Author's Profile Photo

ရွှေဥဒေါင်း

26/09/2024

အတ္တပရိစာဂခေါ် ကိုယ်ချင်းစာတရား (အပိုင်း - ၃)

1 min read
General Knowledge
Culture
Art
အတ္တပရိစာဂခေါ် ကိုယ်ချင်းစာတရား (အပိုင်း - ၃)'s photo

~ သာဓကတစ်ခု တင်ပြခြင်း ~
ဥပမာ “တရားကောင်း”ထားသည့် ကုန်စုံဆိုင်ရှင်တစ်ယောက် သို့မဟုတ် အင်ပို့လိုင်စင်သမားတစ်ယောက်သည် နို့မှုန့်ဘူးများကို သုံးကျပ်နှုန်းဖြင့် ဝယ်လှောင်ထားခဲ့သည်ဆိုအံ့။ တစ်လောက ပေါက်ဈေး တစ်ဆယ့်ငါးကျပ်နှုန်းဖြစ်သွားခဲ့ရာ ဆင်းရဲသား မိခင်တစ်ယောက်သည် သားအတွက် နို့ဘူးတစ်လုံးဝယ်ရာတွင် ငွေရှစ်ကျပ်မျှသာ ပါခဲ့သည်ဆိုအံ့။ အကြင်ကုန်စုံဆိုင်ရှင် သောတာပန်သည် ပေါက်ဈေးနှုန်းအတိုင်း မရသောကြောင့် ထိုမိန်းမအား နို့ဘူးမရောင်းလိုက်ဘဲ နေနိုင်သည်ဆိုအံ့။ ထိုသူသည် သီလဖောက်ဖျက်သည်ဟု စွပ်စွဲရန်မဖြစ်ချေ။ သို့သော် ကိုယ်ချင်းစာတရားကပ်သည်ဟု မယူဆနိုင်သောကြောင့် ကျွန်ုပ်အဖို့မှာ ထိုသို့သော အရိယာပုဂ္ဂိုလ်မျိုးအပေါ်၌ ဘယ်တော့မှ အထင်မကြီးချေ။ အရိယာပုဂ္ဂိုလ်သည် အရက်မသောက် လူမသတ်၊ မခိုးမတိုက်လျှင် တော်လောက်ပြီ၊ ကိုယ်ချင်းစာတရားတွေဘာတွေ မလိုတော့ဟု ပြောဝံ့သူရှိငြားအံ့ ကျွန်ုပ်လည်း ထိုသူအား ဗုဒ္ဓ၏တရားတော်ကို နာမည်ဖျက်သည်ဟု စွပ်စွဲရပေလိမ့်မည်။


~ ဂျင်တယ်လ်မင်း၏ အရည်အချင်း ~
အနောက်တိုင်းပြည်များ၌ ‘ဂျင်တယ်လ်မင်း’အစစ် (True Gentle-men) အလွန်ရှား၍ တစ်ယောက်တလေရှိသည့်အခါ “ဘုရားတစ်ဆူ ဂူတစ်လုံး’ အနေဖြင့် ဆည်းကပ်ခြင်း စာဖွဲ့၍ချီးကျူးခြင်း စသည်ဖြင့် လေးစားကြည်ညိုသမှုပြုကြလေသည်။ ကျွန်ုပ်သည် အဆိုပါ ဂျင်းတယ်လ်မင်းဆိုသူများနှင့်ပတ်သက်သည့် စာပေများကို အတော်ကြီး ဆည်းပူးလေ့လာခဲ့ဖူး၏။ အကြင်ပုဂ္ဂိုလ်မျိုး၏ အရေးအကြီးဆုံးသော အရည်အချင်းသည်ကား ကိုယ်ချင်းစာတရားကပ်ခြင်းပင် ဖြစ်သည်ဟု တွေ့ရ၏။ အနစ်နာခံစရာရှိလျှင် သူသာခံ၍ အခြားလူများကို
ထောက်ထားညှာတာတတ်၏။ မစားရသော ကလေးများကို သူ စားနေခိုက်တွင် မျက်စိအောက်၌မြင်လာလျှင် ဖဲ့၍ပေးတတ်၏။ ခွန်အားကြီးသော လူက ခွန်အားနည်းသောလူအား မတရားနှိပ်စက်လျှင် ခွန်အားနည်းသူဘက်မှ ကာကွယ်ပေး၏။ အနည်းဆုံး နှုတ်၏စောင်မခြင်းဖြစ်စေ ကူညီဖော်ရ၏။ သူတစ်ထူးဒုက္ခရောက်ခြင်းဖြင့် ရသောပစ္စည်းကို မစားရက်၊ မျိုမကျတတ်ချေ။ ဤသို့သော ပုဂ္ဂိုလ်သည် သာမန် ငါးပါးသီလသမားထက် မွန်မြတ်သည်မဟုတ်ပါလော။ တရားအားထုတ်၍ ပေါက်ရောက်ပြီးဆိုသူများသည် ‘ဂျင်တယ်လ်မင်း’ အဆင့်အတန်းကိုမျှ မမီကြလျှင် ဗုဒ္ဓ၏မွန်မြတ်သော တရားတော်ကို အသရေညှိုးမှိန်အောင် ပြုလုပ်ရာကျသည်ဟု စွပ်စွဲလိုက်ရသည်။


~ ကျွန်ုပ်၏ ယုံကြည်ချက် ~
တစ်ဖက်က ပြောကြပြန်သည်မှာကား အရိယာ (သောတာပန်)ဆိုလျှင် လူထဲသူထဲမှာပင် မနေနိုင်တော့သလောက် အထင်ရောက်တတ်ကြ၏။ သောတပန်ဟူသည် လောဘကိုမပယ်နိုင်သေးဆိုသော အထောက်အထားများကြောင့်
ဤအယူအဆသည် မမှန်ချေ။ ကာမဂုဏ်စည်းစိမ်ကို ခံစားချင်သေးသည်သာ ဖြစ်ရမည်။ သို့သော် သူတစ်ပါး၏ပစ္စည်းကို ခိုးဝှက်လုယက်ပြီး မယူချင်ရုံသာမက သူတစ်ပါးမျက်ရည်ကျမှ ကိုယ်ဝမ်းဝသော အလုပ်မျိုးလည်း မလုပ်နိုင်တော့ချေ။ ဤအခြင်းအရာသည်လည်း ကိုယ်ချင်းစာတရား၏ အကျိုးဆက်ပင်ဖြစ်၏။ အချို့တရားသမားကလည်း ကိုယ် မယူလျှင် သူတစ်ပါးယူမည်သာဖြစ်သည်ဆိုကာ ကိုယ့်ကိုယ်ကိုယ် လိမ်လည်ဖြားယောင်းခြင်းဖြင့် အမွှန်းတင်တတ်ကြ၏။ သို့ဆိုလျှင် သူတစ်ပါးထက်သာသော အချက်မရှိ။ သူတစ်ပါးနည်းတူ ဖြစ်နေတော့သည်။ လိုရင်းအချုပ်၌ လူ၏ကျင့်ဝတ်အပေါင်းတို့တွင် ကိုယ်ချင်းစာတရားထက် မွန်မြတ်သော တရားမရှိတော့ပြီဖြစ်ပေရကား မဂ်ပေါက်ဖိုလ်ရောက် အားထုတ်နိုင်ခြင်း မထုတ်နိုင်ခြင်းကို အပထား၍ ယုတ်စွအဆုံးအားဖြင့် ကိုယ်ချင်းစာတရားကပ်ဖို့ ကြိုးစားပါတော့မည်ဟူသော သန္နိဋ္ဌာန်တစ်ခုချမှတ်ကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသတည်း။


#ရွှေဥဒေါင်း
#အတ္တပရိစာဂခေါ် ကိုယ်ချင်းစာတရား

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းအဖေကို ဘာကြောင့်မုန်းတာလဲ