Author's Profile Photo

ပြာလဲ့ရီဝေ

30/09/2024

တောင့်ခံကြည့်တာပါပဲ

1 min read
Life Style
Personal Development
Health
တောင့်ခံကြည့်တာပါပဲ's photo

August လ အကုန်တုန်းကလည်း စိတ်ညစ်စရာတွေ ကျေနပ်စရာတချို့တွေ ပူးတွဲနေတဲ့အကြောင်းလေး ရေးခဲ့မိတယ်။ အခု မသိလိုက်ခင်မှာပဲ နောက်တစ်လ ကျော်ဖြတ်ခဲ့ပြန်ပါပြီ။ မသိလိုက်ခင်ဟု ဆိုသော်လည်း တစ်လတာ အတွင်းမှာ မိမိအပါအဝင် လူအများတို့ ဖြတ်သန်းမှု ပုံစံ အများကြီး ရှိခဲ့ကြမှာပါပဲ။ ပြန်စဉ်းစားကြည့်ရင် နှစ်မျိုးပဲ တွေ့ကြမယ် ထင်ပါသည်။ စိတ်ညစ်ညူးစေသည့်အရာများ နှင့် စိတ်ကို ရွှင်ကြည်နူးစေမည့် အရာများ။ ဤနှစ်မျိုးနှင့် ကျွန်မတို့သည် လုံးပန်းနေကြရသည်ထင်ပါသည်။ နိုင်ငံအရကြည့်လျှင်လည်း ရေဘေး၊ စစ်ဘေး စုဆုံသွားတဲ့ လတစ်လမို့ ပင်ပန်းစရာပါပဲ။ မိသားစုအရ ကြည့်မည်ဆိုလျှင်လည်း ကျွန်မအတွက် စိတ်မနှစ်မြို့ဖွယ်ရှိတဲ့လပါပဲ။ တစ်ကိုယ်ရည်အတွက်ကြည့်လည်း စိတ်ကြောင်ကြောင် လေးလေးနဲ့ စိတ်ထွေလေတဲ့ နေ့တွေ များတဲ့လပါပဲ။ အခုတော့ စိတ်ထွေစိတ်လေခဲ့တဲ့ နေ့များကို ပြန်လည် တွေးတောကြည့်သည့်အခါ ခံသာသွားပါတော့သည်။ ကြည်နူးစရာ လွမ်းစရာတောင် ဖြစ်ချင်ဖြစ်မိပါသည်။ ဘာဖြစ်လို့လည်းဆိုတော့ ကျော်လွန်ခဲ့လို့ ကျော်ဖြတ်နိုင်ခဲ့လို့ပေါ့။ ကျော်လွန်ပြီးမှသာ ဪ ဒါကို ကျော်ဖြတ်ခဲ့တာပါပဲလားဆိုပြီး ပြန်တွေးခံသာနိုင်တာပေါ့။ ကျော်ဖြတ်နိုင်ဖို့ ဘာလုပ်ခဲ့ရသလဲဆိုရင် တောင့်ခံရုံပါပဲ။တောင့်ခံမယ်။ ဆက်လုပ်မယ်။ ဆက်ပါဝင်မယ်။ ဆက်ကြိုးစားမယ်။ ရပ်တန့်မပစ်ဘူး။ ဘယ်လိုဖြစ်ဖြစ် တောင့်ခံရှေ့တိုးမှာပဲ။ ရွေ့ချင်ရွေ့ မရွေ့ချင်နေ၊ ကိုယ့်အနေနဲ့ကတော့ ဆက်တိုးနေမှာပဲ။ ဒီလို တောင့်ခံနေကြည့်လိုက်တာပါပဲ။ တောင့်နေရင်းနဲ့ပဲ အချိန်ကသယ်ခြင်းလား မပြောတက်၊ မမြဲသော သဘော၏ အကူအညီပဲလား မသိ။ ရွေ့လာပြီး ပြောင်းလဲခြင်းများ ဖြစ်ပေါ်လာတက်ပါသည်။

တောင့်ခံလိုက်ရင် လွန်မြောက်ပြီးသွားတာလားဆိုတော့ မဟုတ်ပြန်ဘူး။ တစ်ကျော့ပြီးတဲ့ သဘောပေါ့။ နောက်ထပ် လာဦးမယ်။ ဘယ်လိုတွေ စိတ်ဓာတ်ကျစရာတွေ လာမလဲ။ ဘယ်လိုတွေ စိတ်လေစိတ်ထွေစရာတွေ လာမလဲ။ ဘယ်လို ပျော်စရာများရော ရောက်လာနိုင်သလဲ။ အစုံကြုံဦးမှာပဲဆိုပြီး ကြိုတင်တွေးထားရတာပေါ့။ ကြိုတင်တွေးထားတဲ့အခါ တကယ် ကြုံရတဲ့အခါ ခံစားမှုအရှိန်ကို လျော့ကျစေပါသည်။

ဒီလအတွက် စိတ်ကြည်နူးစရာက သိပ်ပြီး ထူး မရှိပါဘူး။ ကြံဖန် Gratitude လုပ်ရမယ်ဆိုရင်တော့ ညီမလေးကို မွေးနေ့မှာ surprise လက်ဆောင်သေးသေးလေး တန်ဖိုးဘာမှ မရှိပမယ့် ပေးနိုင်ခဲ့တာ။ အမှတ်ရ ဂုဏ်ပြုလွှာ ကလေးတစ်ခု ရောက်လာခဲ့တာကတော့ စက်တင်ဘာလရဲ့ ကောင်းချီးပါပဲ။

အရင်ပိုစ့်မှာ ပြောခဲ့သလို ကိုယ်ချင်းစာတရားကြောင့် ဖြစ်ဖြစ်လာတက်တဲ့ Guilty ငွေ့ငွေ့လေးနဲ့ ရှေ့ဆက်နိုင်ဖို့ အသေးအမွှားလေးများကိုလည်း Gratitude လုပ်တက်ဖို့ ကြိုးစားရင်း ထိန်းညှိခံစားရင်း ကောင်းရာ မွန်ရာ ရည်ရွယ်ရာများဆီ ဆက်ကြိုးစားသွားပါ့မယ်။

ဘာကိစ္စတွေပဲရှိရှိ မကြုံဖူးသေးသော အနာဂတ်ကြီးကို ခံစားကြည့်ဖို့ ရှေ့ဆက်ကြပါစို့။

Keep Reading

အသစ်နှင့်အဟောင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ စာစောင်လေးဆယ့်နှစ် - မုဒိတာပွားခြင်းသူဟာလည်း ဖခင်ဘဝမှာလိုအပ်တာ တစ်ခုပဲ