Leo Nann
ယခုလက်ရှိမျက်မှောက်ခေတ်က အတော်လေး ပွင့်လင်းမြင်သာမှုရှိလာပြီလို့ပြောလို့ရပါတယ်။ ကိုယ်ပိုင်အတွေးအမြင်တွေလည်း တစစနဲ့တိုးပွားလာကြပြီဖြစ်တယ်။
ခေတ်ကရှေ့တစ်လှမ်းအကွာကပြေးတယ်။လူတွေက ခေတ်ကိုအမီလိုက်ကြတယ်။
သို့ပေမဲ့ ခေတ်မီရုံနဲ့ ပြီးပြီလား?
မဟုတ်ပါဘူးနော်။
နည်းပညာ၊လူနေထိုင်မှုအဆင့်အတန်းတွေ မြင့်မားလာတာနဲ့အမျှ စိတ်ဓာတ်လည်း ရင့်ကျက်လာကြဖို့လိုပါတယ်။
စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်တယ်ဆိုတာက အချေဆန်တာ၊အနေအေးတာမျိုးမဟုတ်ပါဘူး။ အပြုသဘောဆောင်တဲ့ စိတ်ထားနဲ့ ကိုယ့်တာဝန်ကို ကိုယ်သိပြီး စိတ်ပိုင်းဆိုင်ရာ သန်မာ ကြံ့ခိုင်တာမျိုးပါ။
စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်ရုံနဲ့ပြီးသွားပြီလားဆိုတော့လည်း မပြီးသေးပါဘူး။
စိတ်ဓာတ်ကောင်းမွန်ဖို့လည်းလိုပါသေးတယ်။
စိတ်ဓာတ်ချို့ယွင်းမှုကိုမပြုပြင်နိုင်တဲ့ လူမှုကွန်ယက်ဟာ တက်လမ်းမရှိပါဘူး။
နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး အစရှိတဲ့ကဏ္ဍတို့မှာ စိတ်ဓာတ် ကအခြေခံအုတ်မြစ်ဘဲဖြစ်ပါတယ်။
စိတ်ဓာတ်ကောင်းမွန်ခြင်းကို ထပ်မံခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင်တော့
ကိုယ်ချင်းစာတရားနဲ့ တာဝန်ယူစိတ်တို့ကို
တွေ့ရမှာဘဲဖြစ်ပါတယ်။
စိတ်ဓာတ်ကောင်းတွေကိုပျိုးထောင်ရာမှာ ပထမအချက်အနေနဲ့လူသားချင်းစာနာတတ်ဖို့လိုပါတယ်။သူတစ်ပါးဒုက္ခရောက်မှ ကိုယ်ထမင်းဝမဲ့ကိစ္စမျိုးကို ရှောင်ကြဥ််ရပါမယ်။ကိုယ့်ထက်ငယ်သူကိုဖြစ်စေ၊ရွယ်တူကိုဖြစ်စေ၊
ကိုယ့်ထက်ကြီးသူကိုဖြစ်စေကိုယ်ချင်းစာတတ်ရပါမယ်။လူတွေက ကိုယ်အလှည့်မရောက်သေးရင်၊ကိုယ်မခံစားရသေးရင် သူများကို ကိုယ်ချင်းမစာတတ်ကြတာများပါတယ်။
ကိုယ်ချင်းမစာတတ်လို့အသက်ပါဆုံးရှုံးလိုက်ရတဲ့ ပုံပြင်ကလေးကို ပြောပြသွားပါမယ်။
တစ်ခါက ရွာတစ်ရွာမှာရှိတဲ့ လယ်သမားဇနီးမောင်နှံတို့အိမ်မှာကြွက်ကလေးတစ်ကောင်ရယ်၊ကြက်ဖကြီးတစ်ကောင်ရယ်၊ဝက်တစ်ကောင်ရယ်ရှိကြသတဲ့။ကြွက်ကလေးက လယ်သမားလင်မယားရဲ့ဆန်တွေကို ခိုးခိုးစားလေ့ရှိတာပေါ့။အဲ့ဒီလိုနဲ့ တစ်နေ့မှာကြွက်ကလေးကိုဖမ်းဖို့ လယ်သမားကြီးကသူ့ဇနီးသည်ကိုကြွက်ထောင်ချောက်ဝယ်ကြဖို့တိုင်ပင်နေတာကို ကြွက်ကလေးကကြားသတဲ့။ဒီတော့ ကြွက်ကလေးက ကြက်ဖကြီးနဲ့ဝက်တို့ကို အကြံပေးကြဖို့အကူအညီတောင်းသတဲ့။ သို့ပေမဲ့ ကိုယ်ချင်းမစာတတ်တဲ့ ကြက်နဲ့ဝက်က "အဲ့ဒါ ကြွက်ထောင်ချောက်ဘဲမလား။ကြက်ထောင်ချောက်နဲ့ဝက်ထောင်ချောက်မှမဟုတ်တာ။ အဲ့ဒါမင်းအပိုင်းလေ၊ငါတို့နဲ့မဆိုင်ဘူး"ဆိုပြီးငေါက်လွှတ်လိုက်သတဲ့။ ဒီလိုနဲ့ ကြွက်ထောင် ချောက်ကြီးရောက်လာပြီးနောက်တစ်နေ့ညမှာ လယ်သမားရဲ့ဇနီးဟာ ကြွက်ထောင်ချောက်ဆီက အကောင်တစ်ကောင်ကောင်ကိုမိသွားတဲ့အသံကြားလိုက်ရသတဲ့။ကြွက်ကိုမိပြီအထင်နဲ့ မှောင်နေတဲ့အဲ့နေရာကိုအပြေးသွားလိုက်တာ အနားရောက်တော့ ကြွက်ထောင်ချောက်မှာမိနေတဲ့မြွေကိုက်လို့ဆုံးပါလေရော။ဒီတော့ လယ်သူမကြီးရဲ့အသုဘကိုကျင်းပဖို့ရပ်ဝေးကဆွေမျိူးတွေတစ်အုပ်ကြီးရောက်လာကြတာပေါ့။လယ်သမားကြီးကလည်းသူတို့ကိုကျွေးစရာဟင်းမရှိတာနဲ့ ကြက်ဖကြီးကို သတ်ပြီးချက် ကျွေးလိုက်သတဲ့။ နောက်ဆုံးမှာတော့ အသုဘနေ့မှာလာကြမဲ့ ဧည့်သည်တွေကိုကျွေးဖို့ ဝက်ကြီးကိုပေါ်လိုက်ပါတော့သတဲ့။
ဒီပုံပြင်လေးဟာဆိုရင်
ကိုယ့်အရေးမဟုတ်ဘူးဆိုပြီး ကိုယ်ချင်းမစာတတ်ကြဘဲ အလေးမထားတတ်ကြသူများရဲ့နိဂုံးကိုဖော််ကျူးပြထားတာပါနော်။
ဒါကြောင့်ကိုယ်ချင်းစာတရားရဲ့အရေးပါပုံကို သိမြင်လာကြလိမ့်မယ်ထင်ပါတယ်။
-------------------------------------------------
ဒုတိယအချက်ဖြစ်တဲ့တာဝန်ယူတတ်မှုနဲ့ပတ်သက်
စပ်လျဥ်းပြီး
ယခုလက်ရှိမြန်မာနိုင်ငံမှာ အဖြစ်များနေတဲ့
အကြောင်းအရာတစ်ခုကို အသားပေးဖော်ပြလိုပါတယ်။
အဲ့ဒါကဘာလဲဆိုတော့ မွေးကင်းစကလေးတွေကို စွန့်ပစ်လာကြတာပါ။ခေတ်လူငယ်တွေဟာ
တစ်ခုခုကို မလုပ်ခင်မှာ အရင်မစဥ်းစား၊မဆင်ခြင်ဘဲ တဇွတ်ထိုးလုပ်တတ်ကြပါတယ်။သို့ပေမဲ့ ရလဒ်အနေနဲ့ဖြစ်လာတဲ့ပြဿနာကိုကျ မရင်ဆိုင်တတ်ကြတော့ပါဘူး။ လူငယ်သဘာဝ ချစ်ကြကြိုက်ကြပြီး
ကျူးကျူးလွန်လွန်တွေဖြစ်ကြတယ်။နောက်တော့ လောကထဲကိုဝင်လာခဲ့တဲ့ကလေးကို အပြစ်ဖို့ကြတယ်။
အစတည်းက တာဝန်မယူနိုင်ရင် အစမပျိုးပါနဲ့။ အပြစ်မရှိတဲ့ ကလေးတွေဘဝဟာ သနားစရာကောင်းပါတယ်။
မိဘမဲ့ဂေဟာတွေက ကလေးမွေးပြီးတဲ့အခါ သွားစွန့်ပစ်ဖို့မဟုတ်ပါဘူး။မိဘလို့ခေါ်ဖို့ မထိုက်တန်လောက်အောင် ရက်စက်ကြတဲ့ မိဘတွေအစား ကလေးတွေကို ကူညီကယ်တင်ဖို့ တည်ထောင်ထားတဲ့ အဖွဲ့အစည်းတွေသာဖြစ်တယ်။စိတ်ရှိတိုင်းလာစွန့်ပစ်ကြဖို့ဖွဲ့စည်းထားတာမျိုးမဟုတ်ပါဘူး။ဒီအဖွဲ့အစည်းတွေဟာ တချို့သော စိတ်ဓာတ်ချို့တဲ့နေတဲ့ မိဘများကိုရှက်တတ်ကြဖို့သင်ပေးနေတာပါ။
မိခင်စိတ်မရှိတဲ့အမျိုးသမီးဟာလည်း မိခင်ဖြစ်ဖို့မထိုက်တန်သလို ဖခင်စိတ်မရှိတဲ့အမျိုးသားဟာလည်း ဖခင်တစ်ယောက်ဖြစ်လာဖို့မထိုက်တန်ပါဘူး။ကိုယ့်ရဲ့လုပ်ရပ်ကြောင့် အပြစ်မရှိတဲ့ ကြားထဲက ကလေးက မြေစာပင်ဖြစ်ရတယ်။
တချို့ဆို အမှိုက်ပုံတွေမှာသွားပစ်ကြတဲ့မိဘတွေလည်း ရှိပါရဲ့။ ကိုယ့်ရင်သွေးဆိုတာကိုယ့်ရဲ့သွေး၊ကိုယ့်ရဲ့ကိုယ်ပွားလေးပါ။ဒါကိုစွန့်ပစ်ရက်တယ်ဆိုတော့ဘယ်လောက်ထိစိတ်ဓာတ်တွေချို့တဲ့နေလိုက်သလဲမတွေးတတ်အောင်ပါဘဲ။တချို့ကျတော့လည်း
သန္ဓေသားကလေးအရွယ်မှာ ဖျက်ချတာမျိုးတွေလုပ်တတ်ကြတယ်။ဖခင်ဖြစ်သူကတာဝန်မယူနိုင်လို့ အစရှိသဖြင့် အကြောင်းပြချက်အမျိုးမျိုးပေးပြီးဖျက်ချကြတာပါ။တကယ်ဆို ဘာအကြောင်းပြချင်နဲ့မှ ကိုယ့်ကလေးတွေကို အဲ့လိုမလုပ်သင့်ပါဘူးနော်။တာဝန်ယူမှု တာဝန်သိတတ်မှုက သိပ်ကိုအရေးကြီးပါတယ်။အသက်တွေဟာ ကယ်တင်ကောင်းပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်
လူတစ်ယောက်မှာစိတ်ဓာတ်က ထိုသူရဲ့အဆင့်အတန်းကိုခွဲခြားရာမှာအဆုံးအဖြတ်တစ်ခုပါဘဲ။ကိုယ်ချင်းစာတရားနဲ့ တာဝန်ယူမှုဟာလည်း လူတစ်ယောက်မှာရှိသင့်တဲ့ အဆင်တန်ဆာပါ။
ဒါတွေကိုထိန်းသိမ်းပြီး ကိုယ့်လူတို့ရဲ့အဆင့်အတန်းကိုမြှင့်တင်ကြပါစို့ရှင်။
------------------------------------
အားလုံးကိုအစဥ်လေးစားလျှက်...
Leo
Keep Reading