Author's Profile Photo

စမ်းကြယ်

2/09/2024

တစ်နေ့တာအတွက် အမူအကျင့်ကောင်းများ (၁)

1 min read
Life Style
General Knowledge
Culture
တစ်နေ့တာအတွက် အမူအကျင့်ကောင်းများ (၁)'s photo

စမ်းကြယ် ဒီခါင်းစဉ်နဲ့ အပိုင်းလိုက် ရေးသားပေးချင်ပါတယ်။ တစ်နေ့တာအတွက် အသုံးဝင်မှာဖြစ်သလို စာဖတ်သူတို့နဲ့ ကိုက်ညီမယ်ဆိုရင် ယူပြီးအသုံးချကြည့်ပါ။ ဒီနေ့အတွက် အမူအကျင့်ကောင်းတစ်ခုက "အိပ်ယာခင်းအသုံးအဆောင်များကို ဂရုစိုက်ခြင်း" အကြောင်းပါ။ ဖတ်ကြည့်ပါ။ စာဖတ်သူတို့အတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။

စာဖတ်သူတို့ မနက်နိုးလာရင် အရင်ဆုံးဘာလုပ်တတ်ကြလဲ။ စမ်းကြယ်ကတော့ အိပ်ယာသိမ်းရမယ်လို့ မြင်ပါတယ်။ တစ်နေ့တာအလုပ်တွေ ပြီးရင် ညအိပ်ယာဝင်ကြရပြန်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ အချိန်တစ်ခု ပါဝင်နေတဲ့ အိပ်ယာခင်းတွေ၊ စောင်တွေ၊ ခေါင်းအုံးတွေဟာ အရေးကြီးပါတယ်။ ဒါကြောင့် ဒီအသုံးအဆောင်တွေကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ မျှဝေပေးသွားပါမယ်။

မနက်နိုးချိန်မှာ ခေါင်းအုံးကို ပြန့်အောင်လုပ်မယ်။ စောင်ကို ခေါက်မယ်။ ဒါဟာ အိပ်ယာထဲ ပြန်မဝင်ဖြစ်တော့အောင် စိတ်ကိုပိုင်းဖြတ်ပြီးသားဖြစ်စေ တယ်။ မနက်မှာ အိပ်ယာပုံမှန်သိမ်းတဲ့ အလေ့အကျင့်ရှိဖို့တော့ ကြိုးစားရတယ်။ ဒီအလေ့အကျင့်က အိပ်ယာသိမ်းရုံတင်မကဘဲ စာဖတ်သူတို့ရဲ့ တခြားကိစ္စရပ်တွေမှာလည်း စည်းကမ်းရှိတဲ့၊ တစိုက်မတ်မတ် လုပ်ဆောင်တတ်တဲ့ အမူအကျင့်နဲ့ စိတ်ထားရရှိဖို့ အုတ်မြစ်ပါ။

နေ့လည်ဘက်ဆိုရင်တော့ အိပ်ယာခင်းတွေ၊ စောင်တွေ၊ ခေါင်းအုံးတွေကို နေပြပေးရမယ်။ နေရောင်က ပိုးမွှားတွေကို သေစေတာကြောင့် စာဖတ်သူတို့ ညဘက်အိပ်တဲ့အခါကျရင် သန့်သန့်ရှင်းရှင်း၊ ကြည်ကြည်လင်လင် အိပ်ရမှာပါ။ တကယ်လို့ ကိုယ်က ကျောင်းသွားရတာ၊ အလုပ်လုပ်ရတာ၊ အိမ်မှာရှိချိန်နဲသူဆိုရင် အိမ်ကိုအကူအညီတောင်းပြီး နေလှန်းပေးဖို့ စမ်းကြယ်ကပြောခဲ့စေချင်တယ်။ အဝတ်အစားတွေ၊ အိပ်ယာအသုံးအဆောင်တွေကို နေလှန်းတာက မြို့ပြမှာဆိုရင် လှန်းစရာနေရာနည်းလို့ မိသားစုဝင်တွေ အလှည့်ကျ လှန်းတာကိုလည်း ကိုယ်ချင်းစာ နားလည်ပေးရပါမယ်။

နောက်တစ်ချက်ကတော့ ခေါင်းအုံး၊ စောင်နဲ့ အိပ်ယာခင်းတွေကို စာဖတ်သူတို့အားရင် ပုံမှန်အချိန်တစ်ခု သတ်မှတ်ထားပြီး လျှော်ဖွတ်ပေးပါ။ တစ်ပတ်တစ်ခါ၊ ဒါမှမဟုတ် တစ်လတစ်ခါလျှော်ပါ။ နောက်ဆုံးအချက်ကတော့ အိပ်ယာအသုံးအဆောင်တွေကို မလဲလှယ်ဘဲ အချိန်အကြာကြီး သုံးစွဲခြင်းက အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ ကိုယ်ခန္ဓာယားယံတာနဲ့ အိပ်စက်ရခက်ခဲတဲ့ ရောဂါတွေကို ဖြစ်စေပါတယ်။ တကယ်လို့ အသစ်မဝယ်ယူနိုင်သေးဘူးဆိုရင် အပေါ်စာပိုဒ်တွေမှာ စမ်းကြယ်ပြောခဲ့သလို နေလှန်းတာ၊ လျှော်ဖွတ်ပေးတာကလည်း အတိုင်းအတာတစ်ခုအထိ ကျန်းမာစေပါတယ်။ အသစ်လဲလှယ်တာက အကောင်းဆုံးဖြစ်ပေမယ့် တစ်ဦးနဲ့တစ်ဦး အတိအကျ မတူညီနိုင်တာကြောင့် စာဖတ်သူကိုယ်တိုင် ဆုံးဖြတ်စေချင်ပါတယ်။

လက်တွေ့လုပ်ကြည့်ပါ။ တစ်ကိုယ်ရည်ကျန်းမာရေးကော၊ စိတ်ထားနဲ့ အမူအကျင့်တွေပါ ကောင်းမွန်လာပါလိမ့်မယ်။ စာဖတ်သူတို့ တစ်နေ့တာအတွက် ရုန်းကန်ကြိုးစားရသလို အနားယူတဲ့အချိန်မှာလည်း အိပ်ယာအသုံးအဆောင်တွေ သန့်ရှင်းနေဖို့ လိုပါတယ်။ ဒီလိုသေချာလေး အနားယူတာကလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းတစ်မျိုးပါ။

လူတစ်ဦးနဲ့တစ်ဦး လူနေမှုဘဝပုံစံတွေ မတူညီကြတာကြောင့် စာဖတ်သူနဲ့ ကိုက်ညီမယ့်အချက်တွေရှိခဲ့ရင် ယူသုံးပါ။ ပြီးရင် ဒီစာထဲက အချက်တွေတင်မကဘဲ စာဖတ်သူတို့နဲ့ ကိုက်ညီမယ့်အချက်တွေကိုလည်း စဉ်းစားလုပ်ကြည့်ပါ။ စမ်းကြယ်ရဲ့စာက အမူ အကျင့်ကောင်းတွေရဖို့ လမ်းစဖြစ်မယ်လို့ ယုံကြည်ပါတယ်။

စမ်းကြယ်
2.9.2024

Keep Reading

အသစ်နှင့်အဟောင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ သားဆိုးအမေ စာစောင်လေးဆယ့်နှစ် - မုဒိတာပွားခြင်းသူဟာလည်း ဖခင်