Author's Profile Photo

ရွှေဥဒေါင်း

20/09/2024

အတ္တပရိစာဂခေါ် ကိုယ်ချင်းစာတရား (အပိုင်း - ၂)

1 min read
General Knowledge
Culture
Art
အတ္တပရိစာဂခေါ် ကိုယ်ချင်းစာတရား (အပိုင်း - ၂) 's photo

~ ပင်ပန်းသူကို ညှာထိုက်ခြင်း ~
ယခု ကြီးပြင်းလာ၍ ကိုယ်ချင်းစာတရားကပ်လာသောအခါ၌မူကား စိတ်ထားတစ်မျိုး ပြောင်းလဲလာခဲ့ပါသည်။ ထိုစဉ်ကမူ မင်းကြီး၏အိတ်တဲမှ ပေးရသော ပိုက်ဆံပင်ဖြစ်စေ (မျက်နှာလုပ်ချင်သောကြောင့်မဟုတ်) နည်းလမ်း မကျဟုထင်သည့်အတွက်ကြောင့် ကူလီမှူးအပေါ်၌ ကပ်တီးကပ်သပ် လုပ်ခဲ့ဖူးသော်လည်း ယခုအခါ ကိုယ့်အိတ်ထဲမှ ပေးရခြင်းဖြစ်စေကာမူ သဘောထားပုံ ပြောင်းလဲလာခဲ့ပါပြီ။ ကူလီဆိုက်ကားသမား အစရှိသော အလုပ်ကြမ်းသမားများက မတန်တဆ တောင်းခံခြင်းနှင့်ကြုံရသည့်အခါ “ငါ့မှာ အရိပ်ထဲ၌ တစ်နာရီ ထိုင်ရေးလျှင် ဘယ်၍ဘယ်မျှ ရပါသည်။ ခမျာများမှာ နေပူထဲတွင် ခါးကုန်းပြီး နင်းပါမှ ဤ၍ဤမျှသာ တောင်းရှားသည်။ ပေးထိုက်ပါသည်”စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းကာ ထုတ်ပေးလိုက်သည်သာ များပါသည်။ ပင်ပမ်းကြီးစွာ အလုပ်မလုပ်ရဘဲ ခပ်ချောင်ချောင်နည်းဖြင့် အသက်မွေးခွင့်ရရှိသော စာဖတ်ပရိသတ်အားလည်း ဤနည်းအတူ နှလုံးသွင်းကြဖို့ တိုက်တွန်းပါသည်။ ထိုခမျာများမှာ မည်မျှပင် လောဘကြီး တောင်းသည်ဆိုသော်လည်း ခါးမလုံး ဝမ်းမတောင့်သူများ ဖြစ်ကြပါသည်။


~ နေရာတိုင်းအရေးကြီးသော သဘောတရား ~
နယ်ချဲ့သမားများသည် အခြားတိုင်းပြည်သားများအပေါ်၌ ကိုယ်ချင်းစာ တရားကပ်ကြပါမူ အနိုင်ကျင့်ကာ အတင်းအဓမ္မ တိုက်ခိုက်သိမ်းပိုက်ထားသည် ပြည်နယ်များကို အသာတကြည် ပြန်ပေးရာ၏။ အလုပ်ရှင်များသည် လုပ်သားများအပေါ်၌ ကိုယ်ချင်းစာတရားကပ်ကြပါမူ အလွန့်အလွန် လောဘမကြီးဘဲ ဝေစားမျှစားပြုကြရာ၏။ ဈေးသည်များသည် ဈေးဝယ်များအပေါ်၌ ကိုယ်ချင်းစာ တရားကပ်ကြပါမူ ကုန်သည်တွေကိုမရောင်းဘဲ သိုလှောင်ကာ ဈေးတက်အောင်ဖန်တီးပြီး အမြတ်ကြီး ညှစ်ထုတ်ယူခြင်း ဖဲပိုးကို ပိုးစစ်လုပ်၍ရောင်းခြင်း၊ အရည်မမီသော ရွှေထည်ကို အရောင်တင်၍ ရွှေကောင်းကြီးလုပ်ကာ ဝတ်ချင်လှရှာသော တောသူကလေးများအား လှည့်စား၍ရောင်းခြင်း၊ အလေးမမှန် တောင်းမမှန် ကိုယ်ပေတန် မမှန်သည့် အတိုင်းအထွာမျိုးဖြင့် လိမ်ရောင်းခြင်း၊ အသင်းအဖွဲ့များ၌ အပ်နှံသောငွေများကိုဖုံးခြင်း စသည်ဖြည့် ဧရာမနယ်ချဲ့သမားကြီးများမှသည် ခေါင်းရွက်ဈေးသည်များအထိ လိုက်နာကျင့်သုံးကြပါက ချမ်းသာပျော်မွေ့နိုင်လောက်သည့် လူလောကကြီးဖြစ်လာနိုင်လောက်သည်။ ကိုယ်ချင်းစာသူခိုးဓားပြများထက် လောဘတကြီးနှင့် သူဌေးဖြစ်ချင်လှသောကြောင့် လူထု
တရားသဘောအရ ဆုံးဖြတ်ရသော် ငတ်ပြတ်လှသောကြောင့် လုယက်ကြရသောအပေါ်မှ အဆီထုတ်ကြသော စီးပွားရေးသမားများ၏အပြစ်သည် ပိုမိုကြီးထွားသည်ဟု ဆိုရမလိုဖြစ်နေတော့သည်။


~ သူ့တရား သူစီရင်တတ်သည် ~
အတိုင်းတိုင်း အပြည်ပြည်သို့ လှမ်းမျှော်ကြည့်လိုက်သည့်အခါ ဘဏ်တိုက်များတွင် သုညတွေ တသီတန်းကြီးတိုးရသည့် ငွေများအပ်နှံထားနိုင်သော မီလျံနာသူဌေးကြီးများ၏ လောဘဇောတိုက်မှုကြောင့် အခြားတိုင်းပြည်များကို တိုက်ခိုက်သိမ်းပိုက်ထားကြသည့် နယ်ချဲ့စနစ်အောက်တွင် ဆင်းရဲသားတွေ ပြားပြားဝပ်နေကြရခြင်း စား၍မကုန် သောက်၍မခန်း အံ့ဩမခန်း များပြားလှသော တိုက်တာအဆောက်ဦများ ပိုင်ဆိုင်ထားကြပါလျက် ပစ္စည်းဥစ္စာ တိုးပွားသည်ထက် တိုးပွားအောင် အလုအယက် စုဆောင်းနေကြသည့် စီးပွားရေးသမားများ၏ လောဘကြောင့် လုပ်စားကိုင်စားများ အကြပ်အတည်းတွေ့ ရခြင်း၊ ရက်ရောစွာ သဘောထားနိုင်လောက်သည့် အထက်တန်းစား စီးပွားရေးသမားများက မညှာမတာ ပြုကျင့်မှုကြောင့် အောက်တန်းစား လူများမှာလည်း သူ့ ထက်ငါ စားခွက်လုရခြင်းဖြင့် လူ့လည်ပင်းကို ငါလှီးဆိုသလို ရက်စက်ကြရခြင်းများ ဖြစ်ပေါ်လာလေတော့သည်။
အကယ်၍ အင်တာနေရှင်နယ် သူဌေးကြီးများက “ငါတို့မှာ ကြွယ်ဝလှပါပြီ၊ သုံး၍လည်း မကုန်တော့ပါ၊ သူတစ်ပါးတိုင်းပြည်ကို နယ်မချဲ့တော့ပါ” ဟူ၍လည်းကောင်း၊ ပြည်တွင်း သူဌေးကြီးများကလည်း “ငါတို့အဖို့ လုံလောက်ပါပြီ၊ တိုက်တာတွေလည်း ပေါများလှပါပြီ၊ တိုက်လခမပေးနိုင်သော ဆင်းရဲသားများကို ငါ့တိုက်ထဲမှ မောင်းမထုတ်တော့ပါ။ ထမင်းအိုးမတည်နိုင် သဖြင့် မှိုင်နေသော အလုပ်သား အိမ်ထောင်သည်များအား ငါ လှောင်ထားသော
ဆန်ဂိုဒေါင်ထဲမှ ဆန်အိတ်လေးငါးဆယ် ထုတ်ဝေလိုက်ပါမည်”ဟူ၍လည်းကောင်းကိုယ်ချင်းစာတရားဖြင့် ကြင်နာစွာ စဉ်းစားတတ်သူ မရှိချေ။ ယခုလောကအခြေအနေမှာ ဆန်ရှား၍ ငတ်မွတ်ခေါင်းပါးသည့် ကပ်ကြီးဆိုက်လာလျှင် (အိန္ဒိယပြည်၌ ကမ္ဘာစစ်ကြီးအတွင်းက လုပ်ကြသည့်နည်းတူ) ထမင်းရည်ကြဲကြဲကြိုပြီး တစ်ပုလင်း ၁ဝ နှင့်ရောင်းကာ အမြတ်ထုတ်ချင်သည့် သူဌေးများသာ ပေါများလျက်ရှိလေသည်။ ဤသို့သော ကိုယ်ချင်းစာတရား ခေါင်းပါးမှုကြောင့် အတိုင်းတိုင်း အပြည်ပြည်တို့တွင် ထမင်းတစ်လုတ်ကို စိတ်ချလက်ချ မစားရသော အလုပ်သမား ဆင်းရဲသားများ၏ တော်လှန်ရေးများသည် မှိုပေါက်သလို ပေါ်ဆဲပေါ်လတ္တံ့ ဖြစ်နေရလေတော့သည်။
ခေတ်ကာလ လူများသည် သမီးကို လင်ပေးစားလိုသည့်အခါ ပစ္စည်းအခြေအနေကို ရှေးဦးစွာ ကြည့်လိုက်ပြီးနောက် အကျင့်စာရိတ္တနှင့်ပတ်သက်၍ “အသောက်အစား၊ အကစား”မရှိဆိုလျှင် တော်လောက်ပြီဟု ရွေးချယ်တတ်ကြ၏။ ကိုယ်ချင်းစာတရားကပ်သော လူတစ်ယောက် ဟုတ်ပါလေ၏လောဟူ၍ မူကား စစ်ဆေးရကောင်းမှန်း သိသူရှားပါးလှသည်။ လူတစ်ယောက်သည် အခြားအရည်အချင်းများနှင့် မည်မျှပင် ပြည့်စုံလှပါသည်ဆိုစေ ကိုယ်ချင်းစာတရားမကပ်လျှင် အဟုတ်တကယ် တန်ဖိုးရှိသူတစ်ယောက် မဖြစ်နိုင်ချေ။ ကြီးပွားချင်လည်း ကြီးပွားပေမည်။ သို့သော် ထိုသူ၏ ကြီးပွားခြင်းသည် အခြား လူများအား ဒုက္ခပေးခြင်းမျှသာဖြစ်နိုင်၏။ အထက်တွင်ဖော်ပြခဲ့သော ရွာတစ်ရွာ၌ ဗုဒ္ဓဟောတော်မူရာတွင် ကိုယ်ချင်းစာတရားကို အခြေတည်၍ ကျင့်ခြင်းဖြင့် သောတာပန်ဖြစ်လာနိုင်သည်ဟု နားလည်ရပေမည်။ သောတာပန် ပုဂ္ဂိုလ်သည် ကိုယ်ချင်းစာနာတတ်ရာမှာ သက္ကာယဒိဋ္ဌိ ပြုတ်ကွာသည်အထိ တက်လှမ်းရခြင်းဖြစ်၏။ သောတာပန်ဖြစ်လာသောအခါ အကြင်သူ၏ သက္ကာယဒိဋ္ဌိ ကွာခြင်း မကွာခြင်းကို သူ့ဟာသူ သိနိုင်ရမည်ဖြစ်သော်လည်း ကိုယ်ချင်းစာတရားကပ်ခြင်း မကပ်ခြင်းကိုမူ အခြားသူများက အကဲခတ်နိုင်သော ကိစ္စဖြစ်သင့်၏။ ဤခေတ်၌ သောတာပန်ဖြစ်အောင် တရားအားထုတ်ကြ၍ “တရားကောင်းသည်” (သောတာပန်ဖြစ်လာခဲ့ပြီ)ဟု ကိုယ့်ဟာကိုယ် ဝန်ခံကြသော ပုဂ္ဂိုလ်များရှိကြ၏။ ဝန်ကြီးချုပ် ဦးနုကိုယ်တိုင်က မြန်မာပြည်တွင် အရိယာတွေ ထောင်သောင်းချီပြီး ရှိနေပြီဟု သီဟိုဠ်၌ဖွင့်ပြောခဲ့ဖူး၏။ “တရားကောင်းခဲ့ပြီး”သော ပုဂ္ဂိုလ်များသည် ကိုယ့်ကိုယ်ကိုယ် စစ်ဆေးကြရာတွင် “ငါးပါးသီလ လုံခြုံကြ၏လော” ဟူသော စစ်တမ်းဖြင့် စစ်ဆေးလေ့ရှိကြ၏။ “တရားကောင်းခဲ့ပြီ”ဆိုသော ပုဂ္ဂိုလ်တစ်ဦးသည် ကိုယ့်ကိုယ်ကိုယ် သောတာပန်ဖြစ်ပြီထင်ရာမှ အမြတ်တော်ကြေး စာရင်းကို မှန်ကန်စွာ တင်မပြနိုင်သည့်အတွက်ကြောင့် ကိုယ့်ဟာကိုယ် သောတာပန်ဂုဏ်ထူးကို ဖြုတ်ချရခြင်းမျိုးလည်း ကြားရဖူး၏။ ကျွန်ုပ်၏အဖြစ်မှာ (အထက်ပါ ရွာသားများအား ဗုဒ္ဓဟောတော်မူချက် ထောက်ထားခြင်းအားဖြင့်) ကိုယ်ချင်းစာတရား ကပ်မကပ်လည်း စစ်ဆေးထိုက်သည်ဟု သဘောရ၏။ ပြောင်ပြောင်ကြီး ဖော်ထုတ်ရသော် ဤခေတ်၌ လူထုအပေါ်မှ အမြတ်ကြီးထုတ်ကာ စီးပွားလုပ်နေကြသော စီးပွားရေးသမားများသည် သမာအာဇီဝလည်း မဟုတ်နိုင်၊ ကိုယ်ချင်းစာတရားကပ်ရာလည်း မရောက်သောကြောင့် သောတာပန်အင်္ဂါနှင့် မညီညွတ်ဟု ရဲဝံ့စွာ ဆိုလိုက်ရသည်။



--- အပိုင်း (၃) ဆက်ရန် ---

#ရွှေဥဒေါင်း
#အတ္တပရိစာဂခေါ် ကိုယ်ချင်းစာတရား

Keep Reading

နည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"စကားချိုသာလျှင် လိုရာကိုရသည်"ဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအင်တာနက်နဲ့ လူနေမှုဘဝ လိုမှသုံးပါရှောင်တာက ကြောက်ခြင်းမဟုတ်