
Chitsu

မိုးရေဖွေးဖွေးကြား၊ မြောင်းငယ် ၊ချောင်းငယ်များထဲ အော်မြည်နေတတ်သော ဖားပြုပ်ညင်းများ၏ တဂွမ်..ဂွမ် အော်သံက ညကိုးနာရီ မရှိတက်ရှိတက်အချိန် ဗီဒီယိုရုံမှ ပြန်လာကြသော ကျွန်မတို့ကလေးများ၏ နားထဲ စောင်းတီးသံကဲ့သို့ ညိမ့်ညောင်းလှပါသည်။
တစ်ချို့များအဖို့ ထိုအသံကို ကြောက်စရာဟုမှတ်ယူကြပြီး တစ်ချို့ကျပြန်တော့ နားညီးသည်တဲ့။( ကျွန်မတော့ မထင်ပေါင်)။
ထိုအချိန်က ကျွန်မအသက် ရှစ်နှစ်မျှပင်ရှိပါလိမ့်ဦးမည်။ကျောင်းစာကို စိတ်ဝင်စားဖို့နေနေသာသာ ဗီဒီယိုရုံမှာ ညအတွက်ပြမည့်ဗီဒီယိုကားကိုသာ ကြည့်ဖို့အရေး လွယ်အိတ်မနိုင့်တနိုင် စကပ်ကပိုကရို( ထမီ မဝတ်တတ်ဘူးလေ)၊နှပ်တွဲလောင်းနှင့် ရုံရှေ့ချိတ်ထားသော ပိုစတာကြီးကို ငပြူးငပြဲသွားကြည့်ရသည်ချည်း ဖြစ်သည်။
အိမ်သို့ ခပ်သုတ်သုတ် ခြေတင်၍ ရေချိုးပြီးသည်နှင့် ဗီဒီယိုရုံမှ ကြေညာသံကို နားစွင့်ရင်း ထမင်းပလုတ်ပလောင်းစားခဲ့သောကြောင့် သွားကြားထဲ အရိုးများမကြာမကြာညပ်လေသဖြင့် အမေ့၏ခေါင်းခေါက်သံက အမြဲတဒေါင်ဒေါင်။
ယခုခေတ်ကဲ့သို့ Screen Phone များမပေါ်သေး။ပြောရလျှင် '' လေယာဥ်ပျံပင် မမြင်ဖူးသည့် တာဇံ။( ထိုအချိန်ကပါ)။
ဗီဒီယိုရုံမှ ကြေညာသံကို ကြားဖူးသူရှိလျှင် သိမည်။အသံအနိမ့်အမြင့်အတက်အကျနှင့် နားထောင်၍ ကောင်းသည်ထက် အသဲစွဲသည်ဆို ပိုမှန်မည်။ယခုခေတ် Narratorများလောက်ကတော့ ခေါက်ထား၍ရသည်။
ထိုခေတ်က ရုံခမှာ လူကြီး ၁၀၀၊ ကလေး ၅၀ ဖြစ်သည်။ကျွန်မတို့မောင်နှမတစ်တွေမှာ တစ်ခါမှ ရုံခမပေးပေ။( လူပါးဝတာလေ)လူကြီးများနှင့် ရောယောင်ဝင်သောကြောင့် ဖြစ်သည်။ရုပ်များက စပ်ဖြီးဖြီးနှင့် မည်သူမှ မသိဘူးဆိုသည့်အတွေးကြောင့် ဖြစ်သည်။
ဗီဒီယိုကြည့်သည်ထက် ထွေလာ( Trailer) ကြည့်ရသည်ကို ပိုသဘောကျရာ အပြီးကား( သတ်မှတ်ထားသည့် ဗီဒီယိုကား) ပြချိန်တွင် ကျွန်မတို့မှာ ခွေးနေရာမရဖြစ်ကာ ကြည့်နေသူလူကြီးများကြား ဟိုခုံကူးလိုက်၊သည်ခုံကူးလိုက်နှင့် မျက်စိနောက်စရာဖြစ်နေခဲ့ပါသည်။
ထို့အပြင် ဗီဒီယိုကို အကြောင်းပြ၍ ချိန်းတွေ့ကြသည့် လူပျို၊ အပျိုများလည်း ရှိလေသော် '' ငါ့အကြိုက်ပေကိုကား '' ဖြစ်ခဲ့ရပြီး အတွဲချောင်းသည့်အတွက် မိပေါင်းလည်း မနည်းတော့ပြီ။
တစ်ခါတစ်လေ သရဲကားပြသည့်အခါမျိုးတွင် ယပ်တောင်နှင့်ကာကြည့်ပြီး ယပ်တောင်မရှိလျှင် လက်မနှစ်ခုကို နားတစ်ဖက်စီကိုထည့် လက်နှင့်မျက်နှာကိုကာ၍ မကြည့်ရဲဆိုသော်လည်း ဟနေသောလက်ကြားအပီအပြင်ကြောက်ကြောက်လန့်လန့် ကြည့်ခဲ့ကြသည်။
ဗီဒီယိုရုံ သိမ်းသည်အထိ နေခဲ့လျှင် အိမ်အပြန် အမေ့ကြိမ်လုံးစာ မိဖို့က သေချာသည်။ဗီဒီယိုကားမှ ရသတစ်ခုခု ခံစားပြီး သူ့အတွေးနှင့်သူ Feel ပြန်လာသော လူကြီးများကြား ကျွန်မတို့က အလိုက်ကမ်းဆိုးမသိ ပါးစပ်က ပေါက်ပေါက်ချာချာများ အော်ဟစ်၍ ရွာလမ်းတစ်လျှောက် ပြေးလွှားခဲ့သောကြောင့် လူကြီးများ၏ အဆဲအဆိုကို ကြုံခဲ့ရဖူးသည့်ညတွေ။
ဒါသည်ပင် နေ့ပွဲများက မလာသေး။'*နေ့ပွဲ ဆိုသည်မှာ ဝါဆိုလပြည့် ၊တော်သလင်းလပြည့်နေ့များတွင် ဗီဒီယိုရုံမှ နေ့လည်နေ့ခင်းများတွင် ပြသည်ကို ခေါ်သည်။(မိမိတို့ဘာသာ **နေ့ပွဲဟု အမည်ပေးထားခြင်းဖြစ်သည်။)
အရပ်က အပျိုလူပျိုများ ၊လူကြီးများ ဝါဆိုလှိုင်းခုန်နေသည့်အချိန်တွင် ကျွန်မတို့တပ်ဖွဲ့တစ်စုက ရုံထဲတွင် ပါဝါရိန်းဂျား၊ ဝူခုန်းတို့နှင့်အပြိုင်ကြဲနေလေပြီ။
နေ့ခင်းနေ့လည် ဗီဒီယိုရုံမှ ကျွန်မတို့ကလေးများပြန်လာကြလျှင် လမ်းတစ်လျှောက်ခုန်ပေါက်၍ဆူညံပွတ်လောရိုက်နေလေရာ နားမခံနိုင်သည့်လူကြီးများ၏ လောက်လေးခွစာကို မှန်မှန်ခံရသည်။*တစ်ခါတွင် '' Harry Potter ''ကြည့်ပြီး အမေ့တံမြတ်စည်းကြီးယူ ၊ အိမ်ခေါင်မိုးပေါ်တက်၍ တံမြတ်စည်းကိုခွလျက် ခုန်ချလိုက်ရာ ကျောပေါ်ဗြောတင်ခံလိုက်ရသည်။
သည်ကဲ့သို့အချိန်တွေကို မီသည့်သူလည်းရှိမည်။ကျွန်မအဖို့ကတော့ အဲ့သည့်ကာလလေးကို အလွမ်းဆုံးပါပဲလေ။
*** အခုနေပြန်တွေးကြည့်ရင် ချစ်စရာကောင်းတဲ့ ကာလတွေပါပဲ။ထိုအချိန်ရဲ့ အမှတ်တရတွေ စုတ်ပြတ်သပ်မသွားဖို့ပဲ မျှော်လင့်ရမယ်။
*** ကျွန်မတို့ ကောင်းကောင်းမွန်မွန် လှလှပပ ကြီးပြင်းခဲ့ကြရတယ်။
*** အခုတော့ ပစ္စုပ္ပန်မှာ ဒရွတ်တိုက်ဆွဲနေပြီ....။
?? အားလုံး နေ့ရက်တိုင်း ပျော်ရွှင်စွာ နေနိုင်ကြပါစေရှင်။
https://www.facebook.com/profile.php?id=100089061890195&mibextid=ZbWKwL
? စုရဲ့ Acc လေးကနေလည်း ဒီလိုချစ်စရာစာလေးတွေဖတ်လို့ရပါတယ်ရှင့်
Keep Reading