စမ်းကြယ်
ဒီအကြောင်းအရာက တကယ့်ကို ရေးရခက်တဲ့အထဲ ပါဝင်ပါတယ်။ မိဘနဲ့ သားသမီးတွေအကြားက ဖြစ်တတ်တဲ့ သဘောတရားတွေကို စာရေးဆရာကြီးတွေလည်း အများကြီး ရေးခဲ့ကြပြီးပါပြီ။ ဒါဆို စမ်းကြယ်က ဘာလို့ထပ်ရေးရတာလဲဆိုတော့ နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က အစဉ်အလာမပျက် မိဘနဲ့သားသမီးကြားက ဖြစ်တဲ့ပြဿနာတွေ၊ အမြင်မတူကြတာတွေကို လူငယ်တွေက ဖေ့စ်ဘုတ်မှာ ရင်ဖွင့်လာတဲ့ပို့စ်တွေ အတွေ့ရများလာတာကြောင့်ပါ။
ဒုတိယတစ်ချက်က ဒီကာလမှာ အစစအရာရာ ကျပ် တည်းသလို လုံခြုံမှုတွေကလည်း အရင်လိုမရှိတော့
တာကြောင့် ဒီပြဿနာက ပိုမို ကြီးထွားလာပါတယ်။
ဒါကြောင့် စမ်းကြယ် တတ်နိုင်သလောက် ဒီအကြောင်း အရာကို ရေးကြည့်ဖို့ ဖြစ်လာပါတယ်။ ဒါပေမယ့် စမ်းကြယ်က ဒီကိစ္စအရေးမှာ သေချာကျနအောင် လေ့လာထားတာလည်း မဟုတ်ပြန်တော့ ကိုယ်တိုင်ကြုံတွေ့ဖူးတဲ့ အတွေ့အကြုံနဲ့ပဲ ဦးစားပေး ရေးသွားပါမယ်။
နောက်တစ်ချက်က ဒီပြဿနာအကြောင်းကို ရေးတဲ့အခါမှာ အနောက်တိုင်းယဉ်ကျေးမှုနဲ့ ဆက်စပ်ရေးသားသွားမှာ မဟုတ်ပါဘူး။ စမ်းကြယ်ကိုယ်တိုင်က အနောက်တိုင်းယဉ်ကျေးမှုကို သဘောကျပေမယ့် အခုဖြစ်နေတာက ပြည်တွင်းက ပြဿနာဖြစ်နေတာကြောင့် အနောက်တိုင်းမှာဆို ဟိုလိုလုပ်ကြတယ်၊ ဒီလိုလုပ်ကြတယ်ဆိုတဲ့ သွားရည်ယိုစရာ အချက်အလက်တွေ ပါဝင်မှာ မဟုတ်ပါဘူး။ ကဲ...အစပျိုးနေတာတောင် တော်တော်ကြာသွားပြီ။ စလိုက်ကြရအောင်ပါ။
မိဘနဲ့ သားသမီးအကြားမှ စတင်ပွတ်တိုက်ရာ မီးပွားလေးကတော့ "သားသမီးအပေါ် မိဘတွေက ပညာရေးနဲ့ ပက်သက်ပြီး အရမ်းတွေ မျှော်မှန်းထားကြတယ်၊ ကိုယ့်သားသမီးရဲ့ စာမေးပွဲအဆင့်ကို တခြားကလေးတွေနဲ့ နှိုင်းယှဉ်ပြောကြတယ်" ဆိုတဲ့ အချက်ဖြစ်ပါတယ်။ အခုခေတ်လူငယ်တွေက စမ်းကြယ်တို့ခေတ်ထက်စာရင် သတင်းအချက်အလက်စီးဆင်းတာ မြန်ဆန်တဲ့ခေတ်မှာ ကြီးပြင်းလာရတာပါ။ ပြောရမယ်ဆိုရင် လိုင်းပေါ်ကနေ ခေတ်မှီတဲ့ အတွေးအခေါ်တွေကို သိရှိနားလည်နေကြပါပြီ။ ဒါပေမယ့်လည်း တစ်ဘက်မှာ မိဘတွေက သူတို့သားသမီးတွေကို "နင် သူ့လောက်တောင် အဖြစ်မရှိဘူးလား။ ငါတို့မှာတော့ နင့်ကို ထူးချွန်စေချင်လွန်းလို့ မရှိတဲ့ကြားက ပံ့ပိုးပေးထားရတာ။ အဆင့်တစ်ရတဲ့သူရဲ့ ? ပဲစားလိုက်ပါတော့လား" စသဖြင့် ခိုင်းနှိုင်းပြောခံရတာတွေကို လူငယ်တွေအနေနဲ့ ကြုံဖူးကြမှာပါ။
ဒီကိစ္စနဲ့ပက်သက်ပြီး ဘယ်လိုဖြစ်သင့်တယ်၊ ပညာရေးစနစ်ကိုက ဘာဖြစ်နေတာ စသဖြင့် စမ်းကြယ် မရေးချင်ပါဘူး။ လောကမှာက ကိုယ်ဖြစ်ချင်တဲ့အတိုင်း အရာအားလုံးကို ဖန်တီးယူလို့ မရပါဘူး။ ကိုယ်တတ်နိုင်တဲ့ လုပ်နိုင်စွမ်းထဲကနေ အကောင်းဆုံးဖြစ်အောင် ကြိုးစားရှင်သန်ကြရတယ်လို့ ယူဆလို့ပါ။ ဒီတော့ ဘယ်လိုနေပါ၊ ဘယ်လိုထိုင်ပါဆိုပြီး ရေးမယ့်အစား စမ်းကြယ်တုန်းက ကြုံခဲ့ရတဲ့ အကြောင်းအရာကို ရေးပြပေးသွားပါမယ်။
စမ်းကြယ် အလယ်တန်းကနေ အထက်တန်းအထိ ကာလတွေအကြောင်းပါ။ ငါးတန်းမှာ ပထမဆုံးစာမေးပွဲဖြေတဲ့အခါ စမ်းကြယ် အဆင့်တစ် ရခဲ့ပါတယ်။ ဒါပေမယ့် အမှတ်က စမ်းကြယ်ကျတဲ့အခန်းထက် တစ်ခန်းနိမ့်တဲ့အခန်းက အဆင့် 25 နဲ့ အတူတူလောက်ပဲ ရှိခဲ့တာပါ။ ထားပါ ဒါကတစ်ပိုင်း။ နောက်အချက်က စမ်းကြယ် ကို အတန်းပိုင်ဆရာမက ချစ်တာကြောင့် မော်နီတာပေးထားပါတယ်။ ဒါဟာတခြားကလေးတွေအနေနဲ့ မကြည်စရာအချက် ဖြစ်နေခဲ့တာကို လုံးဝမသိခဲ့ပါဘူး။ တစ်ချိန်မှာ ဆရာဝန်မလေးဖြစ်လာမယ့် စမ်းကြယ် အတန်းဖော်သူငယ်ချင်းက သူထိုင်တဲ့စားပွဲမှာ မှင်ဖျက်ဆေးနဲ့ စာရေးထားတာကို တွေ့တော့မှ အံ့ဩခဲ့ရပါတယ်။ သူနောက်လတွေကျရင် စမ်းကြယ် ကို ကျော်တက်ပြမယ် ဘာညာပေါ့လေ။
ဆိုလိုချင်တာက ဒီလိုအခြေအနေမှာထားတဲ့ စမ်းကြယ်ရဲ့ စိတ်အကြောင်းပါ။ စမ်းကြယ် က အာ့အရွယ်လောက်ကတည်းက စိတ်ကလွတ်လွတ်လပ်လပ်နဲ့ ကိုယ်လုပ်ချင်တာကို လုပ်လေ့ရှိနေခဲ့တာပါ။ စာမေးပွဲမှာ တစ်ရဖို့ဆိုတဲ့စိတ်ကူးနဲ့ ကြိုးစားဖြေဆိုခဲ့တာလည်း မဟုတ်သလို သူငယ်ချင်းက ရေးထားတဲ့စာကို မြင်တဲ့အခါမှာလည်း ပြိုင်ဆိုင်လိုစိတ် မဖြစ်ခဲ့ပါဘူး။ မုန့်စားကျောင်းဆင်းရင် အစားကိုမြန်မြန်စားမယ်။ ပြီးရင် ဘောလုံးကန်မယ်၊ ပင်ပေါင်ဆော့မယ်။ ဘောလုံးမဝယ်နိုင်ရင် ရေသန့်ဘူးကို ဘောလုံးလုပ်ကန်မယ်။ ပြောရရင် စမ်းကြယ် က ကလေးစစ်ခဲ့တာလို့ ဆိုရမယ်။ ဒီနေရာမှာ သူငယ်ချင်း ဆရာဝန်မလေးကို အပုပ်ချလိုစိတ် လုံးဝမရှိပါဘူး။ နာဂစ်အတွက် စမ်းကြယ် က ပရဟိတအသင်းအတွက် အလှူလိုက်ခံတဲ့အခါ အဲဒီဆရာဝန်မလေးကပဲ သူတတ်နိုင်သလောက် ပါဝင်လှူဒါန်းခဲ့သေးပြန်တာပါ။ ဒါကြောင့် ငယ်ရွယ်စဉ် ပညာရှာတဲ့အရွယ်မှာ အဆင့်တစ်ဆိုတာက အရေးကြီးသလို ထင်ရပေမယ့် လူ့ဘဝထဲ လုံးဝရောက်သွားတဲ့အခါ တခြားလူကို ပြိုင်ဆိုင်ရတာထက် ကိုယ်ပုံဖော်ချင်တဲ့ ကိစ္စတွေကို ဦးစားပေးလုပ်ကြရမှန်း သိမြင်စေချင်တာပါ။
စကားပြန်ဆက်ရရင် အလှည့်အပြောင်းတစ်ခုက စမ်းကြယ် အထက်တန်းကျောင်းသားဘဝမှာ စဖြစ်လာခဲ့ပါတယ်။ (7) တန်းရောက်တော့ မုန့်စားဆင်းချိန်မှာ ဘောလုံးကွင်းလုဖို့ပြေးလွှားရင်း ချော်လဲပြီး ညာလက်ကောက်ဝတ် ကျိုးသွားခဲ့ပါတယ်။ ငယ်ငယ်က ကစားတာကို အရမ်းခုံမင်ရာကနေ စာသင်ချိန်မှာ အပြင်စာအုပ်တွေ ဖတ်တာ၊ ချက်စ်ထိုးတာ၊ ကဗျာတွေဘာတွေရေးတာတွေပါ ထပ်တိုးလာခဲ့ပါတယ်။ အတိုချုံ့ဖြေရရင် ကိုးတန်းနောက်ဆုံးစာမေးပွဲမှာ ခိုးချလို့ကျသွားပါတယ်။ ကံကောင်းတာက စမ်းကြယ် က လေလွင့်နေတာပဲရှိတယ်၊ အရမ်းကြီးဆိုးသွမ်းနေတာမျိုး မဟုတ်တာကြောင့် ဆရာမက အတန်းမကောင်းတာမှာ ထားပေးပြီး ဆယ်တန်းကိုပေးတက်လိုက်ပါတယ်။ ဒါပေမယ့် မိဘတွေကစာမေးပွဲရလဒ်ကြည့်ပြီးချိန်မှာ အဖြစ်အပျက်အလုံးစုံကို သိသွားခဲ့ကြတယ်။ အမေဆိုရင် အိမ်ပြန်ရောက်တော့ သူ့အိပ်ရာထဲမှာ ငိုနေခဲ့တာပါ။ စမ်းကြယ် လည်း အဲဒီအချိန်ကျတော့မှ ရှော့ခ်အရမ်းရသွားခဲ့ပါတယ်။ ဒါကြောင့် ဆယ်တန်းမှာ အစွမ်းကုန်ကြိုးစားဖို့ တွန်းအားရသွားခဲ့ပါတယ်။
ကိုယ့်ကိုယ်ကို ချီးမွန်းတာ မလုပ်ချင်လို့ အဲ့ဒီအပိုင်းကို ကျော်ခဲ့ပါမယ်။ နောက်ထည့်မရေးမယ့် အချက်နောက် တစ်ခုက ပညာရေးစနစ်အကြောင်းပါ။ အခုခေတ်ဆိုရင်တော့ ပညာရယူနိုင်တဲ့ နေရာတွေ၊ သင်တန်းတွေလည်း အရင်ကထက် ပိုများလာပါပြီ။ စမ်းကြယ် ကိုယ်တိုင်လည်း ပညာရေးလောကထဲမှာ ကျင်လည်ဖူးတာကြောင့် ရေးပြမယ်ဆိုရင် ရေးပြလို့ရပေမယ့် အခုအကြောင်း အရာက မိဘနဲ့သားသမီးကြားက ပြဿနာအကြောင်းက အဓိကဆိုတော့ ထည့်မရေးတော့ပါဘူး။
အခုထိရေးခဲ့တာတွေက ခေါင်းစဉ်နဲ့ ဘားမှမဆိုင်ဘူးလို့ ဖတ်နေတဲ့သူတွေ ထင်နေကြပါလိမ့်မယ်။ တကယ်လည်း ဘားမှမဆိုင်ပါဘူး ဟီး။ ဆိုင်တာက အခုမှစမှာပါ။ စမ်းကြယ် တို့မိသားစုက အဲဒီအချိန်တုန်းက အရမ်းမဆင်းရဲခဲ့ပေမယ့် မပြေလည်တဲ့အထဲမှာတော့ ပါပါတယ်။ ကျပ် တည်းတဲ့ကြားက စမ်းကြယ် ကို ကျူရှင်ထားပေးခဲ့ပါတယ်။ အဖေဆို အလုပ်လုပ်နေရင်းနဲ့ လေဖြန်းလို့ ကုယူလိုက်ရသေးတယ်။ စမ်းကြယ် ကျူရှင်တက်တဲ့အိမ်ကို အမေက ကျူရှင်ဖိုးသွားပေးတဲ့အခါ အကြွေအနုတ်လေးတွေအများကြီးနဲ့ ပေးချေလို့ ကျူရှင်လက်ခံတဲ့အိမ်ရှင်နဲ့ အကြီးအကျယ် စကားများခဲ့ကြပါတယ်။ အဲ...ဒါကတော့ ခေါင်းစဉ်နဲ့ ဆိုင်လာပါပြီ။ စဉ်းစားကြည့်ပါနော်...မိဘတွေက သားသမီးအတွက်ဆိုရင် ဘာပဲလုပ်ရလုပ်ရ လုပ်ပေးနိုင်စွမ်း ရှိကြပါတယ်။ အခုလိုမျိုး ကိုယ့်သားသမီးအတွက် မိဘတွေ ဒုက္ခခါးစည်းခံရတာက တချို့တဝက်ပဲ သားသမီးတွေက သိရှိနိုင်ကြပါတယ်။ နောက်ကွယ်မှာ မမြင်သာအောင် ဖုံးဖိထားတဲ့ကိစ္စတွေဆို ဘယ်လောက်များလိမ့်မလဲ စဉ်းစားချင်စရာပါ။
စမ်းကြယ် ငယ်ငယ်က ဖတ်ဖူးတာကတော့ မိဘက သားသမီးဆယ်ယောက်ကို ကျွေးမွေးထားနိုင်တယ်၊ သားသမီးအများစုကတော့ မိဘကို ပြန်မကြည့်နိုင်ကြပါဘူးတဲ့။ သားဆိုတာ လိမ္မာရင်အား၊ မလိမ္မာရင်ကျား။ သမီးဆိုတာ လိမ္မာရင်ထီး၊ မလိမ္မာရင်မီး။ ပြီးတော့ မိဘနဲ့သားသမီးတွေကို စုန်ရေ၊ ဆန်ရေတွေနဲ့ တင်စားကြတာလည်း ရှိပါတယ်။ မိဘကျေးဇူးကို မြင်းမိုရ်တောင်နဲ့ ခိုင်းနှိုင်းတင်စားကြတာတွေလည်း ရှိပါတယ်။ ဒါဆိုရင် သားသမီးတွေဘက်က ကိုယ့်မိဘအနေနဲ့ ကိုယ့်ကို ပညာရေးမှာ ဘာလို့ထွန်းပေါက်စေချင်ရတာလဲဆိုတာ အနည်းငယ် ရိပ်မိလောက်ပြီလို့ ထင်ပါတယ်။ ချုပ်ခြယ်တာတို့၊ တခြားကလေးတွေနဲ့ နှိုင်းယှဉ်တာမျိုးတွေက ကလေးရဲ့စိတ်ကို ထိခိုက်စေတာမှန်ပေမယ့် ဘာလို့အာ့လိုတွေ လွဲမှားကုန်ရတာလဲဆိုတာကို အကျယ်ရေးမယ်ဆို ခေတ်၊ စနစ်တွေအကြောင်းပါ ပါလာမှာမို့ ချန်လှပ်ထားခဲ့ပါရစေ။ ဒီမှာ မိဘတွေဘက်က ဝင်ရေးပေးတာကို တဖြတ်နားပါရစေ။ သားသမီးတွေဘက်က ပြန်ရေးပါဦးမယ်။
ပထမတစ်ပိုင်းက သားသမီးတွေအနေနဲ့ ပညာရေးနဲ့ပက်သက်ပြီး မိဘနဲ့သဘောထား ကွဲလွဲခဲ့တာကို ရေးခဲ့ပါတယ်။ အခုအပိုင်းမှာတော့ သားသမီးတွေ ဆယ်ကျော် သက်အရွယ်ရောက်လာတော့ စူးစမ်းချင်စိတ်၊ လောကထဲ စဝင်ကြည့်ချင်စိတ်တွေ ဖြစ်လာချိန်မှာ မိဘတွေက ချုပ်ခြယ်လွန်းအားကြီးလွန်းတယ် ဆိုတဲ့အချက်ကို ရေးချင်ပါတယ်။ သားသမီးဘက်ကကြည့်ရင် မိဘက ချုပ်ခြယ်တယ်။ ဟိုတက္ကသိုလ် မတက်ရဘူး၊ ဒီအလုပ်မလုပ်ရဘူး၊ ဟိုနေရာ မသွားရဘူး၊ ဒီနေရာ မသွားရဘူး၊ ဟိုလူနဲ့ မပေါင်းရဘူး၊ ဒီလူနဲ့ မပေါင်းရဘူး ဆိုတဲ့ပြဿနာပါ။ ဒီနေရာမှာလည်း စမ်းကြယ်အတွေ့အကြုံကိုပဲ အခြေပြု ရေးသားပေးသွားပါမယ်။
အထက်တန်းအောင်တော့ တက္ကသိုလ်တက်ဖို့ ရွေးတဲ့အခါ ဘာရွေးရမှန်း မသိခဲ့ပါဘူး။ ဘာတက်ရမှန်းကို မသိတာပါ။ ဖြစ်ချင်တာကတော့ စာရေးဆရာ ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် အဲဒီအလုပ်က ဆင်းရဲမယ့်လမ်းကြောင်းဆိုပြီး အာ့တုန်းက ခေတ်စားတဲ့အသုံးအနှုန်းတစ်ခုဖြစ်တဲ့ ဗီတိုအာ
Unlock to read this premium article with 10 points.