကြရအောင်လားခင်ဗျာ။
စာဖတ်သူတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်လျက်......
ရွက်သစ်?
ကိုးကား
https://my.m.wikipedia.org/wiki/%E1%80%9B%E1%80%AF%E1%80%95%E1%80%BA%E1%80%9E%E1%80%B1%E1%80%B8
https://www.google.com/amp/s/www.myanmoreplus.com/2020/11/%25E1%2580%2599%25E1%2580%25BC%25E1%2580%2594%25E1%2580%25BA%25E1%2580%2599%25E1%2580%25AC%25E1%2580%25B7%25E1%2580%25A1%25E1%2580%2596%25E1%2580%25AD%25E1%2580%25AF%25E1%2580%25B8%25E1%2580%2590%25E1%2580%2594%25E1%2580%25BA-%25E1%2580%259B%25E1%2580%25AF%25E1%2580%2595%25E1%2580%25BA%25E1%2580%259E%25E1%2580%25B1%25E1%2580%25B8/%3famp
https://www.google.com/amp/s/www.rfa.org/burmese/multimedia/myanmar-puppet-industry-10082023163527.html/ampRFA
စာဖတ်သူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်လျက်...✨
နေရောင်ခန့် ?
Keep Reading