Author's Profile Photo

ရွှေဥဒေါင်း

28/08/2024

ဓမ္မတာနှင့် သဘာဝဓမ္မ အပိုင်း (၂)

1 min read
General Knowledge
Art
ဓမ္မတာနှင့် သဘာဝဓမ္မ အပိုင်း (၂) 's photo
လင်္ကာဆရာကြီး ရောဘတ်တန်းစ်

မိမိကိုယ်ကို အကြမ်းအားဖြင့် ခန့်မှန်းချက်ထုတ်ထားသည် လက္ခဏာနှင့် အထင်ကြီးနေကြသော လူများသည် ပေါများလှ၏။ မိမိကိုယ်ကို မညှာမတာဆန်းစစ်ဝေဖန်၍ အပြစ်အနာအဆာရှာတတ်သော အလေ့အကျင့်ပြုလုပ်ထားသူတို့သည် အလွန်တရာ ရှားပါးလှ၏။ ကိုယ့်ကိုကိုယ် မည်မျှပင် ဆန်းစစ်ဝေဖန်တတ်ပါသည်ဆိုစေကာမူ ချွတ်ယွင်းချက်များကို တွေ့အောင်ရှာတတ်သူတို့မှာ သာ၍ပင် နည်းပါးသေး၏။ လူသတ္တဝါသည် မိမိကိုယ်ကို ဟုတ်မှန်သည့်အတိုင်း သိမြင်ဖို့ ခဲယဉ်းလှသည်။ ထို့ကြောင့် စကော့ လင်္ကာဆရာကြီး ရောဘတ်တန်းစ် Robert Burns က “အခြားသူတို့က ကျွန်ုပ်တို့ကိုမြင်ကြသည့်အတိုင်း မိမိတို့ကိုယ်ကို မိမိတို့ မြင်နိုင်ကြလျှင် ကောင်းလေစွတကား” ဟူ၍ စီကုံးရေးသားဖူးလေသည်။

သူ့အထင်နှင့် ကိုယ့်အထင်

လင်္ကာဆရာကြီး ဆိုလိုသည်မှာ လူသတ္တဝါသည် သူတစ်ပါးတို့က မိမိကို မြင်ကြသည့်အတိုင်း မိမိကိုယ်ကို မိမိမြင်ဖို့ အလွန်တရာ ခဲယဉ်းလှသည်ဟု အဓိပ္ပာယ်ရသည်။ ဟုတ်လည်း ဟုတ်ပေသည်။ မိမိကိုယ်ကို မိမိမြင်ခြင်းသည် တစ်မျိုးတစ်ဖုံဖြစ်၍ သူတစ်ပါးတို့က မိမိကို မြင်ကြခြင်းသည် တစ်မျိုးတစ်ဖုံချည်းသာ ဖြစ်တတ်၏။ တစ်မျိုးတစ်ဖုံဖြစ်ရာ၌လည်း မိမိကိုယ်ကို မိမိဆုံးဖြတ်ချက်သည် သူတစ်ပါးတို့က မိမိအား ဆုံးဖြတ်ချက်ထက် မြင့်နေတတ်သည်သာဖြစ်၏။ ဖြစ်တတ်သည်မှာ လူတစ်ယောက်သည် မိမိကိုယ်ကို တစ်ပိဿာလောက်တတ်သည့်ကောင်ထင်လျှင် အခြားသူများက ထိုလူအား ငါးဆယ်သားလောက်တတ်သည့် ကောင်သည်ထင်လျှင် အခြားလူများက ထိုလူအား ငါးဆယ်သားလောက်မျှပင်တတ်သည် ကောင်းသည်ဟု ထင်ကောင်းမှ ထင်ကြပေးမည်။ ထို့ကြောင့် အကြင်သူသည် အခြားသူများက မိမိအား ဘယ်ကဲ့သို့ အကဲဖြတ်ကြသနည်းဟုသိလိုခဲ့လျှင် မိမိကိုယ် မိမိ ခန့်မှန်းခြေကို ၂ သို့မဟုတ် ၃ လောက်နှင့်စားပါမှ တော်ကာကျပေလိမ့်မည်။ အဓိပ္ပာယ်မှာ ကိုယ့်ကိုယ်ကိုယ် တစ်ပိဿာလောက် တတ်သည်၊ တော်သည်၊ ကောင်းသည်ထင်မိလျှင် အနည်းဆုံး တစ်ဝက်ခန့် လျှော့ပစ်ပါမှ အခြားလူများ၏ ခန့်မှန်းခြေကို စမ်းဝါးမိပေလိမ့်မည်။

လူတတ်နှင့် လူကောင်း

ဤနေရာ၌ လူတော်၊ သို့မဟုတ် လူတတ်နှင့် လူကောင်းတို့ကို ပိုင်းခြား ဖော်ပြရပေဦးမည်။ လူတော် လူတတ်ဟူသည်မှာ ကျွမ်းကျင်နားလည်ခြင်းတည်းဟူသော အရည်အချင်းကို ဆိုလိုပေရာ လူကောင်းဟူသည်မှာ အကျင့်စာရိတ္တ ကောင်းမွန်ခြင်းကို ဆိုလိုပေသည်။ တော်ခြင်း၊ တတ်ခြင်းဟူသည်မှာ ဗဟုသုတပြည့်စုံခြင်း၊ ဉာဏ်ကောင်းခြင်း၊ တွေးတတ်ခေါ်တတ်ခြင်း၊ စီမံခန့်ခွဲတတ်ခြင်း စသည်တို့ပါဝင်၍ (ဦးနှောက်၏အလုပ်)ဖြစ်ရာ ကောင်းခြင်းဟူသည်မှာကား ကိုယ်ချင်းစာနာတတ်သည့် နှလုံးရည်ကောင်းခြင်းကို ဆိုလိုသည်။ ကျွန်ုပ်၏ အဆုံးအဖြတ်မှာ အရက်မသောက်ရုံနှင့် လူကောင်းကြီးတစ်ယောက်ဖြစ်လာနိုင်မည်ဟု မယူဆချေ။

ရွက်အုပ်သီး

တော်ခြင်း သို့မဟုတ် တတ်ခြင်းနှင့် ကောင်းခြင်းတို့ဆိုင်ရာတွင် သူတစ်ပါး၏အဆုံးအဖြတ်နှင့် မိမိ၏အဆုံးအဖြတ်တို့အကြောင်းကို ဖော်ပြရဦးမည်။ တော်ခြင်းကိစ္စတွင် မိမိအဆုံးအဖြတ်နှင့် အခြားသူတို့က အဆုံးအဖြတ်ကွာခြားသည့်အခါ ယေဘုယျအားဖြင့် သူတစ်ပါးတို့၏အဆုံးအဖြတ်က မှန်ချင် မှန်တတ်သော်လည်း အခါခပ်သိမ်းမှန်ကန်သည်ဟူ၍ တစ်ထစ်ချ မယူဆလိုက်ချေ။ တကယ်တော် တကယ်တတ်သည့် ‘ရွက်အုပ်သီး”များသည် ဤဒေသ ထိုဒေသ စသည်များ၌ ရှိတတ်ကြ၏။ သို့ရာတွင် အခြားလူများက တော်သည် တတ်သည်မထင်သောကြောင့် တိမ်မြှုပ်နေရခြင်းလည်း ဖြစ်နိုင်ပေသေးသည်။

--- အပိုင်း (၃) ဆက်ရန် ---

#ရွှေဥဒေါင်း
#ဓမ္မတာနှင့် သဘာဝဓမ္မ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒီကဗျာလေး ဖတ်ကြည့်ပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း