Author's Profile Photo

အောင်သင်း

29/08/2024

စာအုပ်သမားတို့၏ စွမ်းအား (အပိုင်း ၂)

1 min read
Culture
Art
စာအုပ်သမားတို့၏ စွမ်းအား (အပိုင်း ၂)
's photo

စာအုပ်ဟောင်းသမားများကျေးဇူး

ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ရန်ကုန်တက္ကသိုလ် ပရိဝုဏ်သည် စစ်စခန်းဖြစ်နေခဲ့သည်။ ထို့ကြောင့် တက္ကသိုလ်များ စာကြည့်တိုက်မှာလည်း စစ်ပြီးသောအခါ အူနှင့်ဟောင်းလောင်း ဖရိုဖရဲ စာအုပ်တွေ ပြန့်ကြဲပြီး ကျန်ရစ်
ခဲ့သည်။ ဒီဖရိုဖရဲအမွေကြီးကို ဆရာဇော်ဂျီတို့က ဆက်ခံယူခဲ့ရသည်။သည်တော့ ဘာလုပ်ရသည် ထင်သနည်း။ စာအုပ်ဟောင်းသမားတွေ ကိုပဲ အားကိုးကြရသည်။ စာအုပ်ဟောင်းသမားဟု ဆိုလိုက်သောကြောင့်ပေါ့တော့တော့ ထင်လိုက်လျှင် အလွန်မှားလိမ့်မည်။ သူတို့သည် စာအုပ်အတွင်းက စာကိုသာ နှိုက်နှိုက်ချွတ်ချွတ် မသိလျှင်ရှိရမည်။ စာအုပ်အမျိုးအစား၊ ပေါသလား၊ ရှားသလား၊ အလွန်ရှားပါးသလား၊ ဘယ်လိုစာသမားတွေက ဘယ်လိုစာအုပ်မျိုးတွေ ကြိုက်တတ်သည်ကို အကုန်သိသည်။

စာအုပ်စင်၊ စာအုပ်ဘီရိုကို လှမ်းကြည့်လိုက်လို့ စာအုပ်အနှောင့်ကိုမြင်လိုက်လျှင် အပေါ်က စက္ကူဖုံးထားစေဦးတော့ မဟာရာဇဝင်ကြီးလား၊စွယ်စုံကျော်ထင်လား၊ သမန္တစက္ခုဒီပနီလား၊ ဇိနတ္ထလား ချက်ချင်းသိသည်။ထိုမျှမကသေး ပထမအကြိမ်ရိုက်နှိပ်ခြင်း၊ တတိယအကြိမ်ရိုက်နှိပ်ခြင်းစသည်တို့ကိုပါ ခွဲပြောနိုင်သည်။ ဤမျှထိကျွမ်းကျင်သည်။

တက္ကသိုလ်များစာကြည့်တိုက်တွင် စာအုပ်ဟောင်းများနှင့် ပြန်လည်ပြည့်စုံလာသည်မှာ ဆရာဇော်ဂျီတို့ကို စာကြည့်တိုက်မှူးများနှင့် စာအုပ်ဟောင်းသမားများကျေးဇူးကြောင့်ဖြစ်သည်။ စာအုပ်ဟောင်းသမားများစိုပြေခဲ့ရသည်မှာလည်း ‘ဘော်တယ်လ်ကုလားများ’ ကျေးဇူးကြောင့်ဖြစ်သည်။ဘော်တယ်လ်ကုလားဆိုသည်က bottle ဆိုသည့်အတိုင်း ပုလင်းခွံ၊ ဘူးခွံ၊နို့ဆီ၊ နို့မှုန့်ဘူးဟောင်းများကို လည်ပြီး ဝယ်ယူသူများဖြစ်သည်။ ဘူးခွံဘူးဟောင်းများသာမက သတင်းစာ၊ မဂ္ဂဇင်း၊ စာအုပ်ဟောင်းများကိုလည်းဝယ်ကြသည်။ စစ်ကြီးအတွင်း ဟိုအိမ်ဒီအိမ်ဖောက်ယူကြသော ‘ဖောက်သည်’များက စာအုပ်တွေထဲက အရုပ်ကြည့်ရအောင် ယူလာတတ်သည်။

ဘာစာအုပ်၊ ဘယ်လိုအဖိုးတန်ကြောင်း ဘာမျှမသိကြ။ သူတို့ဆီက ပိဿချိန်နှင့် ဝယ်ယူလာခဲ့ခြင်းဖြစ်၍ ဘော်တယ်ကုလားများက နည်းနည်းပါးပါးအမြတ်အစွန်းရလျှင် စာအုပ်ဟောင်းသမားများထံ ရောင်းလိုက်သည်သာ။ ဒီတော့ စာအုပ်ဟောင်းသမားများက သာမန်အများကြိုက်ဆိုလျှင်တော့ ကြုံရာ ရောင်းလိုက်ကြသည်။ စာကြီးပေကြီးဖြစ်လျှင်တော့ ဆရာဇော်ဂျီတို့ထံ လာပို့သည်။ သည်လိုကျတော့ အဟောင်းသမားများကလည်း အနစ်နာခံရတာ ရှိသေးသည်။ စာကြည့်တိုက်မှူးက လိုအပ်တာကို ဝယ်လိုက်သည်။ မလိုအပ်တာကို ပယ်သည်။

ဝယ်သည့်စာအုပ်ကိုလည်း တန်ရာတန်ဖိုး သင့်တင့်အောင်ပေးသည်။စာအုပ်ဟောင်းသမား (ကုလားအောင်မြင့်)ဟုခေါ်ကြသော လန်ဘားကိုအောင်မြင့်ပြောတာကို သတိရနေမိသေးသည်။ ဒီအခါမှာတော့ ဦးသော်ကောင်း လက်ထက်ရောက်နေပြီ။ ကိုအောင်မြင့်က“ဆရာဇော်ဂျီတို့ ဆရာဦးသော်ကောင်းတို့က စာအုပ်ကိုသိပ်နားလည်
ကြတာ ဆရာရေ။ စာအုပ်ဖိုးကို ကျွန်တော်တို့တင်လိုက်သလောက် ပေးတာမဟုတ်ဘူး။ သူတို့က ဖြတ်ပေးတာ။ တစ်ခါတလေကျတော့လဲ ကျွန်တော်တို့ မှန်းထားတာထက် ပိုပေးချင်ပေးလိုက်တာ။ တစ်နေ့ကပဲ ဆရာရယ်၊
‘သူကြီးလက်စွဲ’ ဆိုတဲ့ လက်ဝါးလောက် စာအုပ်ကလေးကို ဦးသော်ကောင်းက ၂၅ ကျပ် ဖြတ်ပေးလိုက်တော့ ကျွန်တော့်မှာ လန့်သွားလောက်အောင်ဝမ်းသာမိတယ်’ တဲ့။

ထိုစဉ်က ရွှေဈေး ၁၅ဝ ကျပ်၊ ၂ဝဝ ကျပ်ပဲရှိသေးသည်။ရွှေတစ်မူးသားနီးပါးဖိုးပေါ့။စာအုပ်အဟောင်းသမားများကလည်း အနစ်နာခံခဲ့သည်ဟုအထက်တွင် ကျွန်တော် ဆိုခဲ့သည်။ ဆရာဇော်ဂျီတို့၊ ဆရာဦးသော်ကောင်းတို့က ဈေးဖြတ်ပြီး ချက်ချင်း ငွေချေလိုက်သည် မဟုတ်။ ရုံးလုပ်ထုံးလုပ်နည်းအရ စာရင်းသွင်း၊ တင်ပြ လုပ်ပြီးမှ သက်ဆိုင်ရာမှာ သွားပြီး ငွေထုတ်ရသည်။ ဒီတော့ တစ်လကိုးသီတင်းဆိုတာမျိုး ကြာချင်လည်းကြာသွားတတ်သည်။ ဤသို့လျှင် အနစ်နာခံခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ “တက္ကသိုလ်များ စာကြည့်တိုက်’တွင်ရှိသောစာအုပ်ကောင်း၊ စာအုပ်ဟောင်းတွေမှာ ထိုစဉ်က စာအုပ်ဟောင်းသမားများ၏ကျေးဇူးဟု ကျွန်တော် ဆိုချင်ပါသည်။

သူတို့အင်အားနှင့် စွမ်းအား

စာအုပ်သမားများအကြောင်းကို တွေးမိရင်း၊ သူတို့စွမ်းအားကိုလည်း သတိရနေမိသည်။ ထို့ကြောင့် ကျွန်တော် စိတ်ကူးယဉ်နေမိသည်ဟု ဆိုခဲ့ပါသည်။စာအုပ်သမားများဆိုသည်မှာ စာရေးဆရာများကို ရည်ညွှန်းသည်
မဟုတ်ပါ။ စာအုပ်စာပေဆိုင်ရာလုပ်ငန်း လုပ်ကိုင်ပြီး အသက်မွေးသူများကိုဆိုလိုပါသည်။ နည်းနည်းနောနော လူတွေမဟုတ်။ စဉ်းစားကြည့်ပါ။စာအုပ်ထုတ်ဝေသူ၊ ပုံနှိပ်သူ၊ စာအုပ်ဆိုင်ဖွင့်သူ၊ ဖြန့်ချိသူ၊ စာအုပ်ချုပ်သူ၊ စာအုပ်ပုံနှိပ်ဆိုင်ရာ စက္ကူ မင်စသည်တို့ကို ရောင်းချသူ၊ စာစီစာရိုက်သူ၊ ဒီဇိုင်းစသည်တို့ ပြင်ဆင်မွမ်းမံသူ စသည်အားဖြင့် စာအုပ်သမားတွေအများကြီးရှိသည်။ သူတို့အသီးသီးမှာရှိကြသော စွမ်းအားတွေကလည်းတောင့်တင်းခိုင်မာလှသည်။

ကျွန်တော် စိတ်ကူးယဉ်ပုံက-
ဤစွမ်းအားရှင် စာအုပ်သမားတွေအားလုံး စုစည်းပြီး အသင်းကြီးတစ်ခု ဖွဲ့ပစ်လိုက်ချင်သည်။ အသင်း ဟုပြေလိုက်သောကြောင့် လန့်မသွားပါလေနှင့်။ နိုင်ငံရေးဆိုလို့ အငွေ့တောင်မသမ်းရသော စာပေအကျိုးဆောင်အသင်းသန့်သန့်ဖြစ်နေစေရပါမည်။

ထိုအသင်းက ဘာတွေလုပ်မည်နည်း။စုပေါင်းကထိန်တို့၊ဆွမ်းကျွေးတရားနာဆိုတာမျိုးတွေလောက်လုပ်နေဖို့ဆိုလျှင်တော့ ကျွန်တော့်အနေနှင့် ဤဆောင်းပါးကို လက်ညောင်းခံပြီး ရေးနေတော့မည် မဟုတ်ပါ။ ထိုအသင်းကြီး လုပ်ဆောင်စေချင်သည်ကမနေ့တစ်နေ့ကပင် ယဉ်ကျေးမှုဌာနဝန်ကြီးက နေပြည်တော်တွင်လည်း ကြည့်တိုက်ထားမည့်အကြောင်း၊ ရန်ကုန်တွင်လည်း အဆင့်မြင့်စာကြည့်တိုက်ကြီးတစ်ခု ထားမည်ဖြစ်ကြောင်း မိန့်ကြားသွားခဲ့သည်။

စာအုပ်စာပေ တိုးပွားရေး၊ စာဖတ်သူဦးရေများပြားရေး ဆိုသည်များ ကို အစိုးရကသာလျှင်မက ပြည်သူများကလည်း ဝိုင်းဝန်းကူညီလှုပ်ရှားရသောလုပ်ငန်းများဖြစ်သည်။ ယခုဆိုလျှင် ကျေးလက်စာကြည့်သင်းများ ပေါ်လာရုံ
သာမက မန္တလေးမြို့မှာဆိုလျှင် တစ်လမ်းနှင့် တစ်လမ်း အပြိုင်အဆိုင်စာဖတ်ခန်းများ ဖွင့်နေကြသည့်အကြောင်း သတင်းစာများတွင် ဖတ်နေရသည်။

နိုင်ငံတော်အစိုးရက ‘အဆင့်မြင့်အမျိုးသားစာကြည့်တိုက်’ ကြီးကိုဖွင့်လှစ်မည်မှာမှန်သည်။ သို့သော် အများသူငါ ရှင်လူရဟန်းအားလုံးကိုရည်ရွယ်၍ ဖွင့်သော စာကြည့်တိုက်ဖြစ်သည်။

သို့ဖြစ်လျှင် “စာအုပ်သမားများအသင်း’ က ဘာတွေလုပ်နိုင်သနည်း။စာသမားများအတွက် ‘ရည်ညွှန်းစာကြည့်တိုက်ကြီး’တစ်ခု ဖွင့်နိုင်ပါသည်။

လုပ်ငန်းစဉ်အရ တွက်ကြည့်လိုက်လျှင် ပထမ “စာအုပ်သမားများအသင်း’ ကို ဖွဲ့စည်းရမည်။ နိုင်ငံတော်အစိုးရထံ တရားဝင်ခွင့်ပြုချက်တောင်းခံရမည်။ ထို့နောက် စာအုပ်သမားများထံမှ ရန်ပုံငွေကောက်ခံခြင်း၊အလှူခံခြင်း၊ စာဝါသနာအိုးများထံမှ အလှူငွေခံယူခြင်းစသည်တို့ကို ရွက်ဆောင်ကြရပါမည်။

ထို့နောက် ရည်ညွှန်းစာကြည့်တိုက်တည်နေရာအတွက် (ကိုယ်ပိုင်အဆောက်အဦမဆောက်နိုင်သေးမီ) အခန်း သို့မဟုတ် အဆောက်အဦငှားရပါမည်။ ဝန်ထမ်းတွေ ခန့်ထားရပါမည်။ စာအုပ်စာတမ်း (အထူးသဖြင့်စွယ်စုံကျမ်းများ၊ နှစ်ချုပ်ကျမ်းများ) ကဲ့သို့သော ရည်ညွှန်းကိုးကားရသောစာအုပ်များကို အလှူခံ/ဝယ်ယူစုဆောင်းရပါမည်။

ထိုကဲ့သို့ စုဆောင်းနေစဉ်အတွင်းမှာပင် အသင်းဝင်ဖြစ်သော ထုတ်ဝေရေး၊ ဖြန့်ချိရေးတိုက်များမှ ထွက်သမျှ စာအုပ်များကိုလည်း အလှူခံစုဆောင်းသွားရပါမည်။မှီငြမ်းကိုးကားအပ်သော စာအုပ်ကောင်း၊ စာအုပ်ဟောင်းများကိုလည်း စာအုပ်ဟောင်းသမားများနှင့် ညှိနှိုင်း ဝယ်ယူစုဆောင်းရပါမည်။

ဤသို့ ပြုစုပျိုးထောင်နေဆဲကာလတွင်တော့ဖြင့် စာအုပ်သမားအားလုံး သည် ပြည်ချစ်စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်၊ စာပေစိတ်ဓာတ်ဖြင့် တစ်ခဲနက် စုပေါင်းပြီး ရုန်းကန်ကြရပါလိမ့်မည်။

ကျွန်တော့်စိတ်ကူးယဉ် ရည်မှန်းချက်

စာကြည့်တိုက်ဝန်ထမ်းများသည် “စာကြည့်တိုက်ဒီပလိုမာ’ အောင်မြင်ပြီးဖြစ်သည့်ပြင် ကွန်ပျူတာအခြေခံကျွမ်းသူများ ဖြစ်ကြရပါမည်။

စာကြည့်တိုက်တွင်ရှိသော စာအုပ်များကို ကွန်ပျူတာ “ကက်တလောက်’ တွင် ထားရပါမည်။ အရေးကြုံလို့ ကွန်ပျူတာဖွင့်ကြည့်လိုက်လျှင်သက်ဆိုင်ရာစာအုပ် ဘယ်ဘီရို၊ ဘယ်နားမှာ၊ အမှတ်ဘယ်ရွေ့ဘယ်မျှဖြစ်သည်ကို ချက်ချင်း ညွှန်းနိုင်ရပါမည်။ ထို့ပြင် “စာစုစာရင်း’ လည်း ကွန်ပျူတာသွင်းထားပြီး ဖြစ်နေရပါမည်။ ‘စာစုစာရင်း’ အတော်များများကို အမျိုးသားစာကြည့်တိုက် အကူအညီဖြင့် လွယ်ကူစွာ ရရှိနိုင်ပါသည်။စွယ်စုံကျမ်းကဲ့သို့သော ကိုးကားမှီငြမ်းပြုရသော စာအုပ်ကြီးများမှ ခေါင်းစဉ်များကိုလည်း ကွန်ပျူတာကက်တလောက်ဖိုင် ဖွင့်ပြီးဖြစ်နေရပါမည်။

ဤသို့အားဖြင့် စာရေးဆရာ၊ စာပေသုတေသီ တစ်ယောက်ယောက်က “ဆရာဇေယျ ရေးတဲ့ “ကောက်ရိုးနွယ်’ ဆောင်းပါးလေးကို လိုချင်ပါတယ်”ဆိုလျှင် ကွန်ပျူတာ တစ်ချက် နှစ်ချက် နှိပ်လိုက်ရုံနှင့် မည်သည့်စာအုပ်တွင် ပါသည်ကို ညွှန်းနိုင်ပါလိမ့်မည်။ ထိုဆောင်းပါကို မိတ္တူဆွဲပေးနိုင်သည်။စာကြည့်တိုက်တွင်း ဝင်ရောက်လေ့လာကြည့်ရုံမျှကို ဝင်ကြေးမယူ။သို့သော် သိလိုသော စာညွှန်းတစ်ခုကို လိုချင်လျှင် တိုက်တွင်း ဝင်ကြေး ၁ဝဝိ/-၊ သိလိုသောစာကို ရှာဖွေညွှန်းပေးခ ၁ဝဝိ/-၊ မိတ္တူဆွဲခကို သီးခြားစသည်အားဖြင့် ရန်ပုံငွေရှာရပါမည်။

ကွန်ပျူတာတွင် စာရေးဆရာကက်တလောက်၊ အကြောင်းအရာကက်တလောက် စသည်ဖြင့် ခွဲခြားနိုင်ပါသေးသည်။ ထိုကက်တလောက်တွေအားလုံးကို စီဒီတွင်သွင်း၍ သိမ်းဆည်းထားနိုင်ပါသည်။ စီဒီတွေကို ဝယ်လိုသူများအား ရောင်းနိုင်သည်။ စီဒီကို ဝယ်ပြီးမိမိစိတ်ဝင်စားရာကို ရှာပြီး စီဒီအညွှန်းအတိုင်း စာကြည့်တိုက်သို့ လာပြီး
စာအုပ်စာတမ်းကို မိတ္တူဆွဲနိုင်သဖြင့် စာဖတ်သူမှာ အချိန်ကုန်သက်သာသွားပါမည်။

ဤသို့အားဖြင့် စာပေသုတေသီများ၊ စာပေဝါသနာအိုးများ၊ စာရေးဆရာများအတွက် ကြီးစွာသော အထောက်အကူကို ပေးနိုင်သည့် “စာအုပ်သမားများအသင်း၏ ရည်ညွှန်းစာကြည့်တိုက်ကြီး’ ဖြစ်ပေါ်လာနိုင်စေချင်မိသည်။

ကျွန်တော့်စိတ်ကူးယဉ်မှုက လောဘကြီးလွန်းလေရော့လား။

၁၂-၁၁-၂၀၀၆


#အောင်သင်း

Keep Reading

တိတ်ဆိတ်စွာပျော်ရွှင် ရိုးရာရေသဘင်ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )မိဘတို့ သိကြဖို့ --------------ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်စာအုပ်သမားတို့၏ စွမ်းအား (အပိုင်း ၂) ပရိတ်သတ်ကြားက အဘွားနဲ့ကျွန်တော် - အပိုင်း(၁)