Author's Profile Photo

မောင်ဇင်(မှိုင်းဌာနီ)

4/09/2024

တန်ဖိုးရဲ့တန်ဖိုး

2 mins read
Life Style
Personal Development
Culture
တန်ဖိုးရဲ့တန်ဖိုး's photo


တန်ဖိုးရဲ့တန်ဖိုး ခေါင်းစဉ်နဲ့ ဒီကနေ့ကျွန်တော်ပြောပြပါရစေ။

တန်ဖိုးဆိုတာဘာလဲ။

တန်ဖိုးဆိုတာ မြန်မာအဘိဓာန်ကျမ်းမှာတော့ "အဖိုးတန်မှု"လို့ အဓိပ္ပာယ်ရပါတယ်။ကျွန်တော့်ရဲ့ကိုယ်ပိုင် အမြင်ကတော့ "တန်ဖိုး"ဆိုတာက "မရှိမှသိကြတဲ့ စံနှုန်းယူဆချက် "ဆိုတာပါပဲ။တန်ဖိုးကို ကျွန်တော်မရှိမှသိကြတယ်ဆိုတာက ဉပမာ အချိန်ရဲ့တန်ဖိုး၊ပစ္စည်းတစ်ခုခုရဲ့တန်ဖိုး၊နွေးထွေးမှုပေးနိုင်တဲ့မေတ္တာရိပ်တစ်ခုရဲ့တန်ဖိုး စတာတွေပါပဲ။

ကျွန်တော်တို့လူငယ်တွေဟာ "တန်ဖိုး"ဆိုတဲ့ဟာကို အတော်လေးနားလည်သဘောပေါက်ဖို့လိုကြပါတယ်။ကျွန်‌တော်တို့လို လူငယ်တွေဟာ တစ်ချိန်မှာ တိုင်းပြည်ရဲ့ ရွှေရောင်အလင်းသစ်ကိုထွန်းညှိရမယ့် သူတွေပါ။ဒီလိုသူမျိုးတွေဟာတစ်စုံတစ်ခု၊အကြောင်းအရာတစ်ရပ်အပေါ်မှာညီမျှတည်ရှိတဲ့ တန်ဖိုးရဲ့တန်ဖိုး ကိုမှမသိကြရင်လည်း ဘယ်လိုနည်းနဲ့မျှ ရွှေရောင်အလင်းတွေဟာ ထွန်းလင်းတောက်ပနိုင်မှာမဟုတ်ပါဘူး။

ခုအချိန်မှာ

တန်ဖိုးရဲ့တန်ဖိုးကို နားမလည်ကြသေးတဲ့ ရွှေမြန်မာတွေရှိနေသေးပါတယ်။ဘယ်လိုတွေလဲဆိုရင် အဓိကကတော့ မြန်မာ‌စာပေ အပေါ်မှာထားတဲ့ တန်ဖိုးပါပဲ။ မြန်မာစာပေတဲ့ခင်ဗျ။ ပေါ့သေးသေးပေါ့တန်တန် သဘောမထားသင့်ပါဘူး၊အခြေအမြစ်ရှိပြီး စနစ်ကျအုတ်တည်ခဲ့တဲ့ သမိုင်းကြောင်းကြွယ်ဝပြီး ဘုန်းတန်ခိုးရာဇာထွန်းခဲ့ကြတဲ့ နိုင်ငံတွေမှာပဲ သီးသီးသန့်သန့် စာပေ၊ယဉ်ကျေးမှု၊ဓလေ့ထုံးစံ၊ဘာသာစကား ဆိုတာပေါ်ထွန်းတာပါ။

ခေတ်ရေစီးကြောင်းအလိုက် ဘယ်လိုအတိတ်ကအကြောင်းအရာမဆို၊ကုန်ကုန်ပြောရရင် မြန်မာစာပေနဲ့လူကြီးသူမ‌တွေအ‌ပေါ်ရို‌သေကိုင်းရှိုင်းမှု ဆိုတာတွေကလည်း ရွေ့လျားစီးဆင်းပြောင်းလဲလာပါတယ်။ ဒီနေရာမှာပြောင်းလဲသင့်တာပဲ ပြောင်းလဲပါ လူငယ်အပေါင်းတို့၊မပြောင်းလဲသင့်တာရှိရင် မပြောင်းလဲကြပါနဲ့။ သာဓကပြရမယ်ဆို "ညနေဖက် လက်သည်းကိုမညှပ်ကောင်းဘူး ညှပ်ရင် ဘာဖြစ်တယ်၊ညာဖြစ်တယ်"၊ ဒီလိုနေရာမှာ ခေါင်းညိမ့်ပြီးယုံနေကြမယ့်အစား "ညနေဖက် မညှပ်ခိုင်းတာက ဟိုးအရင်ခေတ်တွေတုန်းက လျှပ်စစ်မီးဆိုတာမရှိပါဘူး၊ပြီးတော့ ခုခေတ်လို လက်သည်းညှပ်တွေမဟုတ်၊ကွမ်းညှပ်ကြီးတွေနဲ့ညှပ်ရဖြတ်ရတာပါ ၊ဒါကြောင့်ပဲ လူကြီးတွေဟာ ညနေမှောင်မှောင်မှာ ရှမိမှာဆိုးလို့ လက်သည်း၊ခြေသည်း တွေကိုမညှပ်ကြဖို့ပြောခဲ့တာပါ" ဒါပေမယ့် လူ့စကားဟာ သောင်းပြောင်းထွေလီ တာနဲ့အတူ ယုံကြည်မှတ်သားကြတာတွေကလည်း အကြောက်တရားပေါင်းများစွာနဲ့ပါပဲ။ ဒီလိုလွန်ကဲတဲ့ယုံကြည်ကိုးစားမှု တွေကိုပယ်ရှားပြီးဉီးနှောက်ထဲကပညာနဲ့ဆင်ခြင်ဆုံးဖြတ်ပြီးမှဝေမျှကြရမှာဖြစ်ပါတယ်။

လူငယ်တွေဟာ လွတ်လပ်တယ်၊ပွင့်လင်းတယ်၊ဒါပေမယ့် လမ်းပေါ်မှာ၊အိမ်မှာ၊ မူးရူးသောက်စားခွင့်တော့မရှိပါဘူး၊လူကြီးမိဘတွေအပေါ်မှာလည်း သူငယ်ချင်းပေါင်း ပေါင်းလို့မလျော်ကန်ပါဘူး၊နှုတ်စည်းကမ်း၊လူ့စည်းကမ်းရှိကြတဲ့ အဖိုးတန် အလင်းရောင်သစ်များသာ ဖြစ်ကြရပါမယ်။ နောက်ထပ်ခုခေတ်ကာလ onlineပေါ်မှာ စကားပြောဆိုနေကြတာတွေဆိုရင် "တွေ" ဆိုရင် "တေ" ၊" အပိုဒ်မပြီးသေးရင် ၊ (ပုဒ်တစ်ချောင်းဖြတ်)ချတဲ့စနစ်၊ အပိုဒ်ပြီးရင် ။ (ပုဒ်နှစ်ချောင်းဖြတ်)ချတဲ့ပုံစံနဲ့ တ်၊က် တွေသုံးတဲ့နေရာတွေ၊အက်အရွယ်ကြီးလည်း နင်တွေငါတွေနဲ့ပြော၊ အဆဲမပါတဲ့စကားဆိုတာရှားမှရှားတွေဖြစ်နေကြပါတယ်။

ဒါတွေဟာပျက်စီးနေကြတာပါ။ မြင်ရုံလေး လက်ပိုက်ကြည့်နေလို့မသင့်ပါဘူး။ ဒီလိုကိစ္စအရာရာမှာ ယို့ယွင်းလာပြီဆိုရင် ပြုပြင်ထိန်းသိမ်းကြရမှာ ကျွန်တော်တို့ လူငယ်တွေရဲ့တာဝန်ပါ။ ဗန်းစကား ကိုမသုံးနဲ့မဆိုလိုပါ၊ဗန်းစကားနဲ့သုံးမှအဆင်သင့်တဲ့နေရာတွေလည်းရှိပါတယ်။သိထားကြရမှာက ဗန်းစကား၊အတိုကောက်အသုံးအနှုန်းတွေဟာ မြန်မာစကားမဟုတ်ဘူးဆိုတာပါပဲ။ လူကြီးမိဘဆိုတာ အသက်အရွယ်အရပဲဖြစ်ဖြစ်၊ပညာသမာဓိသိက္ခာရှိမှုမှာပဲဖြစ်ဖြစ် ကျွန်တော်တို့လူငယ်တွေထက် ပိုမိုပြည့်စုံကြမှာပါ။(လူကြီးတိုင်းကိုမဆိုလိုပါ၊တစ်ခါတစ်လေ လူ့ဗလာကြီးတွေလည်းရှိတတ်ပါတယ်)။

နိဂုံးချုပ် ရမယ်ဆိုရင် လူငယ်များပီပီ တန်ဖိုးရဲ့တန်ဖိုးတွေကိုသိနားလည်ကြဖို့အတော့်ကိုအရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ ကောင်းမွန်သင့်တင့်၊လိုက်နာထိန်းသိမ်းသင့်တဲ့ ယဉ်ကျေးမှု၊ထုံးတမ်းစဉ်လာတွေကို ပျောက်ကွယ် တိမ်ကောမသွားစေဖို့ ထိန်းသိမ်းကြရပါမယ်။နည်းတူ မလိုအပ် မလျော်ကန်တဲ့ အကျင့်ဆိုး ၊စရိုက်လက္ခဏာတွေကိုလည်းအသိဉာဏ်ရှိရှိ ရှောင်ဖယ်ရှင်းလင်းကြရပါမယ်။ဒီလိုတွေ စွမ်းဆောင်နိုင်ပြီဆို ကျွန်တော်တို့ရဲ့ တိုင်းပြည်ဟာ ခေတ်မှီသာယာဝပြောတဲ့ စည်းစနစ်ကျတဲ့၊တန်ဖိုးရဲ့တန်ဖိုးတွေကိုနားလည်သဘောပေါက်ကြတဲ့ နိုင်ငံကြီးသားတွေရဲ့အမိမြေဖြစ်မှာမလွဲဧကန်ပါပဲ။ လို့ပြောကြားရင်းနိဂုံးချုပ်ပါတယ်။

ဤဆောင်းပါးတွင် လိုအပ်ချက်၊မှားယွင်းမှုတစ်စုံတစ်ရာရှိပါကလည်း ခွင့်လွှတ်သည်းခံနားလည်ပေးကြပါရန် စာဖတ်သူများကို မေတ္တာရပ်ခံပါသည်။ ဆောင်းပါးမှ အသိတစ်ချက် မှတ်သားစရာများလည်း ရကြပါမည်ဟုမျှော်မှန်းရင်း

ဖောင်တိန်ဖြင့်ရှင်သန်မည့်

မောင်ဇင်(မှိုင်းဌာနီ)။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)