Author's Profile Photo

SarPhat Author

30/12/2023

Content Writing နှင့် Copywriting က ဘာကွာလဲ?

1 min read
Life Style
Personal Development
General Knowledge
Content Writing နှင့် Copywriting က ဘာကွာလဲ?'s photo

အခုနောက်ပိုင်း Social Media တွေ ခေတ်စားလာတဲ့အခါ Content Writing နဲ့ Copywriting ဆိုတဲ့ အလုပ်အကိုင်တွေဟာလည်း လူငယ်တွေအတွက် ရွေးချယ်စရာတစ်ခု ဖြစ်လာပါတယ်။

တစ်ချို့ကတော့ ဒီနှစ်ခုကြားက ကွာခြားချက်ကို ကွဲကွဲပြားပြား မသိကြသလို၊ Copywriting ဆိုတာ တစ်ခြား Page ကနေ Copy ကူးပြီး ရေးပေးရတာလို့ ထင်နေသူတွေလည်း ရှိနေပါတယ်။

ဒါကြောင့်မို့ ကျွန်တော်ကနေ Content Writing နဲ့ Copywriting တို့ကြားက အဓိကခြားနားချက်ကို ပြောပြပေးချင်ပါတယ်။

အရင်ဆုံး Content Writing ဆိုတာ?

Content Writing ဆိုတာက စာတစ်ပုဒ်ကို ကောင်းကောင်းဖန်တီးတတ်တဲ့ အနုပညာကို ခေါ်ပါတယ်။ စာရေးခြင်းဖြင့် စာဖတ်တဲ့ ပရိသတ်တွေဆီကို အချက်အလက်တွေ၊ အတွေ့အကြုံတွေကို မျှဝေပေးမယ်။ Content Writer တစ်ယောက်ရဲ့ Content ကို ဖတ်လိုက်တဲ့သူတိုင်းကို ပျော်ရွှင်စေချင်တယ်၊ ရင်ထဲ ပေါ့ပါးသွားစေမယ်။

Content Writing မှာ လူတွေကို Brand အကြောင်း Educate လုပ်ဖို့ရည်ရွယ်ပြီး၊ ဖျော်ဖြေရေးတွေ၊ သတင်းဆောင်းပါးရေးသားခြင်းတွေ ပါ၀င်ပါတယ်။ Content Writing ဟာ လူတွေကို Website ပေါ်မှာ ကြာကြာရှိနေစေဖို့နှင့် Brand နဲ့ ပိုမိုထိတွေ့မှုရှိဖို့ (Engagement) လည်း ဖြစ်ပါတယ်။

Interview ဖြေတဲ့အခါ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို Sharing လုပ်ပေးတာတွေ စသဖြင့် စာဖတ်သူတို့ရဲ့ ရင်ထဲမှာ တစ်ခုခုကျန်သွားအောင် ရေးသားနိုင်တဲ့ အရေးအသားကို ပြောတာဖြစ်တယ်။

အချိန်ပေးပြီး ဖတ်လိုက်ရတဲ့ စာဖတ်သူတို့အတွက်လည်း အကျိုးရှိစေတဲ့ အရေးအသားမျိုးဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင် Blog Posts တွေ၊ Podcast တွေ၊ Movie review စတာတွေက Content Writing တွေပါပဲ။

ဒါဆို…Copywriting ဆိုတာကရော ဘာလဲ?

Copywriting ကတော့ နည်းနည်းကြော်ငြာဆန်သလို Content Writing လည်း ပါတာမို့ သူ့တာ၀န်က ပိုမိုကြီးလေးတယ် ဆိုရမှာပဲ။ Copywriter တွေကတော့ မိမိ Brand ကို အရောင်းတက်အောင်၊ လူတွေ၀ယ်ချင်လာအောင် Idea တွေ၊ Ideology တွေနဲ့ ဆွဲဆောင်ရပါတယ်။

Content Writing ကတော့ Brand အကြောင်း လူတွေကို ပညာပေးမိတ်ဆက်တဲ့အခါ ပိုမိုအသုံးပြုပါတယ်။ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်း အတွက်ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာအတွက်ပဲဖြစ်ဖြစ် တိုးတက်စေအောင် ရည်ရွယ်ချက်နဲ့ ရေးသားခြင်းဖြစ်ပါတယ်။

Copywriting ဆိုတာက လူတွေကို ပစ္စည်းဝယ်ချင်လာအောင် ရေးသားတတ်ခြင်း၊ ပစ္စည်းတစ်ခုခုရဲ့ အရည်သွေးကို သဘောကျနှစ်သက်လာအောင် ရေးသားတတ်ခြင်း (စျေးရောင်းတတ်ခြင်း) အနုပညာကို ခေါ်တာ ဖြစ်ပါတယ်။

ဥပမာ -

အစပ်တွေစားလို့ ဝက်ခြံအဖုတွေ ထွက်နေပြီလား? ဒါဆို ဒီ Brand လေး သုံးလိုက်ရင် တစ်ပတ်အတွင်း ပျောက်သွားလိမ့်မယ်နော်…

ဒီနှုတ်ခမ်းနီလေးက Matte Type ဆိုပေမဲ့လည်း ရေဓာတ်ကို ပြန်ဖြည့်ပေးတဲ့ အစွမ်းလေးလည်း ပါတယ်နော်၊ ဒါဆို နှုတ်ခမ်းခြောက်မှာကို စိုးရိမ်စရာမလိုတော့ဘူး.... စသဖြင့် Customer တွေကို ဝယ်ချင်လာအောင် ဆွဲဆောင်တတ်တဲ့ အရေးအသားမျိုး ဖြစ်ပါတယ်။ ​

ကြော်ငြာတွေရဲ့ နောက်ဆုံးမှာဆိုရင် ဖုန်းနံပါတ်လေးတွေထည့်တာ သတိထားမိကြမှာပါ။ အဲ့ဒါကို Call to Action (CTA) လို့ ခေါ်ပါတယ်။ CTA က Copywriting မှာ အရေးကြီးဆုံးပါပဲ။

Customer တွေလည်း ဒီပစ္စည်းကို သုံးလိုက်ရင် အကျိုးရှိစေသလို၊ Brandတွေရဲ့ ပိုင်ရှင်တွေရော နှစ်ဦးနှစ်ဖက် အကျိုးရှိစေတဲ့ အရေးအသားမျိုးဖြစ်ပါတယ်။ Ads၊ Slogans၊ SEO Content၊ Email Campaigns၊ Billboards၊ Social Media စတာတွေက Copywriting အမျိုးအစားတွေ ဖြစ်ပါတယ်။

အခုဆို အပေါ်မှာပြောပြထားတာတွေကို သေချာဖတ်ပြီးပြီဆိုရင် Content Writing နဲ့ Copywriting ဘာတွေကွာလဲဆိုတာ သေချာနားလည်သွားပြီလို့ ထင်ပါတယ်။ Company တွေက အလုပ်ခေါ်တဲ့အခါမှာလည်း Content နဲ့ Copywriter ဆိုပြီး (2) မျိုး ခွဲခေါ်တာတွေရှိတယ်။

အဲ့ဒီအခါမှာ ကိုယ်က သေသေချာချာ သိအောင်လုပ်ထားပြီးတော့ ဘာကို လုပ်ချင်တာလဲ၊ ကိုယ်က ဘာကို ဝါသနာပါလဲ ဆိုတာကို ဆုံးဖြတ်ပြီးတော့ လျှောက်သင့်တယ်လို့ အကြံပေးချင်ပါတယ်။ ဆိုတော့…နောက်နေ့မှာ ပြန်တွေ့ကြပါမယ်ခင်ဗျာ။ ။

Keep Reading

အသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ သားဆိုးအမေ