Jane Catherine - the storyteller
အချစ်ရဲ့ အိမ်နီးနားချင်းကေတာ့ jealousyဆိုတဲ့ သဝန်တိုခြင်း/အူတိုခြင်းပဲ ဖြစ်ပါတယ်။ သင့်မှာ သူငယ်ချင်းအကြောင်းပဲ တဖွဖွပြောနေတတ်တဲ့ ချစ်သူကောင်မလေး ဒါမှမဟုတ် အေးတိအေးစက်ကြီး လုပ်နေတတ်တဲ့ ချစ်သူကောင်လေး ရှိပါသလား။ သင် နှစ်ပေါင်းများစွာ ရင်းရင်းနှီးနှီးပေါင်းသင်းလာတဲ့ သူငယ်ချင်းက သင့်ကို မခေါ်ဘဲ တခြားတစ်ယောက်နဲ့ မုန့်သွားစားတာကို တွေ့လိုက်ရင် သင် ဘယ်လိုခံစားရမလဲ။ ဒေါသလည်း နည်းနည်း ထွက်ချင်ထွက်မယ် ဒါပေမဲ့ သေချာတာကတော့ သဝန်တိုနေမှာပေါ့။ ချစ်လို့ သဝန်တိုတာပဲလေလို့ ပြောပေမဲ့ သံသယတွေ ယုံကြည်မှုမှုမရှိတာတွေ ပြည့်နှက်နေတဲ့အတွက် နှစ်ဦးနှစ်ဖက်မှာ အတော်စိတ်ပင်ပန်းရတာ အမှန်ပါပဲ။ သဝန်တိုတာကို ရှိတ်စပီးယားက “မိစ္ဆာကြီး”လို့ တင်စားခဲ့ပါတယ်။ ဘယ်လောက်တောင်ဆိုးလို့ ဒီလို တင်စားခဲ့ရတာလဲ။
စစ်တမ်းအရ မှုခင်းတွေအများစုဟာ မနာလိုသဝန်တိုမှုကနေ စတင်ပါတယ်လို့ ပြောကြပါတယ်။ အမျိုးသမီးတို့အပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုရဲ့ ၂၀ရာခိုင်နှုန်း၊လူသတ်မှုရဲ့ ၃၀ရာခိုင်နှုန်းကို သဝန်တိုနေတဲ့ချစ်သူ ဒါမှမဟုတ် အိမ်ထောင်ဖက်တို့က ကျူးလွန်ကြတာ ဖြစ်ပါတယ်။ Jealousyဟာ ချစ်သူရည်းစားဆက်ဆံရေး၊ အိမ်ထောင်ရေးတို့မှာသာမက သူငယ်ချင်းတွေကြားမှာရော ညီအစ်ကိုမောင်နှမအချင်းချင်းတွေမှာပါ ကြောက်စရာကောင်းအောင် ခြောက်လှန့်နိုင်ပါတယ်။ သူပေါက်ဖွားဖို့ လိုအပ်တာကတော့ relationshipတစ်ခုရယ် တတိယလူတစ်ယောက်ပါပဲ။ အဲဒါဆို မနာလို သဝန်တိုတာ ဘာလို့ဖြစ်ပေါ်လာတာပါလဲ။ ကျွန်မတို့ မွေးဖွားကတည်းက ပါလာတဲ့ ဗီဇစိတ် တစ်ခုလား။
အဓိက အကြောင်းရင်းကတော့ လူတွေဆီက အငြင်းခံရတာ၊ ကြဥ်ခံရတာ ကြောင့် self-esteem ကို ခြိမ်းခြောက်ခံရတာပါပဲ။ မိမိတန်ဖိုးထားတဲ့သူက မိမိကို ငြင်းပယ်ခြင်း လျစ်လျူရှုခြင်း ကြဥ်ဖယ်ခြင်း စသောအရာတွေဟာ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုကို ထိခိုက်လာပြီး မနာလိုမှုကို ဖြစ်လာစေပါတယ်တဲ့။ ဒါကြောင့် အကြမ်းဖက်မှုတွေ ဖြစ်လာတာလည်း မဆန်းဘူးလို့ ဆိုရပါမယ်။ ဘာလို့လဲဆိုတော့ သဝန်တိုတာဟာ သစ္စာဖောက်ခံရတာတို့ ဒေါသတို့လို ပြင်းထန်ပေါက်ကွဲတတ်တဲ့ ခံစားချက်နဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်အပြုအမူအတွက် အားကောင်းတဲ့ စေ့ဆော်မှုတစ်မျိုး ဖြစ်နေလို့ပါပဲ။
သဝန်တိုတယ်ဆိုတာ ကမ္ဘာဦးခေတ်ကတည်းက ရှိနေခဲ့တာပါ။ Evolutionary Psychology ရဲ့အစောပိုင်းသိပ္ပံနည်းကျလေ့လာမှုတွေအရ
Jealousyမှာ ၂မျိုးကွဲပြားတာကို တွေ့ရှိရပါတယ်တဲ့။ အမျိုးသားတွေမှာ အိမ်ထောင်ဖက်ကမွေးဖွားလာတဲ့ သားသမီးတွေက ကိုယ့်သွေးသားမဟုတ်မှာ စိုးရိမ်ရာကစတဲ့ sexual infidelity အရင်းခံ jealousy ဖြစ်ပေါ်သလို အမျိုးသမီးတွေနဲ့ ပတ်သက်မှုကြောင့် မိမိကို စိတ်ပိုင်းဆိုင်ရာ နွေးထွေးထောက်ပံ့မှု မရမှာကို စိုးရိမ်တဲ့ emotional infidelity အရင်းခံ jealousy ဖြစ်ပေါ်ပါတယ်တဲ့။ ဒါပေမဲ့ နောက်ပိုင်းလေ့လာမှုတွေကတော့ သူတို့၂ခုကို ကျား/မ ခွဲခြားပြောလို့ မရဘူးလို့ ဆိုပါတယ်။ နောက်ထပ် မေးရမယ့် မေးခွန်းကတော့ လူတွေကသဝန်တိုတာကို ဘယ်လိုဖြေရှင်းကြသလဲ ဆိုတာပါပဲ။
Jealousyရဲ့နောက်ဆက်တွဲပြဿနာတွေ မဖြစ်ပေါ်အောင် အမျိုးသားတွေက mate-retention behaviour လို့ခေါ်တဲ့ အိမ်ထောင်ဖက်ကို ထိန်းချုပ်တဲ့ အပြုအမူတွေ ကျင့်သုံးပြီး ကြိုတင်ရှောင်ရှားကြပါတယ်။ သူတို့မှာ
• အနီးကပ်စောင့်ကြည့်တာ (အိမ်ထဲက အိမ်ပြင် မထွက်ခိုင်းတာမျိုး)
• ခြိမ်းခြောက်တာ(အကြမ်းဖက်တာမျိုး)
• ဂရုစိုက်ပြတာ ကြင်နာပြတာ (ကိုယ့်ဆီမှာနေရင် ဘယ်လို ခံစားရမယ်ဆိုတာမျိုး ပြတာ)
• လူကြားထဲမှာ ကိုယ်သာ ပိုင်ရှင်ဖြစ်ကြောင်းပြတာ (ဘော်ဒါတွေရှေ့ မှာနိုင်ပြတာ၊ခိုင်းပြတာ)
• သံသယရှိသူတွေကို ရှင်းပစ်တာ/ ခြိမ်းခြောက်တာ (ချိန်းထိုးတာ၊ စိန်ခေါ်တာ)စသဖြင့် ဖြစ်ကြပါတယ်။
ပြန်လည်ခြုံငုံပြောရမယ်ဆိုရင်တော့ ဘာမှ သိပ်မဟုတ်ဘူးလို့ ထင်ရတဲ့ jealousy/ jelly ဆိုတဲ့ မနာလိုသဝန်တိုမှုဟာ ကျွန်မတို့ရဲ့ တန်ဖိုးထားရတဲ့relationshipကို ကြားဝင် ဖျက်ဆီးပစ်ပြီး ပျော်ရွှင်မှုကို လုယူသွားရုံသာမက အသက်အန္တရာယ်ပါ ရှိတတ်ပါတယ်။ အဲဒါကြောင့် ချစ်တာပဲလေဆိုပြီး အရာရာ ပုံအပ်သည်းခံထားလို့ မဖြစ်ဘဲနဲ့ မိမိကို ထိန်းချုပ်လွန်တဲ့ လက္ခဏာတွေ သတိထားမိတာနဲ့ အကူအညီရယူရမှာ ဖြစ်ပါတယ်။
Relationship Counsellorတွေရဲ့ quoteလေးနဲ့ နိဂုံးချုပ်ချင်ပါတယ်။
“Breaking up is hard to do, but help is AVAILABLE”တဲ့။
Keep Reading