လေပြေညင်း
ကျွန်မတို့ဟာ မူလတန်းပညာသင်ကြားချိန်မှစလို့ အတန်းပညာသင်ယူပြီးဆုံးချိန် တက္ကသိုလ်ရောက်သည်အထိ ဘဝတွင် စာမေးပွဲများကို အကြိမ်မရေမတွက်နိုင်အောင် ဖြေဆိုခဲ့ရပါတယ်။ ဒါပေမဲ့ စာမေးပွဲရဲ့ အနှစ်သာရဟာ ဘာပါလဲ။ ကျွန်မတို့ တစ်ကြိမ်တစ်ခါ လောက်မျှ မိမိကိုယ်ကိုယ် မေးဖူးပါရဲ့လား။
ဒါပေမဲ့လို့ အချိန်တွေကြာလာတာနဲ့အမျှ ကနဦးရည်ရွယ်ချက်တွေဟာလည်း ရွှေ့ပြောင်းတိမ်းစောင်းလာကြတော့တာပါပဲ။ အထူးသဖြင့် ကျွန်မကြုံတွေ့ဖြတ်သန်းလာခဲ့ရတဲ့ ၁၀ တန်းပညာသင်စနစ်ဟာဆို မိဘတွေအတွက် ဂုဏ်တုဂုဏ်ပြိုင် ကြွားစရာတစ်ခုသာသာ ဖြစ်နေခဲ့ရပါတယ်။ စာသင်ကြားခြင်းဟာ မိမိအတွက်သာ အဓိက ဖြစ်စေရပါမယ်။
ကျွန်မဟာ အထက်တန်းပြီးဆုံးသည်အထိ ကျောင်းသင်ခန်းစာများကို ပေါ့ပေါ့သာတွေးခဲ့ဖူးပါတယ်။ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ စသည့် ဘာသာရပ်များကိုလဲ ကျွန်မအနေဖြင့် စိတ်ပါဝင်စားမှုမရှိခဲ့ပါ။ စာသင်နေရခြင်းကို တာဝန်တစ်ရပ်သာသာ သာတွေးတောပြီး တာဝန်ကျေပွန်ရုံသာ စာကျက်ခဲ့ပါတယ်။ သို့သော် တက္ကသိုလ်တွင် သူငယ်ချင်းတစ်ယောက်နှင့် ဆုံခဲ့ရာမှာ အတွေးအမြင်တွေ များစွာပြောင်းလဲခဲ့ရပြီး ဉာဏ်သစ်ပွင့်လင်းခဲ့ပါတယ်။
ထိုသူငယ်ချင်းဟာ ကျောင်းစာများကို ကျောင်းစာဟူ၍သာသဘောမထား။ သင်သမျှ မှတ်သမျှ စာများကို ဘဝထဲကိုပါ ဆွဲခေါ်လာတတ်သူဖြစ်တယ်။ ထိုသူငယ်ချင်းကို အမှတ်ကောင်းကောင်းဖြင့် အောင်မြင်လာသူ၊ ဂုဏ်ထူးများစွာဖြင့်အောင်မြင်လာသူဟု စာဖတ်တို့ ထင်ပါသလား။ မဟုတ်ပါဘူး။ သူဟာ ပုံမှန်အမှတ်နဲ့ အောင်မြင်သူပါပဲ။ သို့သော် သူရဲ့ ထူးခြားချက်က သင်ယူသမျှစာများကို လက်တွေ့ဘ၀ထဲသို့ စုပ်ယူနိုင်သူ ဖြစ်ခြင်းပါပဲ။ ဒါဟာလည်း သူဟာ စာကိုစာကို သဘောမထား၊ စာကို ဘဝအတွက်သင်ကြားစရာတစ်ခုလိုသဘောထားခြင်းကြောင့်သာဖြစ်ပါတယ်။
မြန်မာစကားပြေကိုလေ့လာသင်ယူခဲ့ရခြင်းကြောင့် လူ့ဘဝမှာလိုအပ်တဲ့ အရည်အချင်းတွေကိုကျွန်မတို့ မြင်တွေ့ခဲ့ရတယ်။ ကဗျာတွေဟာလည်း စာပေကို ချစ်မြတ်နိုးစိတ်ဖြစ်အောင် နိုးဆွပေးခဲ့တယ်။ မြန်မာသဒ္ဒါကိုလေ့လာခဲ့ရခြင်းကြောင့် ကိုယ့်ဘာသာစကားကို ပိုမို တန်ဖိုးထား ချစ်မြတ်နိုးတတ်လာတယ်။ အင်္ဂလိပ်စာ ကိုလေ့လာရခြင်းကြောင့်လည်း ကျွန်မတို့ဟာ အာရှမှာ အင်္ဂလိပ်စာ အဆင့်အတန်းမနိမ့်တဲ့နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်နိုင်ခဲ့တယ်။ သင်္ချာနဲ့ရူပေဗဒ ဟာလည်း ကျွန်မတို့နေ့စဉ်ဘဝမှာ အသုံးပြုနေတဲ့ ဈေးတွက်သင်္ချာကစလို့ ဆိုင်ရာဆိုင်ရာပညာရပ်ပိုင်းအများအပြားမှာလဲ လက်တွေ့အသုံးဝင်တယ်။ ဓာတုဗေဒ၊ ဇီဝဗေဒ တွေကိုသိထားခြင်းဟာလည်း စိုက်ပျိုးရေး၊ ကျန်းမာရေး စသည့် အခြေခံနေ့စဉ်ဘဝမှာလဲ အသုံးချနိုင်တာပါပဲ။ ပထဝီ ဟာလည်း ကျွန်မတို့ရဲ့နေ့စဉ်သွားလာရေးမှာ လိုအပ်တဲ့အခန်းကဏ္ဍတစ်ခုကနေ အမြဲ ပါဝင်နေတာပါပဲ။ သမိုင်းဟာတော့ ကျွန်မတို့ကို မျိုးချစ်စိတ်မြင့်တင်ပေးတယ်။ ရှေးလူတွေ ကျူးလွန်ခဲ့တဲ့ အမှားတွေဆီကနေ သင်ခန်းစာယူစေခဲ့တယ်။
ကျွန်မတော့မထင်မိပါဘူး။ များသောအားဖြင့် ကျွန်မတို့တွေဟာ စာသင်ပြီးရင် မေ့ဖျောက်ပစ်လိုက်ကြတာပါပဲ။ စာဆိုတာကို စာမေးပွဲအောင်ဖို့ ခေတ္တအချက်အလက်အဖြစ်သာ ဦးနှောက်ထဲမှာ ယာယီသိမ်းဆည်းထားကြတာပါ။ ကျောင်းစာတွေဟာ အသုံးချတတ်ရင် လက်တွေ့မှာအလွန်အဖိုးတန်နဲ့ ပညာတွေပါ။ ကျွန်မတို့ဟာ ထိုပညာရပ်တွေကို သင်ယူလေ့လာခြင်းမှာတင် ဂိတ်ဆုံးကာ ပြန်လည်အသုံးမချခင်မှာတင် စွန့်ပစ်လိုက်ကြပါတယ်။ဒါဟာ ကျွန်မရဲ့ ကြီးမှရတဲ့ နောင်တတစ်ခုပါပဲ။ နောင်မျိုးဆက်တွေကိုလည်း ကျွန်မတို့ပြုလုပ်မိခဲ့ကြတဲ့ အမှားမျိုးကို ထပ်မလုပ်မိစေချင်ပါဘူး။ ဒါ့ကြောင့် စေတနာ ရှေ့ထားကာ မျှဝေပေးခြင်းဖြစ်ပါတယ်။
နိဂုံးချုပ်ရရင် ကျောင်းပညာရေးဟာ စာမေးပွဲကို ဦးတည်တဲ့ပညာရေးထက် သင်ယူလေ့လာချင်စိတ်ကိုမြင့်တင်ပေးပြီး လက်တွေ့နဲ့နှိုင်းယှဉ်အသုံးချနိုင်တဲ့ ပညာရေးမျိုး ဖြစ်ရပါမယ်။ ဘယ်လိုပညာရေးမျိုးလဲဆို "ဘွဲ့ယူခြင်းဟာ ပညာသင်ကြားခြင်းရဲ့ ဆုံးခန်းတိုင်လို့ မမှတ်ယူတဲ့ပညာရေးမျိုး၊ အမြဲအဆက်မပြတ်လေ့လာသင်ယူဖို့ အားသန်နေစေတဲ့ ပညာရေးမျိုး၊ လက်တွေ့အသုံးချနိုင်မှုကို မြင့်တင့်ပေးတဲ့ ပညာရေးမျိုး" ပါပဲ။
အမြဲအဆက်မပြတ်လေ့လာသင်ယူနိုင်ပြီး လက်တွေ့နှင့် နှိုင်းယှဥ် အသုံးချနိုင်သော လူငယ်များစွာ ပေါ်ထွက်လာပြီး မိမိတိုင်းပြည် မိမိလူမျိုး အကျိုး ကို မြင့်တင်ပေးနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနိုင်ကြပါစေသား။
#စာပေဖြင့်အမျိုးဂုဏ်မြင့်တင်အံ့#
(10/7/2024)
12:42 am
Keep Reading