Author's Profile Photo

ဂလယ်ရီဝိုင် (မာရိတ်)

30/09/2024

အမှတ်ရမိပါသော သီတင်းကျွတ်ညဝယ်

3 mins read
Life Style
General Knowledge
Parenting & Family
အမှတ်ရမိပါသော 
သီတင်းကျွတ်ညဝယ်'s photo





အော်......ဘာလိုလိုနဲ့ အချိန်တွေကလည်း တဖြည်းဖြည်းကုန်ဆုံးခဲ့တာ သီတင်းကျွတ်အခါသမယတောင် ရောက်တော့မည်တကား။သီတင်းကျွတ်လရောက်သည်ဆိုတာနှင့် ဆောင်းမြောက်လေကလည်း အချိန်အခါမှီ တိုက်ခတ်လာလေပြီ။ အေးမြသော ဆောင်းလေပြေရဲ့ အထိအတွေ့တွေက ကျွန်မရဲ့ အတိတ်အငွေ့အသက်ကို ဆွဲငင်ထုတ်လိုက်သလို ခံစားမိတယ်။ကျွန်မရဲ့ငယ်စဥ်ဘဝပုံရိပ်လေးများတဝိုးတဝါး မြင်ယောင်လာခဲ့တယ်။ပွင့်လင်းစွာပြောရလျှင် အလွန်တရာပင် ပျော်ရွှင်စရာကောင်းလှပေတယ်။တနည်းအားဖြင့် အခုလိုသီတင်း
ကျွတ်ပွဲတော်များရောက်ပြီဆိုလျှင် ပို၍တောင်ပျော်စရာကောင်းပါသေးတယ်။ ကျွန်မငယ်စဥ်တုန်းကဆို သီတင်းကျွတ်ပြီဟေ့ ဆိုတာနှင့် စိတ်ကအလိုလို ခုန်ပေါက်မြူးတူးနေမိတယ်။အကြောင်းအရင်းက
သီတင်းကျွတ်ရင် ဖိုးဖိုးဖွားဖွားတွေဆီ သွားရောက်ကန်တော့ပြီး ဆုံးမသြဝါဒစကားတွေနာခံကာ ကလေးသဘာဝအတိုင်း မုန့်ဖိုးလိုချင်တာရယ်
ကြောင့်ပဲဖြစ်တယ်။ပြီးရင်ရလာတဲ့ မုန့်ဖိုးတွေကနေ တစ်ဝက်ကို လိုအပ်တာတွေဝယ်ဖို့အတွက်စုထားပြီး
ကျန်တစ်ဝက်ကိုတော့ သီတင်းကျွတ်မှာ
သုံးဖို့ပဲဖြစ်တယ်။ကျွန်မမှတ်မိသမျှ ကျွန်မ
အသက်၁၁နှစ်လောက်ကထင်တယ်။အခုလို
သီတင်းကျွတ်အချိန်အခါလေးပေါ့။ပထမနှစ်ဝက်စာမေးပွဲပြီးပြီဆိုတော့ ကျောင်းတွေကလည်းပိတ်၊လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနဲ့ သီတင်းကျွတ်ပွဲတော်ကို ဆင်နွှဲဖို့ စိတ်အားထက်သန်နေခဲ့တယ်။သီတင်းမကျွတ်မီ နှစ်ရက်အလိုမှာ ကျွန်မရဲ့ တဝမ်းကွဲမောင်နှမတွေက နယ်ကနေ ကျွန်မတို့ဆီကို အလည်ရောက်လာကြတယ်။ကျွန်မမောင်နှမတွေကတွေ့ရချိန်အရမ်းနည်းတယ်။အခါကြီးရက်ကြီးဖြစ်တဲ့ ​သင်္ကြန်တို့ သီတင်းကျွတ်တို့မှ တွေ့ဖြစ်ကြတယ်။ ဒီလိုနဲ့ သီတင်းကျွတ်နေ့မြတ်အချိန်အခါကို
ရော​က်ရှိခဲ့တယ်။သီတင်းကျွတ်ပထမဆုံးနေ့လေးမှာ ကျွန်မတို့အိမ်မှာ စတုဒိသာကျွေးကြတယ်။အိမ်ရှေ့မှာ "မည်သူမဆိုလာရောက်စားသောက်နိုင်ပါသည်"ဆိုတဲ့စာပြားကြီးကို ချိတ်ဆွဲထားလိုက်တယ်။ရပ်နီးရပ်ဝေးကမိတ်ဆွေတွေကိုလည်းလာရောက်သုံးဆောင်ဖို့ ဖိတ်ခေါ်ထားတယ်။ညနေ၃နာရီလောက်မှာ စတုဒိသာစတင်ကျွေးမွေးကြတယ်။မထင်ထားလောက်အောင် လူတွေအများကြီးက လာရောက်သုံးဆောင်ကြတော့ ကျွန်မတို့တစ်မိသားစုလုံး သဒ္ဒါပီတိဖြစ်မိတယ်။ကျွန်မတို့ကလေးတစ်သိုက်ကလည်း ဝိုင်းဝန်းလုပ်ကူကြတယ်။ည၈နာရီမှာစတုဒိသာကျွေးတာပြီးသွားခဲ့တယ်။ဒီလိုနဲ့ သီတင်းကျွတ်နှစ်ရက်မြောက်နေ့ရောက်ရှိခဲ့တယ်။အဲနေ့မှာ ကျွန်မတို့မိသားစုတစ်တွေ ဘုရားပွဲ သွားဖို့ စီစဥ်ထားကြတယ်။ညနေ ၅နာရီလောက်မှာ အိမ်ကနေစထွက်လာခဲ့တယ်။ဘုရားပွဲရောက်တော့ည၆နာရီထိုးလုနီးပါးဖြစ်နေပြီ။
ဘုရားပွဲမှာ လူတွေအများကြီးနဲ့ပြည့်နှက်နေတယ်။အမေက လူအုပ်တွေများလွန်းတာကြောင့် ကျွန်မလက်ကို တင်းတင်းကြပ်ကြပ်ဆွဲကိုင်ထားခဲ့တယ်။ကျွန်မကတော့ ဘုရားပွဲကိုစရောက်ကတည်းက ပျော်လို့ရွှင်လို့။ကစားစရာအရုပ်ဆိုင်တွေ၊မုန့်ဆိုင်တွေ၊အထည်ဆိုင်တွေ၊မျက်လှည့်ရုံတွေ၊ရှိုးပွဲတွေ
ဇာတ်ပွဲတွေ စသည်ဖြင့် အမျိုးမျိုးတွေ့ရတယ်။ဒါပေမယ့် ကျွန်မကတော့ မွေးပွယုန်အရုပ်ကြီးကို မျက်စိရောက်နေခဲ့တယ်။ အရုပ်ကြီးကို လိုချင်စိတ်ကလွဲ၍ တခြားဘယ်မျှမမြင်မိတော့။ကျွန်မအကြောင်းသိသောအဖေက သမီးလေး "ဘာလိုချင်လို့လဲ"ဟုမေးလိုက်သောအခါ ကျွန်မချက်ချင်းပင် မတွေဝေနေတော့၊ကျွန်မလိုချင်သော မွေးပွယုန်ရုပ်ကြီးကို လက်ညိုးထိုးပြလိုက်တယ်။ဖေဖေက "သမီးလိုချင်ရင်ဖေဖေဝယ်ပေးမယ်"ပြောတော့ အမေက "အိမ်မာလဲ အရုပ်တွေအများကြီးရှိနေတာလေ သမီးကလည်းဘာလို့ ထပ်ဝယ်အုံးမှာလဲ"လို့ဝင်ပြောလိုက်တယ်။တဖန်အဖေက "သမီးကလိုချင်နေတာကိုး မေကြီးရယ် အပန်းကြီးတာမှမဟုတ်တာ ဝယ်ပေးရမှာပေါ့"ဟုပြောလိုက်တဲ့အခါ ကျွန်မမျက်နှာမှာ ရွှင်ပြုံးသွားလေ၏။ဒီလိုနဲ့ အဖေနဲ့ကျွန်မ အရုပ်ဆိုင်ကြီးရှိရာကိုသွားကာ အရုပ်ကို ဝယ်ဖို့လုပ်နေစဥ် ကျွန်မ၏နံဘေးက လူကြီးတစ်ဦး၏
ကလေးကလည်း ကျွန်မကြိုက်သောမွေးပွယုန်အရုပ်လေးကို ရရန်ပူဆာနေလေ၏။ အရုပ်ကို
စဝယ်သူမှာကျွန်မတို့ဖြစ်သော်​ငြားလည်း အဲကလေးကလည်းလိုချင်နေပြန်တော့ ကျွန်မအဖေက "သမီးရယ် အဲအရုပ်လေး မောင်လေးကို ပေးလိုက်ပါ အဖေတခြားအရုပ်လှလှလေးဝယ်ပေးမယ်"ဟု
ပြောလိုက်တယ်။ကျွန်မကတော့ တချက်ကလေး တွေဝေသွားတယ် ငါအရင်ဝယ်တာလေ ဘာလို့ပေးရမှာဆိုတဲ့ ကလေးသဘာဝ အဖြူရောင်အတ္တလေး ဖြစ်မိသွားတယ်။နောက်မှ အရင်ကအဖေအမြဲဆုံးမ
ခဲ့ဖူးတဲ့စကားလေးကို အမှတ်ရသွားတယ်။အဖေကကျွန်မကို အားတဲ့အခါတိုင်း"သမီးလောကကြီးမှာ သူတစ်ပါးစိတ်ချမ်းသာဖို့အတွက် အနစ်အနာခံပေးဆပ်ခြင်းက အမြတ်ဆုံးအလုပ်လို့"အမြဲပြောလေ့ရှိတယ်။အဲဒီစကားကြောင့် ကျွန်မရဲ့အတ္တဆန်တဲ့အတွေးကို ချေဖျက်လိုက်တယ်။ကျွန်မကြိုက်လွန်းတဲ့ အရုပ်လေးကို အဲဒီကလေးကို ကျေကျေနပ်နပ်ပေးလိုက်ပါတယ်။အဖေကလည်း ကျွန်မကို နောက်ထပ်အရုပ်လှလှလေးတစ်ရုပ်ဝယ်ပေးခဲ့တယ်။ပြီးတော့ အရုပ်ဆိုင်ကနေထွက်လာပြီး စျေးတန်းကြီးကိုဆက်လျှောက်သွားတယ်။ကျွန်မအဖွားကကျွန်မအတွက် အင်္ကျီလေးတစ်စုံ ဝယ်ပေးတော့ ကျွန်မအရမ်းပျော်မိတယ်။ဒီလိုနဲ့ လည်ပတ်စရာတွေလည်း ကုန်ပြီမို့ ဘုရားစျေးပွဲက​နေ မုခ်ဝဆီကို ပြန်လာကြတယ်။လမ်းမှာ မိုးပျံပူဖောင်းသည်တွေ့ပြန်တော့ အဖေကို လက်တို့ပြီး "ဖေဖေ သမီးကို
ပူဖောင်းလေးတစ်လုံးလောက်ဝယ်ပေးပါအုံး"လို့ပြောတဲ့အခါ အဖေကချက်ချင်းဆိုသလို ပူဖောင်းသည်ဆီသွားပြီးဝယ်ပေးတယ်။ပူဖောင်းသည်ဦးလေးကြီးက"ဘာအရုပ်ပုံစံလေးယူမှာလဲ"မေးတော့ ဟိုးထိပ်ဆုံးမှာချိတ်ထားတဲ့ အမွှေစိန်ရုပ်လေးကို ညွန်ပြလိုက်တယ်။ပူဖောင်းသည်ဦးလေးကြီး
ကကျွန်မလိုချင်တဲ့ အရုပ်ကိုယူပေးပြီး
အဖေကတော့ပိုက်ဆံရှင်းလိုက်တယ်။ကျွန်မကတော့လိုချင်တာတွေရတော့ ဆန္ဒတွေ
ပြည့်ဝပြီး ပြုံးလို့ရယ်လို့ပေါ့။ဒီလိုနဲ့ဘုရားပွဲကပြန်လာခဲ့ကြတယ်။ကျွန်မတို့တစ်တွေ
သီတင်းကျွတ်သုံးရက်စလုံးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ပါတယ်။သုံးရက်ဆိုတဲ့အချိန်ဟာတိုတောင်းသော်လည်း ကျွန်မအတွက် ပျော်ရွှင်မှုတွေကတော့သုံးဆလောက်ပင် ချိုမြိန်မှုပေးစွမ်းနိုင်ပါတယ်။

ဒါကတော့ ကျွန်မရဲ့ကလေးဘဝက သီတင်းကျွတ်အခါသမယလေးကို ဖြတ်သန်းခဲ့ပုံလေးပေါ့။လူတိုင်းမှာ ကလေးဘဝတုန်းက ကျွန်မလို ပျော်ရွှင်စရာအခိုက်အတန့်လေးတွေ ရှိကြမှာပါပဲ။ကျွန်မဘဝရဲ့ တစ်ချို့​သောကလေးဘဝပုံရိပ်လေးတွေကကျွန်မကို ပျော်ရွင်မှုအပြည့်အဝပေးစွမ်းနိုင်တယ်ဆိုတာကတော့ ကျွန်မအတိုင်းအတာမဲ့ ယုံကြည်မိပါတယ်။အခုရောက်ရှိလာမယ့်သီတင်းကျွတ်ကိုလည်း အနှစ်သာရရှိရှိဖြတ်သန်းချင်မိပါတယ်။


ဂလယ်ရီဝိုင် (မာရိတ်)

ဖတ်ရှုသူတစ်ဦးချင်းစီအား ချစ်ခင်လေးစားတန်ဖိုးထားပါလျက်






Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း