တင်ညွန့်
ယုံကြည်မှုသည် အရေးကြီးသည်။
ပညာရေးတွင် ယုံကြည်မှုသည် အရေးကြီးသည်။
ဆရာသည် ကိုယ့်အလုပ်အပေါ်တွင် ယုံကြည်ရမည်။ ကိုယ်တိုင်လည်း ငါသည် ပညာကို သင်ပေးသည့် ဆရာဖြစ်သောကြောင့် အရေးကြီးသည့်နေရာကို တာဝန်ယူထားသူဖြစ်ကြောင်း ယုံကြည်ရမည်။ ငါ့အလုပ်သည် အရေးကြီးသော အလုပ်ဖြစ်ကြောင်းကိုလည်း ယုံကြည်ရမည်။ ငါသင်နေသော ကလေးများ အတွက် ငါ့မှာတာဝန်ရှိသည်ဟုလည်း ယုံကြည်ရမည်။
ယုံကြည်မှုသည် အရေးကြီးကြောင်း တိဗက်ပုံပြင်လေးတစ်ပုဒ်ကို သာဓကပြချင်သည်။
ပုံပြင်ဆိုသည့်အတွက် မဖြစ်နိုင်ဟု ထင်စရာရှိသော်လည်း တွေးဆဆင်ခြင်စရာတွေနှင့်ဖြစ်သည်။
မာပါဆိုသည့် လူငယ်လေးသည် ပုံမှန်အနေအထားမဟုတ်သည့် ကလေးတစ်ယောက်ဖြစ်သည်။ သူသည် တစ်နေ့တွင် ဆရာပညာသင်ကြားနေသည့် နေရာကို ရောက်လာသည်။ ထိုခေတ်က ကျောင်းမရှိသေး။ ကျောင်းဟူ၍လည်း မခေါ်နိုင်သေး။
မာပါက ဆရာဖြစ်သူရှေ့မှောက် ဒူးထောက်လိုက်ပြီး
“ဆရာ ... ဆရာ့ထံတွင် ပညာသင်ကြားပါရစေ” ဟု ဆိုလိုက်သည်။
ဆရာသည် မာပါအကြောင်းကို သိထားသည့်အတိုင်း နောက်ပြောင်သည့် အနေဖြင့်
“ငါ့ထံတွင် ပညာသင်လိုပါက ငါ့ကိုယုံကြည်ရန်လိုသည်” ဟုဆိုလိုက်သည်။
“ဆရာ့ကို ယုံကြည်သည့်အတွက် ဆရာ့ထံရောက်လာခြင်းဖြစ်ပါသည်။ ဆရာကြိုက်တာ ခိုင်းနိုင်ပါသည်”
“ငါခိုင်းတာ တကယ်လုပ်မလား”
“လုပ်ပါမည်”
“ဟိုမြစ်ထဲကို သွားပြီးတော့ လမ်းလျှောက်ပြ”
“ခိုင်းသည့်အတိုင်း လုပ်ပါမည်”
“တစ်ခုတော့ မင်းကို မှာလိုက်မည်။ ငါ့ကို ယုံကြည်သည်ဆိုလျှင် ငါ့အမည်ကိုသာ သင်ရွတ်လေ။ ငါ့အမည်သည့် မန္တန်တစ်ခုကဲ့သို့ တန်ခိုးရှိလှပေသည်။ သင်သည် မဖြစ်နိုင်၊ မလုပ်နိုင်ဟုထင်လျှင် ငါ့အမည်ကိုသာ ယုံကြည်စွာဖြင့် အကြိမ်ကြိမ်ရွတ်လေလော့။ အားလုံး ပြီးမြောက်သွားလိမ့်မည်"
မာပါက ထွက်သွားသည်။
မကြာမီ တပည့်အများက သူတို့ဆရာကို
“ဆရာ ဟိုမှာ မာပါ ရေပေါ်လမ်းလျှောက်နေပါသည် ကြည့်ပါလော့” ဟုဆိုကြသည်။
ဆရာဖြစ်သူက မြစ်ပြင်ထဲကို ကြည့်လိုက်သည်။ မာပါသည် ပျော်ရွှင်စွာဖြင့် ရေထဲတွင် လမ်းလျှောက်လိုက် ကလိုက် လုပ်နေသည်။
ဆရာဖြစ်သူက အံ့ဩသွားပြီး တပည့်များနှင့်အတူ မြစ်ဆိပ်ကို ဆင်းလာသည်။
“မာပါရေ ... လာပါဦးကွ။ မင်းဘယ်လိုများ ရေပေါ်လမ်းလျှောက်နိုင်သလဲကွယ်” ဟုမေးလိုက်သည်။
မာပါက မြစ်ကမ်းကို ပြန်လာပြီး
“ဆရာက ဆရာ့အမည်ကိုတလိုက်လျှင် အားလုံးပြီးမြောက်သွားမည်ဟု ဆိုခဲ့သည် မဟုတ်လော”
“ဆိုခဲ့၏”
“ကျွန်ုပ်သည် ဆရာ့အမည်ကို မန္တန်တစ်ခုပမာ ရွတ်ဆိုကာ မြစ်ပြင်ပေါ်တွင် လမ်းလျှောက်ခဲ့ပါသည်”
ဆရာသည် အံ့အားသင့်သွားသည်။ သူ့အမည်သည် မန္တန်တစ်ခုပမာ အမှန်တကယ်စွမ်းနေပြီလောဟု တွေးလိုက်မိသည်။ သူက လက်တွေ့စမ်းကြည့်ရန် ဆုံးဖြတ်လိုက်ပြီး သူကိုယ်တိုင် သူ့အမည်ကို ရွတ်ကာ မြစ်ထဲကို ဆင်းလိုက်သည်။ ဆရာသည် ရေထဲတွင် မြုပ်သွားသည်။ တပည့်တွေကို လိုက်ဆယ်ရသည်။
အထက်ပါ ပုံပြင်လေးကို ဆင်ခြင်ကြည့်လျှင်
ဆရာဖြစ်သူသည် သူ့ကိုယ်သူပင် ယုံကြည်သူမဟုတ်ဆိုခြင်းမှာ ထင်ရှားနေသည်။
ကိုယ့်ကို ယုံကြည်စိတ်ဖြင့် ရောက်လာသော တပည့်များအပေါ် မည်သို့ သဘောထားသင့်ကြောင်း ဤပုံပြင်လေးက သင်ခန်းစာပေးထားသည်။
ယုံကြည်မှုကို လှောင်ပြောင်ရန် မကြိုးစားပါနှင့်။
ကိုယ်မယုံကြည်သည့် အလုပ်ကို မလုပ်ပါနှင့်။
(Photo Credit : iStock)
တင်ညွန့်
၁၈.၂.၂၀၂၄
Keep Reading