Author's Profile Photo

SarPhat Author

29/02/2024

သိုးကျောင်းသားရဲ့ အနတ္တလွင်ပြင်

1 min read
Book Review
သိုးကျောင်းသားရဲ့ အနတ္တလွင်ပြင်'s photo

ဆန်တီယာဂို ဆိုတဲ့ ကောင်လေးဟာ ဘုန်းတော်ကြီး ဖြစ်စေချင်တဲ့ သူ့မိဘတွေရဲ့ ဆန္ဒကို လျစ်လျူရှုပြီး သိုးကျောင်းသားဖြစ်ဖို့ ရွေးချယ်ခဲ့တယ် ။

သူတို့ သာမန်လယ်သမား လူတန်းစားမှာ
ခရီးထွက်နိုင်တာဆိုလို့ သိုးကျောင်းသားတွေပဲ
ရှိတယ်လို့ အဖေက ပြောဖူးသကိုး ။

သူ့အဖေဟာ အစာနဲ့ရေ ရဖို့ ၊ နေ့တိုင်း တစ်နေရာထဲမှာ အိပ်နိုင်ဖို့ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ထမ်းပိုးထားရတဲ့ သိုးတစ်ကောင်ဘဝနဲ့ နေသားကျနေပြီ ဖြစ်ပေမဲ့ သားဖြစ်သူရဲ့ ဆန္ဒကို မတားဆီးဘဲ ကောင်းချီးပေးခဲ့ပါတယ် ။

ဆန်တီယာဂိုဟာ သိုးတစ်အုပ်နဲ့အတူ အန်ဒါလူစီယာ ဒေသအနှံ့ လှည့်လည်သွားလာခဲ့တယ် ။ နေရာမျိုးစုံရောက်ပြီး လူမျိုးစုံနဲ့ တွေ့ခဲ့တယ် ။ ဒီလို ခရီးသွားခြင်းနဲ့ပဲ သူ့ဘဝက လည်ပတ်နေခဲ့တယ် ။ အီဂျစ်ပိရမစ်တွေဆီမှာ ဝှက်ထားတဲ့ ရတနာတွေ ရှိကြောင်း အိပ်မက်ကို ထပ်ခါတလဲလဲ မမက်ခင်အထိပေါ့ ။

သူ့အိပ်မက်အကြောင်း ဂျစ်ပဆီ အဘွားအိုထံ သွားမေးတော့ အဘွားအိုက အီဂျစ်ကိုသွားပြီး ရတနာတွေ ရှာသင့်ကြောင်းပြောတယ် ။

"ကျနော် အီဂျစ်ကို ဘယ်လိုသွားရမှာလဲ" လို့
ကောင်လေးက မေးတော့ အဘွားအိုက -

"ငါ အိပ်မက်တွေကိုပဲ ဘာသာပြန်နိုင်တယ် ။
အိပ်မက်တွေကို လက်တွေ့ဖြစ်အောင် ဘယ်လိုလုပ်ရသလဲဆိုတာတော့ ငါ မသိဘူး ။ ဒါကြောင့်လည်း ငါ့သမီးတွေ ရှာကျွေးတာကို ငါ စားနေရတာပေါ့" တဲ့ ။

ကောင်လေးဟာ စိတ်အပျက်ကြီး ပျက်ပြီး
သူ့ရဲ့ ပုံမှန်ဘဝထဲ ပြန်ဝင်ရောက်ခဲ့ပေမဲ့
ထူးဆန်းတဲ့ အဘိုးအိုတစ်ယောက်နဲ့ ဆုံတွေ့ချိန်မှာ
သူ့အိပ်မက်က လှုပ်ရှားလာပြန်တယ် ။

အဘိုးအိုက ကောင်လေးကို ပုဂ္ဂလဒဏ္ဍာရီဆိုတဲ့
ခပ်ဆန်းဆန်း စကားလုံးအကြောင်း ရှင်းပြတယ် ။
ပုဂ္ဂလဒဏ္ဍာရီအကြောင်း ကြားပြီးချိန်မှာတော့
သိုးကျောင်းသားလေးဟာ အရှိန်ပြင်းပြင်း တိုက်ခတ်လာတဲ့ လီဗန်တာ လေထဲမှာ ကန္တာရအနံ့အသက်တွေ ၊ မသိနိုင်ခြင်းတွေ ၊ အိပ်မက်တွေ ပါနေတာကို သတိထားလာမိတယ် ။

လေရဲ့ လွတ်လပ်မှုကို ကောင်လေး မနာလိုဖြစ်လာပြီး သူလည်း လေလို လွတ်လပ်နိုင်တယ်လို့ ယူဆလာမိတယ် ။

ဒီယူဆချက်နဲ့အတူ သူ့ရဲ့ ပုဂ္ဂလဒဏ္ဍာရီအတွက်
စွန့်စားခန်းတစ်ခု စတင်လာပါတော့တယ်...။

နေရာအသစ် ၊ လူအသစ် ၊ အိပ်မက်အသစ် ၊
အတွေ့အကြုံအသစ်တွေကလည်း
သူ့ကို စောင့်ကြိုနေပါတော့တယ်...။

...

ရှေ့ပိုင်းအကြောင်းအရာတချို့ကို ကျနော်
အကျဥ်းချုပ်ပြီး ညွန်းပေးတာဖြစ်ပါတယ် ။

ကျနော့် အကျဥ်းချုပ်မှုက အားနည်းနေမှာ ဖြစ်တာကြောင့် ကိုယ်တိုင် ဖတ်ကြည့်ဖို့ပဲ အကြံပြုပါတယ် ။

ပုဂ္ဂလဒဏ္ဍာရီဆိုတာကို ဆရာမိုးသက်ဟန်က
စကားဦးမှာ အခုလို ပြောပြထားပါတယ် ။

'လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်အိပ်မက်တွေ ရှိတတ်ကြပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်အိပ်မက်၊ ဒါမှမဟုတ် ကိုယ့်နှလုံးသားရဲ့ တောင့်တမှုဟာ ပုဂ္ဂလခေါ်သံ (personal calling) (ဝါ) ပုဂ္ဂလဒဏ္ဍာရီ (personal legend) လို့ ပေါ်လိုကိုးဟို (မူရင်းစာရေးဆရာ)က အမည်နာမသတ်မှတ်ပေးထားပါတယ် ။ ကိုယ့်ရဲ့ အိပ်မက်တွေနောက် ရဲဝံ့စွာ လိုက်ပါရဲစေဖို့ ပေါ်လိုကိုးဟိုက ဝတ္ထုပါဇာတ်ကောင် သိုးကျောင်းသားလေး ဆန်တီယာဂိုကနေတစ်ဆင့် တိုက်တွန်းထားပါတယ်။ '

သိုးကျောင်းသားရဲ့ အနတ္တလွင်ပြင် (The Alchemist)ဟာ ရိုးရှင်းလွယ်ကူတဲ့ ပုံပြင်ဆန်ဆန်ဝါကျတွေနဲ့ တည်ဆောက်ထားပေမဲ့ ရသမြောက်တဲ့ စာပေအနုပညာ လက်ရာတစ်ခုဖြစ်သလို
စာဖတ်သူကို ဘဝနေနည်း ဒဿနတွေ ၊
နှလုံးသားတွေ ၊ ခွန်အားတွေ ပေးစွမ်းနိုင်တဲ့
ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်ပါသတဲ့ ။

Magical Realism ဝတ္ထုတွေ ကျနော် ကြိုက်ပါတယ် ။ဒီ ဘာသာပြန်ဝတ္ထုကို ဆယ်တန်းကျောင်းသားဘဝမှာ အကြိမ်ကြိမ် ပြန်ဖတ်တဲ့အထိ စွဲလန်းခဲ့ဖူးပါတယ် ။ သိုးကျောင်းသား ဆန်တီယာဂို ကန္တာရလေ ဖြစ်သွားသလို ကျနော်လည်း မြို့ပြလေညှင်း ဖြစ်သွားနိုင်တယ်လို့ စိတ်ကူးယဥ်ခဲ့ဖူးပါတယ် ။

အေးချမ်းတဲ့ ညနေခင်းတစ်ခုမှာ ကော်ဖီတစ်ခွက်ဖျော်ရင်း ဒီဝတ္ထုကို အရသာခံ ဖတ်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်ဗျာ ။ ။

Keep Reading

တိမ်နဲ့ချည်တဲ့ကြိုး-ဂျူး🏔️လူဟူသည် ကျွန်း တစ်ကျွန်းပမာ အထီးတည်း မဟုတ်ပါ။ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်သုံး (၆-၁၀) Two SistersBook Reviewဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဆာကူရာထက် လှပါစေဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၁၅-၂၅) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) မွှေး-ခင်နှင်းယု