ရွှေငါး
“ရှူး ရှူး... သွားစမ်း ဒီခွေးကတော့” လို့ ဆိုင်ကယ်စီးလာတဲ့သူက သူ့ကို မောင်းထုတ်လိုက်တယ်။
“ဟဲ့ ရှူး ရှူး” လို့ မိန်းမတစ်ယောက်က အော်နေပြန်တယ်။
“အဲ့လမ်းဘေးခွေးနားမကပ်နဲ့ သမီး။ မကိုင်နဲ့”
“ချစ်စရာလေး”
“ဘာ ချစ်စရာလေးလဲ အဲ့ဒါ လမ်းဘေးခွေး” တဲ့။
“ရှူး သွား သွား” လို့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်က အော်ပြီး ရေနွေးနဲ့ လှမ်းပတ်လိုက်တယ်။
“ငါ့ဆိုင်လာစားတဲ့သူတွေ ကြောက်ကုန်တော့မှာပဲ ဒီခွေးကတော့” တဲ့။
သူတို့ အော်ပြီးမောင်းထုတ်ကြတဲ့ အပြုအမူတွေ အသံတွေ မျက်နှာတွေကြောင့် အညိုရောင်ခွေးပိန်မလေးဟာ ကြောက်လန့်နေတဲ့မျက်နှာလေးနဲ့ ချောင်တစ်ချောင်မှာကပ်ပြီး သွားဝပ်နေလိုက်ရတယ်။ အားလုံးက သူ့ကိုတွေ့တိုင်း “ရှူး ရှူး”နဲ့ မောင်းထုတ်ကြတော့ ခွေးညိုလေးဟာ သူ့နာမည်သူ “ရှူး” လို့ ထင်နေရှာပြီ။
“ရှူး” ဆိုတဲ့ ခွေးညိုမလေးဟာ တကယ်တော့ သူတို့ပြောသလို လမ်းဘေးမှာလေလွင့်နေတဲ့ လမ်းဘေးခွေးမဟုတ်ပါဘူး။ သူ့မှာ မိသားစု ရှိခဲ့ဖူးတယ်။ ဒါပေမယ့် သူ့ပိုင်ရှင်ကောင်လေးက အမြဲစိတ်တိုနေတတ်တယ်။
“ငါ့ကို တစ်ခုခုလုပ်ပြစမ်း ငါပျင်းတယ်” လို့ ပိုင်ရှင်ကောင်လေးက ပြောတယ်။
ရှူးနားမလည်ဘူး။ ရှူးက ကောင်လေးကို ကြည့်နေရရင်ကို ပျော်နေတာ။
“ဒါဆို သွား တုတ်ကောက်လာခဲ့” လို့ ကောင်လေးက ဒုတ်တစ်ချောင်းကို အဝေးဆီပစ်လိုက်တယ်။
ရှူး သဘောမပေါက်ဘူး။ ရှူးက ကောင်လေး မုန့်ကျွေးမလားလို့ စောင့်နေမိတာ။
“ဒါဆို မတ်တပ်ရပ်ပြစမ်း”
ရှူး မသိဘူး။ ရှူးကြောင်တောင်တောင်လေး ကြည့်နေမိတယ်။ ပက်လက်လေးလှန်ပြီး ကောင်လေးသူ့ကို ပွတ်သပ်ကစားပေးဖို့ မျှော်လင့်မိနေတယ်။
နောက်တော့ ကောင်လေးဟာ ရှူးနဲ့ ကစားရတာ ပျင်းလာတယ်။ အရင်တုန်းက ခွေးကလေးတစ်ကောင် သိပ်လိုချင်လို့ဆိုပြီး မိဘတွေကို ပူဆာလိုက်တာပဲ။ ခုတော့ ကောင်လေးက မချစ်ချင်တော့ဘူး။ အရုပ်အသစ်ဝယ်တာကမှ ကောင်းသေးတယ်လို့ တွေးနေပြီလေ။
ရှူးကို ကျွေးမွေးရတာ အလုပ်ရှုပ်တယ်လို့ မြင်လာကြတဲ့ ကောင်လေးတို့ မိသားစုဟာ ဆုံးဖြတ်ချက်တစ်ခုကို လွယ်လွယ်ပဲ ချလိုက်ကြပါတော့တယ်။
“ငါတို့ ဒီခွေးကို သူများပေးပစ်လိုက်တော့မယ်”
“ဘယ်သူက ယူမှာလဲ။ ဒီလောက် ဘာသင်သင်မတတ်တဲ့ ခွေးကို”
“ဒါဆိုလည်း တစ်နေရာမှာ ပစ်ခဲ့လိုက်ကြတာပေါ့” တဲ့။
ဒီလိုနဲ့ ကောင်လေးရဲ့အဖေဟာ ရှူးကို ဘတ်စ်ကားမှတ်တိုင်တစ်ခုမှာ ထားပစ်ခဲ့လိုက်ပါတော့တယ်။ ဘယ်တော့မှလည်း ပြန်မလာတော့ပါဘူး။ ရှူးကတော့ ကောင်လေးဖြစ်စေ ကောင်လေးဖေဖေဖြစ်စေ သူ့သခင်တွေပြန်လာခေါ်မယ်အထင်နဲ့ အဲ့နေရာလေးမှာပဲ ရက်ပေါင်းများစွာ စောင့်နေခဲ့တာပေါ့။ ဒါပေမယ့် ရှူးကို ဘယ်သူကမှ ပြန်လာမခေါ်တော့ပါဘူး။
အချိန်တွေလည်း တဖြည်းဖြည်းကုန်ဆုံးလာတယ်။ ခုတော့ ရှူးဟာ အရင်နဲ့မတူတော့ဘဲ သူ့အမွေးတွေဟာ ညစ်ပတ်ပေတူးနေပြီး လမ်းဘေးခွေးလေးစစ်စစ်ဖြစ်နေရှာပြီ။ သူ့ဝမ်းစာအတွက်လည်း အမှိုက်ပုံးတွေမှာ ရှာဖွေစားသောက်တတ်နေပြီလေ။
ဒီလိုနဲ့ ပူအိုက်တဲ့ နွေကနေ အေးစက်စိုစွတ်တဲ့ မိုး၊ ပြီးတော့ လေအေးတွေတအားတိုက်တဲ့ ဆောင်းတောင်ရောက်ရောပေါ့။ ချမ်းပြီးခိုက်ခိုက်တုန်နေတဲ့အပြင် အရိုးပေါ် အရေတင် ပိန်ကပ်နေတဲ့ ရှူးဟာ ဒီကာလတစ်လျှောက်လုံး သူနေနေကျ အမှိုက်ပုံလေးကိုပဲ မှီခိုရင်း တစ်ကောင်တည်း ရှင်သန်နေရရှာပါတော့တယ်။ ဒါပေမယ့် ဘယ်လောက်ပဲရှာစားစား ထမင်းသိုး ဟင်းကျန်တွေဟာ ရှူးရဲ့ တဂွီဂွီမြည်ပြီးဟာနေတဲ့ ဝမ်းဗိုက်ပိန်ပိန်ကလေးကို ပြည့်အောင် ဘယ်တော့မှ မဖြည့်ပေးနိုင်ခဲ့ပါဘူး။
တစ်နေ့တော့ အောင်အောင်ဆိုတဲ့ ကောင်လေးတစ်ယောက် သူ့အမှိုက်ပုံနားကို ရောက်လာတယ်။ သူက ရှူးနားကိုကပ်လာပြီး ပြုံးပြုံးကြီးကြည့်နေတယ်။ ပြီးတော့ အိတ်ထဲကနေ ထမင်းဘူးကို ဆွဲထုတ်လိုက်ပြီး ဘူးမှာကျန်နေတဲ့ ထမင်းနဲ့ဟင်းကို ရှူးအတွက် ချကျွေးတယ်။
“ဟေ့ လာလေကွာ လာစားပါ။ မင်းကြည့်ရတာ သိပ်ပိန်တာပဲ။ မကြောက်နဲ့ လာစား” လို့ အောင်အောင်က ပြောလိုက်တယ်။ ရှူး ခပ်လှမ်းလှမ်းကနေပဲ အောင်အောင့်ကို ကြည့်နေခဲ့ပါတယ်။
အဲ့နေ့ကစပြီး အောင်အောင်ဟာ သူ့ထမင်းဘူးမှာ ထမင်းဟင်းတချို့ကို အမြဲချန်ထားပြီး ကျောင်းပြန်တိုင်း ရှူးကိုလာလာကျွေးပေးတယ်။ အစတော့ ရှူး ရှက်ကြောက်နေမိတယ်။ အောင်အောင် ထမင်းတွေထားခဲ့တဲ့အထိ စောင့်တယ်။ အောင်အောင်ထွက်သွားပြီဆိုမှ သွားစားရဲတယ်။
နောက်ကြာလာတော့ ရှူးဟာ အောင်အောင်နဲ့ နည်းနည်းစီ ပိုရင်းနီးလာခဲ့ပြီ။ အောင်အောင်လာရင် ရှူးပျော်တယ်။ အမြီးလေးနန့်မိတယ်။ အောင်အောင်ကလည်း ရှူးကို စိတ်ရှည်ရှည်နဲ့ ကစားပေးတယ်။
“အဲ့ ဒုတ်ကို သွားကောက်လိုက် ကောင်မလေး”
အောင်အောင်သင်ပေးလို့ ရှူး ဒုတ်လေးတွေလည်း ပြေးကောက်တတ်ပြီ။ ခုဆို အောင်အောင့်ရဲ့ ခြေသံ ချွတ်ချွတ်လို့ ကြားတာနဲ့ ရှူးက အောင်အောင်ဆီ ပြေးကြိုတတ်နေပါပြီ။
တနေ့တော့ အောင်အောင်ဟာ ရှူးနဲ့ ကစားပြီး အိမ်ပြန်လာခဲ့တယ်။ နောက်က အသံကြားလို့ ကြည့်လိုက်တော့ သူ့နောက်ကို ရှူး လိုက်လာတာဖြစ်နေတယ်။ ဒါပေမယ့် မရဲတရဲလေးပေါ့။
အောင်အောင်လှည့်ကြည့်လိုက်ရင် ရှူးက တစ်ခုခုနဲ့ကွယ်ပြီး ပုန်းနေလိုက်တယ်။
အောင်အောင်က ဆက်သွားပြီး လှည့်ကြည့်လိုက် ရှူးက စျေးလှည်းနဲ့ ကွယ်ပုန်းလိုက်။
အောင်အောင်က ဆက်သွားပြီး လှည့်ကြည့်လိုက် ရှူးက အပင်နဲ့ ကွယ်ပုန်းလိုက်။
အောင်အောင်က ဆက်သွားပြီး လှည့်ကြည့်လိုက် ရှူးက ဆိုင်ကယ်နဲ့ ကွယ်ပုန်းလိုက်။
အောင်အောင်ဟာ ရှူးကို မသိချင်ယောင်ဆောင် ဘောင်းဘီအိတ်ထဲလက်ထည့် လေလေးချွန်ပြီး အိမ်ပြန်လာခဲ့တယ်။
အောင်အောင် အိမ်ပြန်ရောက်ပါပြီ။ အောင်အောင်က အိမ်ဘက်ကြည့်ပြီး လှမ်းအော်လိုက်တယ်။
“ဖေဖေ ဒီမှာကြည့်ဦး သားနဲ့ဧည့်သည်တစ်ယောက်ပါလာတယ်။ သူဒီမှာ သားတို့နဲ့ နေလို့ရမလားဟင်” တဲ့။
အောင်အောင်တို့ မိသားတစ်စုလုံးက ရှူးကို ကြိုဆိုကြပါတယ်။
“သနားစရာလေးပါလား။ သူကြည့်ရတာ သိပ်ကြောက်နေတယ်ထင်တယ်။ သားသူ့ကို တကယ်မွေးချင်စိတ်ရှိရင် ဖေဖေတို့ ခွင့်ပြုပါတယ်။ ခဏတာအတွက်ပဲဆိုရင်တော့ မမွေးစားတာကောင်းတယ် သားရဲ့။ သူတို့က သခင်တွေကို သိပ်တွယ်တာတာ။ သူ့ကိုနောက်မှ မလိုချင်တော့ဘူးဆိုရင် သူ့အတွက် မကောင်းဘူး။”
“သား သူ့ကို ခဏအတွက်မဟုတ်ဘဲ တသက်လုံး စောင့်ရှောက်ချင်ပါတယ် ဖေဖေ” လို့ အောင်အောင်က ကတိပေးလိုက်တယ်။
အဲ့နေ့ကစပြီး ရှူးဟာ အောင်အောင်သွားသမျှ ထပ်ကြပ်မကွာလိုက်ပါတော့တယ်။ ရှူးဟာ အောင်အောင့်ကို မျက်စိအောက်က လုံးဝအပျောက်မခံဘူး။ အောင်အောင်ရေချိုးနေရင်တော့ အပြင်မှာစောင့်နေတတ်တယ်။ အောင်အောင်ကျောင်းသွားရင် အောင်အောင့် စာသင်ခန်းအပြင်မှာ စောင့်နေပြန်ရော။ ရှူးက စိတ်ပူနေတာ။ တကယ်လို့ အောင်အောင့်ကိုရော ထပ်မတွေ့ရတော့ရင် ဘယ်လိုလုပ်မလဲ။ အောင်အောင် သူ့ဆီလုံးဝပြန်မလာတော့ရင် ဘယ်လိုလုပ်မလဲဆိုပြီးပေါ့။
ဒီလိုနဲ့ တစ်နှစ်လောက်ကြာသွားပြီ။ ရှူးနဲ့ အောင်အောင်ဟာ ခုတော့ အချစ်ဆုံး အရင်းနီးဆုံး သူငယ်ချင်းတွေဖြစ်နေကြပါပြီ။ ရှူးကလည်း ကောင်းကောင်းနေ ကောင်းကောင်းစားရလို့ ပြည့်ပြည့်ဝဝနဲ့ သိပ်လှတဲ့ ခွေးမလေးတစ်ကောင်ဖြစ်နေပါပြီ။
ခုတော့ ရှူး သိသွားပြီ။ အောင်အောင်ဟာ အပြင်သွားရင် သေချာပေါက်ပြန်လာလိမ့်မယ်လို့လည်း ရှူးနားလည်သွားပြီ။ သူ့ကို ဘယ်တော့မှ ထားသွားမှာမဟုတ်ဘူးလို့လည်း ယုံကြည်သွားပြီ။ ခုဆို ရှူးမှာ နာမည်အသစ်တောင်ရှိနေပြီလေ။
ခြံထဲမှာ ဆော့နေရင်း အောင်အောင်က လှမ်းအော်လိုက်တယ်။
“ဟဲ့ တော်ဖီရေ ငါ့စာအုပ်ပြန်ပေး” တဲ့။
Credit - Strorywaver
Author: Kavitha Punniyamurthi
Illustrator: Sarthak Sinha
#story #ရွှေငါး #ရိုးရာပုံပြင် #folktale #theavocadostoryrecipe
Keep Reading