Author's Profile Photo

တင်ညွန့်

28/02/2025

လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်

2 mins read
Life Style
Education
General Knowledge
လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်'s photo

ဥပဒေသ (၁)

လင်းယုန်ငှက်တို့သည် တစ်ကောင်တည်းသာ ပျံသန်းလေ့ရှိပြီး ပျံလျှင်လည်း အမြင့်ဆုံးနေရာတွင် ပျံသန်းလေ့ ရှိကြသည်။ သူတို့သည် ကျီးကန်း၊ စာကလေး၊ အခြားပမွှား ငှက်တွေနှင့်အတူ ပျံသန်းလေ့မရှိ။

အဓိပ္ပာယ်မှာ

စိတ်ဓာတ်သေးသိမ်သူ၊ ညံ့ဖျင်းသူ၊ အောက်တန်းကျသူတွေကို ရှောင်ပါ။ ထိုသူများသည် ကိုယ့်ကို အထက်သို့ တွန်းတင်မည့်သူများမဟုတ်။ အောက်သို့ ဆွဲချမည့် သူများဖြစ်သည်။ လင်းယုန်သည် လင်းယုန်နှင့်သာ အပေါင်း အသင်းပြုပြီး ပျံသန်းသည်။ ကိုယ်ပေါင်းသည့်သူများသည် လူတော်လူကောင်းများဖြစ်ရန်လိုသည်။

ဥပဒေသ (၂)

လင်းယုန်ငှက်များသည် သားကောင်၏ နေရာကို တိကျစွာ ခန့်မှန်းမြင်နိုင်စွမ်းရှိသူများ ဖြစ်ကြသည်။ ၅ ကီလိုမီတာ အကွာအဝေးအထိ ပြတ်သားစွာမြင်နိုင်သည်။ သူ့ရှေ့တွင် မည်သည့်အတားအဆီး၊ အဖြတ် အသန်းတွေ ရှိနေသည်ဖြစ်စေ သူအာရုံစူးစိုက်ထားသည့် သားကောင်ကို မျက်ခြေပြတ်ခံလေ့မရှိဘဲ ထိုးသုတ် နိုင်စွမ်းရှိကြသည်။

အဓိပ္ပာယ်မှာ

အောင်မြင်လိုသူတိုင်း ကိုယ့်ဦးတည်ချက်ကိုသာ စူးစိုက်အာရုံထားရန်လိုသည်။ ကိုယ့်ကိုမည်သည့် အတားအဆီး ပိတ်ပင်မှုများကိုမဆို ကျော်လွှားဖြတ်ကျော်ပြီး ပန်းတိုင်ကိုအရောက်သွားနိုင်ရမည်။

ဥပဒေသ (၃)

လင်းယုန်ငှက်တို့သည် အခြားသူများ သတ်ဖြတ်ထားသည့် သားကောင်အသားကို စားလေ့မရှိ။ သူတို့ကိုယ်တိုင် အမဲလိုက်ပြီး ရလာသည့် သားကောင်ကိုသာ စားလေ့ရှိသည်။

အဓိပ္ပာယ်မှာ

အတိတ်ကအောင်မြင်ခဲ့မှုတွေကို ပြန်ပြောင်းတမ်းတ လွမ်းဆွေးနေရန်မဟုတ်ပါ။ အနာဂတ်တွင် ဘာတွေကို ပြင်ဆင်ရမည်ဆိုခြင်းကိုသာ ဆင်ခြင်သုံးသပ်နေရမည်။ အတိတ်ကို အတိတ်မှာထားခဲ့နိုင်ရမည်။ မျက်မှောက်ကိုရှေ့ရှု အောင်မြင်မှုကို ရအောင်လုပ်ရမည်။

ဥပဒေသ (၄)

လင်းယုန်ငှက်တို့သည် မုန်တိုင်းကိုချစ်ကြသည်။ မိုးတိမ်တွေထူပြီး မှောင်လာလျှင် သူတို့စိတ်လှုပ်ရှားကြသည်။ ထိုမုန်တိုင်းထက် မြင့်သည့်အထက်ကို သူတို့ ပျံသန်းတက်ကြသည်။ မုန်တိုင်းကို ရင်ဆိုင်တိုး၍ ထိုမုန်တိုင်းထဲကို ထိုးဖောက်ဝင်ရောက်ပြီး အမြင့်ကိုရောက်အောင်ပျံသည်။ သူတို့သည် အမြင့်ကိုမကြောက်။ အထက်ကို ရောက်ခြင်းသည် သူတို့အတွက် ကြောက်စရာမဟုတ်၊ စိန်ခေါ်မှုတွေဖြစ်နေတတ်သည်။ မြင့်လေ သူတို့အတွက် အကျိုးရှိလေဟု ခံယူထားသည်။

အဓိပ္ပာယ်မှာ

စိန်ခေါ်မှုတိုင်းကို ရင်ဆိုင်နိုင်ရမည်။ အခက်အခဲများသည် မိမိကိုပိုပြီး သန်မာစေကြံ့ခိုင်စေနိုင်သည်။ မုန်တိုင်းကို အသုံးချကာ အမြင့်ကိုရောက်အောင်ပျံသလို၊ အခက်အခဲကိုရင်ဆိုင်ပြီး ထိပ်ကိုတက်နိုင်အောင် ကြိုးစားရမည်။ အခက်အခဲတို့သည် ကြောက်စရာမဟုတ်။ စိန်ခေါ်မှုများသည် ကိုယ့်အတွက် အကျိုးအမြတ်ကို ရစေနိုင်မည့် အခွင့်အရေးများဟု မှတ်ယူနိုင်ရမည်။

ဥပဒေသ (၅)

လင်းယုန်ငှက်တို့သည် အမြဲလေ့ကျင့်ပေးကြသည်။ သူတို့သည် သားသမီးတွေ မွေးထားလျှင်ပင် အသိုက်ထဲတွင် သက်သောင့်သက်သာ ကြီးပြင်းစေသည်မဟုတ်။ အမွေးနုများရှိနေလျှင်ပင် ဖယ်ရှားပစ်တတ်သည်။ ပျံနိုင်သည့် အချိန်ရောက်လျှင်လည်း အသိုက်ထဲမနေနိုင်အောင် လုပ်ကြသည်။

အဓိပ္ပာယ်မှာ

အမြဲတန်း သက်သောင့်သက်သာနေနိုင်သည့် (Comfort Zone) မျိုးကို သားသမီး၊ လက်အောက်ငယ်သားများ အတွက် မစီစဉ်ပေးသင့်ပါ။ ကိုယ့်ခြေထောက်ပေါ် ကိုရပ်နိုင်သည့် အနေအထားရှိလာသည်နှင့် လက်လွှတ်ပေး နိုင်အောင်ကြိုးစားသင့်သည်။

ဥပဒေသ (၆)

လင်းယုန်ငှက်တွေ အသက်ကြီးလာလျှင် အမွေးတွေ ကျွတ်လာသည်။ အမြင့်ကို သိပ်ပြီး ပျံသန်းနိုင်စွမ်း တွေလည်း မရှိတော့။ သူတို့ အားအင်တွေယုတ်လျော့လာပြီး မကြာမီ သေတော့မည်ကိုသိသည်နှင့် ပြင်ဆင်တော့သည်။ လူတွေ တိရစ္ဆာန်တွေနှင့်ဝေးရာ တောင်တွေပေါ်တွင် သွားရောက်နေထိုင်လေ့ရှိကြသည်။ သူတို့ ခိုနားရန်နေရာရောက်သည်နှင့် ကိုယ်ပေါ်က အမွေးတွေကို ဆွဲနုတ်ပစ်သည်။ သူတို့နှုတ်သီးကိုလည်း ချိုးလိုက်သည်။ ခြေသည်းတွေကိုလည်း ကျောက်ကြားနှင့်ညှပ်ပြီး ချိုးလိုက်ကြသည်။ သွေးတွေထွက်ပြီး နာကျင်သော်လည်း ကြိတ်မှိတ်နေကြသည်။ မကြာမီ သူတို့တွင် အမွေးသစ်တွေ ပြန်ထွက်လာသည်။ နှုတ်သီးနှင့် ခြေသည်းတွေကလည်း အသစ်ပြန်ထွက်လာကြသည်။ ထိုအချိန်မှ အပြင်ကို ပြန်ထွက်ကာ အမြင့်ကို ထပ်ပျံကြသည်။

အဓိပ္ပာယ်မှာ

ကိုယ့်ထံတွင် စွဲနေသော အတွေးအခေါ်ဟောင်း၊ အယူအဆဟောင်း၊ အကြံဉာဏ်ဟောင်းတွေကို စွန့်ပယ် သင့်သည့်အချိန်ရောက်လျှင် စွန့်ပယ်ရန်ဖြစ်သည်။ အနာဂတ်ကို ဝန်ထုပ်ဝန်ပိုး အဟောင်း အစုတ်အပြတ်တွေ မသယ်သွားပဲ အသစ် အသစ်တို့ဖြင့်သာ ရှေ့သို့ဆက်လက်ချီတက်ရန်ဖြစ်သည်။

(Ref: Leadership Principles that we can learn from an Eagles)

တင်ညွန့်

၂၈.၂.၂၀၂၅

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအပေါ်ယံသမားစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)