အောင်သင်း
ကျွန်တော်၏ နိဒါန်းက စိတ်မရှည်နိုင်လောက်အောင် ရှည်နေခဲ့ပြီ။
ကျွန်တော်တို့တိုင်းပြည် ကျွန်ဖြစ်ခဲ့ရသည်မှာ ကျွန်းကြောင့်ချည်းသက်သက် မဟုတ်၊ ပညာဗဟုသုတနိမ့်ကျသောကြောင့်လည်း ဖြစ်သည်။ အတိုချုပ်ရလျှင် ပညာနည်းခဲ့ခြင်းမှာ ပဓာ အကြောင်းရင်းကြီးဖြစ်သည်ဟုပင် ဆိုချင်ပါသည်။
ပညာပျိုးခင်းနှင့် ကျွန်းပျိုးခင်းကလည်း ခပ်ဆင်ဆင်။
ကျွန်းပျိုးခင်းကလည်း “ခုရေတွင်းတူး ခုရေကြည်သောက်” လုပ်ငန်းမျိုး မဟုတ်သကဲ့သို့ ပညာရေးပျိုးခင်းကလည်း ဒီနေ့စိုက် နောက်နေ့အသီး စားရသည် မဟုတ်။
နိုင်ငံတော်အစိုးရ၏ သုံးစွဲငွေများတွင် ရေထဲချလိုက်သလို “ပလုံ” မြည်ရုံသာ မြည်သော ဌာနတွေ့ရှိသည်။ ကျန်းမာရေးဌာန၊ ကယ်ဆယ်ရေးဌာန ဆိုတာမျိုးတွေဖြစ်သည်။ သစ်တောရေးဌာန၊ ပညာရေးဌာနများကိုလည်း ထို “ပလုံ” စာရင်းသွင်းကြသည်။ သို့သော် ရေရှည်အကျိုးကျေးဇူးကို မျှော်ကိုးပြီး အစွမ်းကုန် ငွေကြေးမြှုပ်နှံကြရသည်။
ကျွန်းစိုက်ခင်းနှင့် ပညာပျိုးခင်း ခပ်ဆင်ဆင်ဟု ဆိုခဲ့ပါသည်။
မြန်မာပြည်သို့ ဒုတိယကမ္ဘာစစ်ကြီးဝင်လာတော့ စာသင်ကျောင်းတွေ အကုန်ပိတ်လိုက်ရတော့သည်။ ခဏတစ်ဖြုတ်မဟုတ်၊ စစ်ကာလတစ်လျှောက်လုံးဆိုလောက်အောင် ပိတ်ထားခဲ့ရသည်။
ကျောင်းတွေကိုသာ ပိတ်ထားလိုက်လို့ရသည်။ “အရွယ်” ကို ပိတ်ထားလို့ရသည် မဟုတ်။ စစ်တွင်းကျောင်းပိတ်သည်က ၄-၅ နှစ်။ ဒီတော့ စစ်ပြီးသောအခါ ၁၂ နှစ်သားကောင်လေးက ၁၇ နှစ်ရွယ် ကာလသားလေး ဖြစ်လာခဲ့ပြီ။ ၁၅ နှစ်သားကောင်လေးက အသက်၂ဝ အရွယ် ကာလသားကြီးပေါ့။ သို့သော် ပညာကောင်းကောင်း မသင်ခဲ့ရသော၊ ကျောင်းပတ်ဝန်းကျင်နှင့် ဝေးနေခဲ့သော ကာလသားလူငယ်များ ဖြစ်နေခဲ့ကြသည်။
ကျွန်တော် ဖတ်ဖူးသော စာလေးတစ်ပုဒ်ကို သတိရမိပြန်သည်။
“စစ်ပွဲကြီးတစ်ခုဖြစ်လိုက်လျှင် တပ်မကြီးသုံးခု ကျန်သည်။ ဆုံးပါးခဲ့ရ၍ ငိုကြွေးနေရသော မျက်ရည်တပ်၊ ခြေပြတ် နေရစ်ခဲ့မြဲ ဖြစ်သည်။ ထိုတပ်များကား လင်သားဆွေမျိုး လက်ပြတ်ဖြစ်နေသော ဒုက္ခိတတပ်၊ စစ်အတွင်းက ကျန်ရစ်ခဲ့သည့် လက်နက်များဖြင့် သောင်းကျန်းနေသော သူခိုးဓားပြတပ်တို့ ဖြစ်သည်” တဲ့။
ကျွန်တော်က “ပညာမဲ့တပ်မကြီး” တစ်ခုပင် ဖြည့်လိုက်ချင်မိသေးသည်။
အကြောင်းက ငြိမ့်ခနဲ ခေတ်ကာလမငြိမ်မသက်ဖြစ်လျှင် ပထမဆုံး စပြီးပိတ်ရသည်က စာသင်ကျောင်း၊ နောက်ဆုံးမှ ပိတ်ရသည်က ရဲစခန်း။ ခေတ်ကလေးငြိမ်စပြုလာလျှင် ပထမဆုံးဖွင့်ရသည်က ရဲစခန်း၊ နောက်ဆုံးမှ ဖွင့်ရသည်က စာသင်ကျောင်း၊ “ကျောင်းပိတ်တော့” “ခေါင်းပိတ်” ခဲ့ရသည်။
လူငယ်တွေရဲ့ ခေါင်းက ကျောင်းပညာကိုသာ ပိတ်ခဲ့ရသည်။ အခြားသော မဖွယ်မရာတွေကိုတော့ စစ်ကြီးကျေးဇူးကြောင့် ဆည်းပူးခဲ့ရသည်။ သေခြင်း၊ သက်ခြင်း၊ လုယက်တိုက်ခိုက်ခြင်း၊ လက်နက်အားကိုးခြင်း
စသည်တို့ကိုမူကား ယဉ်ပါးခြင်းကြီးမက ယဉ်ပါးလာခဲ့ကြသည်။
ကျွန်တော်တို့ တိုင်းပြည်ကတော့ ဒုတိယကမ္ဘာစစ်ကြီးနဲ့တင် အားမရသေးသောကြောင့် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းသောင်းကျန်းမှုသူငယ်နာ မွေးရာပါဖြစ်လာခဲ့ရသည်။ ထို့ကြောင့် ကျေးလက်တွေမှာဆိုလျှင် စာသင်
ကျောင်းတွေမှာ ပိတ်ရက်က ဖွင့်ရက်ထက် များနေကြပြန်တော့သည်။
ကျွန်းပျိုးခင်းနှင့် ပညာရေးပျိုးခင်းတို့၏ အကျိုးသက်ရောက်မှုမှာ ချက်ချင်းမသိသာ။ ရေရှည်ကျမှ ခံစားကြရခြင်းဖြစ်သည်။
ကျွန်းကြောင့် ကျွန်ဖြစ်ခဲ့ရသည်။ ကျွန်းပြောင်၍ မိုးခေါင်ခဲ့ရသည်။ ပညာရေးပျိုးခင်းပြောင်လျှင်တော့ မိုးတွင်းတောင် မနားရသည့် “အင်တာနေရှင်နယ်ကူလီ”'“ဂလိုဘယ်လ်သူရင်းငှား” ဖြစ်မှာ သေချာသည်။ “ပြောပြန်ရင်လဲ အောင်သင်းလွန်ရာကျမယ်” ဟု ဟစ်လိုက်ချင်မိတာသေးသည်။ လွန်ခဲ့သော ၁၅ နှစ်လောက်ကတည်းက “စင်္ကာပူဟာ အရှေ့တောင်အာရှမှာ ကျူရှင်ဖွင့်လိမ့်မယ်” ဟု ကျွန်တော် ပြောခဲ့သည်။ စင်ပေါ်မှာကိုပြောခဲ့ခြင်း ဖြစ်သည်။ ယခုတော့ ကျွန်တော့်မြေးဦးမလေးကိုတောင် စင်္ကာပူမှာ နောက်ထပ်ဘွဲ့ သွားယူဖို့ သူ့မိဘများက လုံးပမ်းနေကြသည်။
စင်္ကာပူနှင့်စာလိုက်တော့ ကျွန်တော်တို့က ဘဝအကျိုးပေးအလွန် ကောင်းသည့်တိုင်းပြည်ဖြစ်သည်။ သူတို့မှာ အခြားသယံဇာတမဆိုထားနှင့် ရေတောင်မှ “အင်ပို့”လုပ်ပြီး ဝယ်သောက်နေရခြင်း ဖြစ်သည်။
ထို့ကြောင့် ပညာရေးနှင့် ပညာရေးလောကကို ဦးဆောင်ဦးရွက်ပြုနေသူများအား ပညာရေးကို သည်ထက်သည်ထက် တိုး၍ တိုး၍ အားပေးကြစမ်းပါ။ ကျွန်တော်တို့ အိုမင်းမစွမ်းဖြစ်ချိန်တွင် သားသမီးတွေ လက်ခမောင်း ခတ်သံကို မှန်းဆကြားယောင်ပြီး ခါးတောင်းကျိုက်ထားစမ်းပါဟု ပြောချင်မိသည်။
ကျွန်တော်တို့က ဘုရားကို ရွှေချသည်။ ရွှေခွက်မပြီး ရေစက်ချလိုက်မှ ကုသိုလ်ရသည်ဟု ထင်ကြသည်။ လူငယ်တွေကိုတော့ သစ္စေးပဲသုတ်ထားသည်။ ဘုရားရွှေသင်္ကန်းကပ်ပြီး ပိုတဲ့လျှံတဲ့ ရွှေကလေးလောက်ကိုတော့ဖြင့် လူငယ်တွေကို ချပေးလိုက်စေချင်သည်။ “လူငယ်တွေကို ရွှေချမှ အနာဂတ်တောက်ပမည်” ဟူသော ကြွေးကြော်သံ မြည်နေစေချင်ပါသည်။
ဆောင်းပါးလည်း ရှည်လွန်းပြီ။ ရေးနေရင်း လက်ညောင်းလာသောကြောင့် ကျော်ကာချန်ကာရေးခဲ့သည်တို့ကို စာဖတ်သူများက စိတ်အညောင်းခံပြီး ဖော်ကာကြံကာ ဖတ်ကြပါတော့ဟု တောင်းပန်လိုက်ရပါသည်။ ကျေးဇူးတင်ပါသည်။
#အောင်သင်း
Keep Reading