မြ (စံကားဝါမြေ)
မြ ဒီနေ့ ရေးဖြစ်တဲ့ ဆောင်းပါးလေးက မြကို လူတစ်ချို့က လာပြောကြတာပေါ့နော်။ "အစ်မရယ် အစ်မက တော်လိုက်တာ ပြိုင်ပွဲတွေမှာဆို ဆုမလွဲတဲ့အပြင် ပထမဆုချည်း အများဆုံးရတာနော်" တဲ့။ မြ အခုလို ရေးလိုက်တာက မြ ဆုရတဲ့အကြောင်းကို ကြွားဝါပြီး ရေးသားခြင်းမျိုး မဟုတ်ပါဘူးရှင်။ ဒီလိုမျိုး ရလဒ်တွေ ထွက်လာဖို့အတွက် နောက်ကွယ်မှာ အချိန်တွေ ဘယ်လောက်ထိ ရင်းနှီးမြုပ်နှံခဲ့ရသလဲဆိုတာလေးကို ပြောပြချင်လို့ပါရှင်။
တကယ်တော့ မြက စာစီစာကုံးပြိုင်ပွဲတွေကို မူလတန်းတုန်းကတော့ မြေပြင်ကျောင်းမှာ ယှဉ်ပြိုင်ခွင့်မပေးသေးလို့ မပါဝင်ခဲ့ရပါဘူးရှင်။ ဒါပေမယ့် အလယ်တန်း ရောက်တဲ့အခါမှာ မြ ပဉ္စမတန်းနှစ်ကနေစပြီး နှစ်တိုင်း ပါဝင်ယှဉ်ပြိုင်လာခဲ့တာပါရှင်။ မြ (၅)တန်းနှစ်ကဆိုရင် မြတို့ကျောင်းမှာ စာစီစာကုံးပြိုင်ပွဲကို အများဆုံး ကျင်းပတယ်။ ကျင်းပတိုင်းလည်း မြ နာမည်စာရင်းပေးပြီးတော့ ဝင်ပြိုင်တယ်။ တစ်နှစ်လုံးမှာဆို ပြိုင်ပွဲပေါင်း (၁၀)ခုကျော်တော့ လုပ်ဖြစ်တယ်။ မြ ယှဉ်ပြိုင်လာတာ တစ်နှစ်လုံးကို ပြိုင်ပွဲပေါင်း (၁၀)ခုကျော်မှာ မြအတွက် ဆုလေးတစ်ဆုတောင်မှ မရရှိခဲ့ပါဘူးရှင်။ မြက ဆုမရလည်း ဝမ်းမနည်းဘူး။ "ယှဉ်ပြိုင်ချင်းသာ အဓိက" ဆိုတဲ့ ဆောင်ပုဒ်လေးကို လက်ကိုင်ကျင့်သုံးပြီး ဆက်လက်ပါဝင်ယှဥ်ပြိုင်နေခဲ့တာပါရှင်။
နောက်တစ်ခုက (၅)တန်းနှစ်မှာ ပထမဦးဆုံး မူးယစ်ဆေးဝါးအကြောင်း ဟောပြောရတာလည်း ရှိခဲ့ဖူးပါတယ်။ အဲ့တုန်းကဆိုရင် မြ ကြိုပြီး လေ့ကျင့်ထားတာလည်း မရှိဘူး။ ဆရာ/မတွေကလည်း ကြိုမပြောခဲ့ဘူးပေါ့။ အတန်းစီတဲ့အချိန်မှ သိလိုက်တာပါ။ အဲ့တော့ မြ မူးယစ်ဆေးဝါးအကြောင်း တကယ်ကို ဘာမှကောင်းကောင်း သိတာ မဟုတ်ပါဘူးရှင်။ ဒါပေမယ့် တစ်ကျောင်းလုံးအရှေ့မှာ မိုက်ကိုင်ပြီး ပြောရမှာကို သဘောကျလို့ ဝင်ပြောခဲ့ဖူးပါသေးတယ်။ မိုက်ကိုင်ပြီး ပြောချင်လွန်းလို့ ဝင်ပြောခဲ့ပေမယ့် မူးယစ်ဆေးဝါးအကြောင်းတော့ ကောင်းကောင်းမပြောလိုက်ရတာ အမှန်ပါပဲရှင်။ မြ မပြောတတ်၊ ပြောတတ်နဲ့ စင်ပေါ်တက်ပြီး ပြောပေမယ့် မြ "ငါ ပြောလည်းမပြောတတ်ဘူး။ ငါပြောတာ မှားနေမလား။ အဆင်ရောပြေပါ့မလား။" ဆိုတဲ့ စိုးရိမ်ကြောက်ရွံ့စိတ်တွေ မြမှာ မဖြစ်ပေါ်ခဲ့ဘူးရယ်။ မြရဲ့စိတ်ထဲမှာ "ကိုယ် ပြောချင်ရင် ပြောချပစ်မယ်။ လာသမျှပါဝင်တိုင်းကို ပါဝင်ယှဉ်ပြိုင်ပစ်မယ်။ ဆုရတာ မရတာထက် ယှဉ်ပြိုင်ခြင်းသာ အဓိက" ဆိုပြီး အမြဲ ခံယူထားတာပေါ့ရှင်။
ဆိုတော့ (၅)တန်းပြီးတော့ (၆)တန်းပေါ့နော်။ (၆)တန်းနှစ်မှာလည်း ထိုနည်း၎င်းပဲ တစ်နှစ်လုံး ပြိုင်တာပေါ့ရှင်။ အဲလိုပြိုင်ရင်းကနေ (၆)တန်းနှစ်မှာတော့ "ကမ္ဘာ့ဆရာများနေ့" အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲမှာ ကျောင်းတွင်းအဆင့် "တတိယ"ဆုလေး တစ်ဆုတော့ ရရှိလာခဲ့ပြီပေါ့ရှင်။ (၆)တန်းနှစ် တစ်နှစ်လုံးမှာ ပြိုင်ပွဲပေါင်း (၁၀)ခုကျော်ထဲကမှ မြ တစ်ဆုပဲ ရရှိခဲ့တာပါရှင်။
(၆)တန်းပြီးတော့ (၇)တန်းတက်ရော့။ (၇)တန်းမှာကျ လာပြီလေ။ လာသမျှပြိုင်ပွဲတိုင်းမှာ "ဆုမလွဲ ရွှေမျက်မှန်" ဆိုတဲ့ နာမည်ပြောင် ရလာခဲ့ရပြီ။ (၇)တန်းနှစ်မှာတော့ ကျောင်းတွင်းအဆင့်အပြင် မြို့နယ်အဆင့်တွေမှာပါ ဆုတွေ ရရှိလာခဲ့ပြီပေါ့ရှင်။ အဲ့ဒီအချိန်မှာ ရေတွက်ကြည့်လိုက်ရင် မြ ကျောင်းတွင်းစာစီစာကုံးချည်းပဲ စုံညီမှာ (၁၁)ဆု ရရှိခဲ့တာဆိုတော့ ရေတွက်ကြည့်မယ်ဆိုရင် တစ်နှစ်ကို စာစီစာကုံးပြိုင်ပွဲ (၁၁)မျိုးလောက် လုပ်ဖြစ်တဲ့သဘောပေါ့ရှင်။
မြတို့ဘက်မှာက စာစီစာကုံးပြိုင်ပွဲတွေဆိုရင် မြို့နယ်အဆင့်ပြီးရင် ရပ်သွားပြီ။ ခရိုင်အဆင့်နဲ့ တိုင်းအဆင့် မပြိုင်ရတော့ဘူး။ စာစီစာကုံးမဟုတ်ဘဲ "ဘတ်စုံထူးချွန်၊ လူရည်ချွန်၊ မြန်မာစာ/အင်္ဂလိပ်စာ/သင်္ချာ စွမ်းရည်" ပြိုင်ပွဲတွေကတော့ ခရိုင်အဆင့်နဲ့ တိုင်းအဆင့်ထိ တက်ရောက်ယှဉ်ပြိုင်ရပါတယ်ရှင်။
ဒီလိုနဲ့ပဲ မြအတွက်က "Practice is The Best Teacher" လို့ ပြောရမှာပေါ့ရှင်။ မြပြိုင်ပွဲတွေကနေ လေ့ကျင့်ယူတယ်။ အတွေ့အကြုံတွေနဲ့ ယှဉ်ပြိုင်မှုအချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ လိုအပ်ချက်တွေကို သိလာတယ်။ ရေးပုံရေးနည်း အမှားလေးတွေကိုလည်း မြကိုယ်တိုင် မြင်တွေ့လာပါတယ်။ "ထပ်ကာတလဲလဲ လေ့ကျင့်တာက အကောင်းဆုံးဆရာတစ်ဆူ" ပါပဲရှင်။
ဒါက မြ ပြိုင်ပွဲတွေမှ "Practice is The Best Teacher" (ထပ်ကာတလဲလဲ လေ့ကျင့်တာက အကောင်းဆုံးဆရာတစ်ဆူပါ။) လို့ ပြောချင်တာ မဟုတ်ပါဘူးရှင်။ ဘယ်အရာမဆို "Practice is The Best Teacher"ပါပဲရှင်။
ဥပမာ - ကိုယ်က သင်္ချာတွက်မယ်ဆိုရင် သင်္ချာကို ထပ်ကာတလဲလဲ လေ့လာပြီး တွက်ချက်ယူခြင်းက အချိန်ကုန်၊ လူပင်ပန်းဖြစ်တယ်လို့ ထင်ရပေမယ့် တကယ်တော့ စာမေးပွဲရောက်တဲ့အခါမှာဖြစ်ဖြစ်၊ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ဒီပုစ္ဆာကို မြင်လိုက်ရုံနဲ့ ဘယ်လိုတွက်ရမယ်၊ ဘယ်ပုံသေနည်း/ဘယ်ဖော်မြူလာကို သုံးပြီး တွက်ရမလဲဆိုတာကို ပုစ္ဆာမြင်ရုံနဲ့ တန်းသိနိုင်တဲ့အထိ ကျွမ်းကျင်သွားပါလိမ့်မယ်ရှင်။
မြ ယခုလို "ရလဒ်ကောင်းတွေ ထွက်လာဖို့အတွက် နောက်ကွယ်မှာ အချိန်တွေ ဘယ်လောက်ထိ ရင်းနှီးမြုပ်နှံခဲ့ရသလဲ" ဆိုတာကို မြရဲ့ စာဖတ်သူလေးတို့ နားလည်ကြလိမ့်မယ်လို့ ထင်မြင်မိပါတယ်ရှင်။ မြဆိုရင် နှစ်နဲ့ချီပြီး လေ့လာခဲ့ရတာပါရှင်။ အခုမှ "ပထမဦးဆုံးပြိုင် ပထမဆုရ" ဆိုတဲ့ လူတစ်ယောက် မဟုတ်ရပါဘူးရှင်။ မြ အခုပြောနေတာလေးတွေက မြရဲ့ဘဝတစ်ကွေ့မှာ ဖြစ်ပျက်ခဲ့တဲ့ အခိုက်အတန့်လေးကို မြရဲ့ စာဖတ်သူလေးတွေ အားမလျှော့ဘဲ ကြိုးစားချင်စ်တ်တွေ ဖြစ်ပေါ်လာအောင် ရေးသားပေးတာပါရှင်။
ဒါလေးတွေက တကယ့်အဖြစ်မှန်လေးတွေလည်း ဖြစ်ပါတယ်ရှင်။ ဒါကတော့ "မဖြစ်နိုင်ဘူး ထင်တယ်။ ငါ မယုံကြည်ဘူး။" ဆိုရင် မြနဲ့ မြေပြင်ကျောင်းမှာ အတူတူတက်ခဲ့တဲ့ သူငယ်ချင်းတွေကို မေးကြည့်လို့ရပါတယ်ရှင်။
ဒါ့အပြင် လူဆိုတဲ့အမျိုးက အပြစ်တင်စောကြတဲ့ လူမျိုးလေ ဟုတ်တယ်မလား။ အဲ့ဒီတုန်းကလည်း မြကို "မြက ဆုလည်း မရဘဲ ပြိုင်ပွဲတိုင်း လိုက်ပါနေတာပဲ။ ငြိမ်ငြိမ်လေး ထိုင်နေရင် လက်လည်းမညောင်း၊ ဘောပင်လည်း မင်မကုန်၊ အချိန်လည်း မကုန်ဘူး။ အခုတော့ မြက အပိုအလုပ်တွေ လုပ်နေတာပဲ။" ဆိုပြီး ပြစ်တင်ဝေဖန်ပြောဆိုမှုတွေကိုလည်း ခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် မြက အဲ့လိုစကားတွေကို စိတ်ထဲမှာ သိမ်းမထားတတ်ဘူး။ ဘယ်ဘက်နားကဝင်ရင် ညာဘက်နားက ထွက်၊ ညာဘက်နားကဝင်ရင် ဘယ်ဘက်နားက ထွက်သွားတာပဲ။
အဲ့ဒီလိုပါပဲ မြရဲ့ ဆောင်းပါးလေးတွေထဲမှာ မပါမဖြစ် မြရဲ့ Idolလေး Wang Yiboဟာဆိုရင် အခုအချိန်မှာ ကမ္ဘာကျော်မင်းသားတစ်လက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ အခုလိုမျိုး အောင်မြင်ဖို့အတွက် အနာခံပြီး ကြိုးစားခဲ့တာတွေ၊ လူမသိ၊ သူမသိ အမှောင်ထုထဲမှာ ကြိုးစားခဲ့ရတာတွေ၊ နဖူးကချွေး ခြေဖျားထိကျအောင် ကြိုးစားခဲ့တာတွေကလည်း အများကြီးပါပဲရှင်။ တစ်ချို့ကတော့ "ရုပ်ခံလေးကြောင့် အောင်မြင်နေတာပါ။ တကယ်တော်တာ မဟုတ်ပါဘူး။" လို့ ပြောကြပါလိမ့်မယ်။ အဲ့လိုပတ်ဝန်းကျင်ရဲ့ ပြောစကားတွေကို ဝမ်ဝမ်ကလည်း ဂရုမစိုက်သလို မြကလည်း ဂရုစိုက်တတ်တဲ့ လူစားမျိုး မဟုတ်ပါဘူးရှင်။
အဲ့ဒီလိုပါပဲ တစ်ခါက မင်းသားတစ်ယောက်က သူက အရံနေရာတွေကနေပဲ သရုပ်ဆောင်နေခဲ့ရတာကနေ ဇာတ်လမ်းတွဲတစ်ခုမှာ ခေါင်းဆောင်မင်းသားနေကနေ ရိုက်ကူးခွင့်ရပြီး အဲဒီဇာတ်ကားကို ပြသလိုက်တဲ့အချိန် တစ်ညအတွင်းမှာ သူ့ရဲ့အောင်မြင်မှုက အမြင်ဆုံးထိ ရောက်ရှိသွားပါတယ်။ အဲ့လိုအောင်မြင်မှုရလာတဲ့အခါ နောက်တစ်နေ့ မနက်ကြီးရောက်တော့ Mediaတွေကနေ Interview ကြတော့တာပေါ့ရှင်။ အဲ့ဒီလို Interviewတဲ့အခါမှာ "တစ်ညထဲနဲ့ အောင်မြင်အောင် ဘယ်လိုလုပ်ခဲ့သလဲ။" ဆိုတဲ့ မေးခွန်းလေးတစ်ခု သူ့ကို မေးလိုက်တဲ့အခါမှာ သူ ပြန်ဖြေခဲ့တဲ့ အဖြေလေးက "မနေ့က ညတစ်ညရဲ့ နောက်ကွယ်မှာ အမှောင်ထဲမှာ နေ့မနား၊ ညမအိပ် ကြိုးစားခဲ့ရတဲ့ ညပေါင်း အနှစ်(၂၀)ရှိခဲ့ပါတယ်။" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်ရှင်။
ဆိုတော့က အောင်မြင်မှုဆိုတာ "လမ်းဘေးက ဈေးပေါပေါနဲ့ဝယ်လို့ရတဲ့ ခပ်ညံ့ညံ့ပစ္စည်းမျိုး မဟုတ်ပါဘူး။ ထိုက်တန်တဲ့ ရင်းနှီးမြှုပ်နှံမှု၊ ထိုက်တန်တဲ့ ပေးဆပ်မှုတွေနဲ့ အလဲအထပ် လုပ်ယူရတဲ့ တန်ဖိုးကြီးပစ္စည်းဖြစ်ပါတယ်။" ဒါ့ကြောင့် မြရဲ့ စာဖတ်သူလေးတို့ အောင်မြင်မှုကို ရယူချင်ရင် "ဘယ်လိုအန္တရာယ် အခက်အခဲတွေပဲ ကြုံတွေ့နေပါစေ "ဓားတောင်ကို တက်ရတက်ရ၊ မီးပင်လယ်ကိုပဲ ကျော်ဖြတ်ရ ကျော်ဖြတ်ရ" ဇွဲမလျှော့ဘဲ မဆုတ်မနစ် ကြိုးစားကြပါ။ တစ်နေ့မှာ အောင်မြင်မှုရဲ့ အသီးအဖွင့်တွေကို ခူးဆွတ်ခွင့်ရရှိကြပါလိမ့်မယ်။" အောင်မြင်မှုအတွက် ကြိုးစားနေချိန်မှာလည်း "Practice is The Best Teacher" (ထပ်ကာတလဲလဲ လေ့ကျင့်တာက အကောင်းဆုံးဆရာတစ်ဆူပါ။) လို့လည်း စိတ်ထဲမှ စွဲမြဲစွာ မှတ်သားထားဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
21.7.2024(Sunday)
Keep Reading