Author's Profile Photo

အက္ခရာ - Haruki

8/07/2024

စာစီစာကုံးရေးသားနည်း

2 mins read
Education
General Knowledge
18 Again
စာစီစာကုံးရေးသားနည်း's photo

ဒီရက်ပိုင်း စာစီစာကုံးနဲ့ပတ်သက်ပြီး တော်တော်များများ မရေးတတ်သေးတာကို တွေ့နေရပါတယ်။ အထူးသဖြင့် အာဇာနည်နေ့ပြိုင်ပွဲနဲ့ပတ်သက်ပြီးပါ။ ဒါကြောင့်ပဲ အထက်တန်းကျောင်းသားတွေအနေနဲ့ စာစီစာကုံးဘယ်လိုရေးရမလဲဆိုတာ အခြေခံသဘောတရားကို ပြောပြပေးလိုက်ပါတယ်ခင်ဗျာ။

စာစီစာကုံးရေးသားနည်း

မြေပြင်မှာဆိုရင် အလယ်တန်းကအစ၊ အထက်တန်းအထိ စာမေးပွဲတိုင်းရဲ့ မေးခွန်းတွေမှာ မပါမဖြစ်မေးခွန်းကတော့ စာစီစာကုံး မေးခွန်းဖြစ်ပါတယ်။ စာစီစာကုံးဟာ မြန်မာစာ မေးခွန်းလွှာမှာ အမှတ်အများဆုံး ပေးထားတဲ့ မေးခွန်းတစ်ပုဒ်ဖြစ်ပါတယ်။

စာစီစာကုံးဟာ တစ်ပုဒ်လုံး အစအဆုံး အလွတ်ကျက်မှတ်ထားရမယ့် စာမျိုးမဟုတ်ဘဲကျက်သင့်တဲ့ အချက်အလက်တွေကိုကျက်၊ မှတ်သင့်တဲ့ အချက် အလက်တွေကိုမှတ်ပြီး မြန်မာစာ အရေးအသားဆိုင်ရာ နည်းနာများနဲ့ အကြိမ်ကြိမ် အထပ်ထပ် လေ့ကျင့်ဆည်းပူး ထားရမယ့် ကျင့်စာဖြစ်တယ်ဆိုတာ နားလည်ထားရမယ်။

စာစီစာကုံးဆိုတာ စာကိုပြေပြေပြစ်ပြစ် စီကုံးရေးသားရတဲ့ စကားပြေအဖွဲ့ပုံစံ တစ်မျိုးဖြစ်တယ်။ စကားပြေအရေးအသားမှာ စာဟန်နဲ့ပြောဟန်ဆိုပြီး ဟန်နှစ်မျိုးရှိတဲ့အနက် စာစီစာကုံးရေးသားရင်တော့ စာဟန်ကိုပဲ အသုံးပြုရပါမယ်။

စာစီစာကုံးအမျိုးအစားကို အဖွဲ့ပုံသဏ္ဌာန်အရ -

(၁) သရုပ်ဖော်အဖွဲ့၊

(၂) ဖြစ်စဉ်ပြ အဖွဲ့၊

(၃) ဖွင့်ဆိုရှင်းပြအဖွဲ့၊

(၄) ကျိုးကြောင်းပြအဖွဲ့ ဆိုပြီး ၄ မျိုးခွဲလေ့ရှိတယ်။

(၁) သရုပ်ဖော်အဖွဲ့၊

သရုပ်ဖော် အဖွဲ့ဟာ သက်ရှိသက်မဲ့တွေရဲ့ ပုံပန်းသွင်ပြင်တွေ၊ အသံတွေ စတာကို မြင်ယောင် ကြားယောင်လာအောင် ရေးဖွဲ့ ထားတဲ့ အရေးအဖွဲ့ မျိုးဖြစ်တယ်။ မြင်ကွင်းနဲ့ ရှုခင်းတွေကို သရုပ်ဖော်ရလေ့ရှိတယ်။

(၂) ဖြစ်စဉ်ပြ အဖွဲ့၊

ဖြစ်စဉ်ပြအဖွဲ့ကတော့ အချိန်ကာလရွေ့လျားတဲ့ အစဉ်အတိုင်း အဖြစ် အပျက်တွေကို စီကာစဉ်ကာရေးဖွဲ့ထားတဲ့ အရေးအဖွဲ့ မျိုးဖြစ်တယ်။ ဖြစ်စဉ်ပြ အဖွဲ့ဟာ သရုပ်ဖော်အဖွဲ့နဲ့ တွဲဖက်လေ့ ရှိပါတယ်။

ခရီးသွားအတွေ့အကြုံတစ်ခု၊ အားကစားပြိုင်ပွဲ မြင်ကွင်းစတဲ့ ခေါင်းစဉ်တွေဟာ ဖြစ်ရပ်ဖြစ်စဉ် တစ်ခုကို ရွေ့လျားတဲ့အစဉ်အတိုင်း ရေးသားရမှာဖြစ်ပြီး ထိုဖြစ်စဉ်ကို ပေါ်လွင်အောင် သရုပ်ဖော်ရေးသားရမယ့် စာစီစာကုံးမျိုးဖြစ်တယ်။

(၃) ဖွင့်ဆိုရှင်းပြအဖွဲ့၊

ဖွင့်ဆိုရှင်းပြအဖွဲ့ဟာ အကြောင်းအရာတစ်ခုခုကို နားလည် သဘောပေါက် အောင် ရှင်းလင်းဖွင့်ဆိုပြတဲ့ အရေးအဖွဲ့မျိုးဖြစ် တယ်။

စည်းကမ်းလိုက်နာ ဘေးကင်းကွာ၊ စာအုပ်စာပေ လူ့မိတ်ဆွေ၊ ဝန်းကျင်သန့်ရှင်းရောဂါကင်း၊ စတဲ့ ခေါင်းစဉ်တွေဟာ အကြောင်းရပ်တစ်ခုခုကို နားလည်သဘောပေါက်အောင် ဖွင့်ဆိုရှင်းလင်းရေးသားရတဲ့ စာစီစာကုံးခေါင်းစဉ်မျိုး ဖြစ်ပါ တယ်။ ဖွင့်ဆိုရှင်းပြအဖွဲ့ဟာ ကျိုးကြောင်းပြအဖွဲ့နဲ့ ဆက်စပ် လျက်ရှိပါတယ်။

(၄) ကျိုးကြောင်းပြအဖွဲ့

ကျိုးကြောင်းပြအဖွဲ့ကတော့ သဘောတစ်ခုခု အယူအဆ တစ်ခုခုကို ယုံကြည် လက်ခံလာအောင် အကျိုးအကြောင်း ဆက်စပ်ဖွဲ့ပြတဲ့ အဖွဲ့မျိုးဖြစ်ပါတယ်။

ဝန်းကျင်အလှ ထိန်းသိမ်းကြ၊ ပညာမြင့်မား ပြည်ထွန်းကား၊ ကျန်းမာခြင်းသည် လာဘ် တစ်ပါးစတဲ့ ခေါင်းစဉ်တွေဟာ ဆိုလိုချက်တစ်ရပ်ကို စာဖတ်သူ လက်ခံ ယုံကြည်လာအောင် အကျိုးသင့်အကြောင်းသင့် ဆက်စပ်ရေးသားရတဲ့ ခေါင်းစဉ် မျိုး ဖြစ်ပါတယ်။

ဖော်ပြခဲ့တဲ့ စာစီစာကုံးအမျိုးအစား ၄ မျိုးမှာ ဘယ်ခေါင်းစဉ်ဟာ မိမိနဲ့ သင့်လျော်မယ်ဆိုတာချိန်ဆပြီး ကိုယ်ရေးမယ့် စိတ်ကြိုက်ခေါင်းစဉ်ကို မှန်ကန်စွာ ရွေးချယ်ရမှာ ဖြစ်ပါတယ်။

စာမေးပွဲမေးခွန်းမှာပေးထားတဲ့ခေါင်းစဉ်တွေဟာ ကျောင်းသား ကျောင်းသူများ စိတ်ကြိုက်ရွေးချယ်နိုင်ဖို့အတွက် စာစီစာကုံး အမျိုးအစားတွေ မျှတစွာ ပေးထားလေ့ရှိပါတယ်။

စာစီစာကုံးရေးသားဖြေဆိုရာတွင် နိဒါန်း၊ စာကိုယ်၊ နိဂုံး ပြည့်စုံ ဖို့ လိုပါတယ်။ စာစီစာကုံးဟာ မေးခွန်းရဲ့ နောက်ဆုံးအပုဒ်ဖြစ် တဲ့အတွက် ကျောင်းသား ကျောင်းသူအများစုဟာ စာစီစာကုံး ကို နောက်ဆုံးမှ ရေးသားဖြေဆို လေ့ရှိကြပါတယ်။

ဒီလိုဖြေဆိုရာမှာ စာစီစာကုံးကို စာမျက်နှာများစွာ ရေးသားခဲ့ပေမယ့် နိဂုံးမချုပ်မီ စာမေးပွဲ အချိန်စေ့သွားတဲ့အတွက် အဆုံးမသတ်နိုင်ခြင်းမျိုး ဖြစ်တတ်ပါတယ်။ ဒီအခါမှာ မိမိ စာစီစာကုံးဟာ ရှေ့ပိုင်းမှာ ဘယ်လောက် ကောင်းမွန်အောင် ရေးထား ရေးထား နိဂုံးမပါတဲ့၊ နိဂုံးမချုပ်နိုင်တဲ့၊ စာစီစာကုံး အင်္ဂါရပ်နဲ့ မပြည့်စုံတဲ့ စာစီစာကုံးဖြစ်သွားပြီး ရမှတ်များစွာ ဆုံးရှုံးသွားမှာဖြစ်ပါတယ်။

အထက်တန်းကျောင်းသားများအတွက် စာစီစာကုံးဟာ ကျောင်းသူ ကျောင်းသားတစ်ယောက် ဂုဏ်ထူးနဲ့ ထိုက်တန် မတန်ဆိုတာ အဆုံးအဖြတ်ပေးနိုင်တဲ့ မှတ်ကျောက် တစ်ခုဖြစ်တဲ့အတွက် အထူးအလေးထား ရေးသားရမယ့် စာတစ်ပုဒ်ဖြစ်ပါတယ်။

ကိုးကားချက်။   ။ ကျောင်းဆရာမှတ်စု

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့တွင်းနက်ထဲမှ သားကောင်များကိုကယ်တင်ရန်ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?