ရွှေငါး
(ဂျာမနီရိုးရာပုံပြင်)
ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ခုမှာ ဘုရင်ကြီးရဲ့ သမီးတော် မင်းသမီးလေးတစ်ပါးရှိသတဲ့။ တစ်ဦးတည်းသောသမီးလေးမို့ အားလုံးက ဝိုင်းအလိုလိုက်ထားကြတော့ မင်းသမီးလေးဟာ နည်းနည်းတော့ ဆိုးတယ်။
ဒီနေ့ မင်းသမီးလေးမွေးနေ့လေ။ ဘုရင်မကြီးက မင်းသမီးလေးကို အရုပ်အသစ်တွေအများကြီးရှိတဲ့ နေရာဆီခေါ်သွားပြီး မေးလိုက်တယ်။
“မင်းသမီးလေးရေ ... ပျော်ရွှင်တဲ့ မွေးနေ့လေးဖြစ်ပါစေကွယ်။ ဒီနေ့ မင်းသမီးလေးမွေးနေ့ဖြစ်လို့ လိုချင်တာပြော။ မယ်မယ်ဘုရားက လက်ဆောင်ပေးမယ်လို့ ကတိပေးတယ်ကွယ်”
“တကယ်လား မယ်မယ်။ သမီးတော်က ဒီအရုပ်တွေ မလိုချင်ဘူး။ ရွှေအစစ်နဲ့လုပ်ထားတဲ့ ဘောလုံးပဲ လိုချင်တာ” လို့ ပြန်ဖြေလိုက်တယ်။ မိဖုရားကြီးက အံ့သြသွားတယ်။ ရွှေအစစ်နဲ့လုပ်ထားတဲ့ ဘောလုံးဆိုတာ တန်ဖိုးနည်းမှာမဟုတ်ဘူးလေ။ မိဖုရားကြီးက မလုပ်ပေးနိုင်တာတော့ မဟုတ်ဘူး။ မင်းသမီးလေးအရွယ်က အဲ့လောက်တန်ဖိုးကြီးတာကို မကိုင်သင့်သေးလို့ပေါ့။ ဒါ့ကြောင့် မင်းသမီးကို ဖျောင်းဖြကြည့်တယ်။
“မင်းသမီးလေးကလည်း ရွှေဘောလုံးဆိုတာ တန်ဖိုးတအားကြီးတယ်ကွယ့်။ တန်ဖိုးကြီးတာတွေကတော့ ကြီးလာမှ တောင်းနော်”
“ဟင် မရပါဘူး မယ်မယ်။ မယ်မယ်ဘုရားပဲပြောတယ်လေ။ ဒီနေ့ မင်းသမီးလေးမွေးနေ့ဖြစ်လို့ လိုချင်တာပြော။ မယ်မယ်ဘုရားက လက်ဆောင်ပေးမယ်နော်... ဆို။ မရဘူး။ ကတိပေးထားပြီးပြီနော် ” လို့ မင်းသမီးလေးက စူပုပ်ပုပ်လေး ပြန်ဖြေလိုက်တယ်။
မိဖုရားကြီးလည်း ပေးထားတဲ့ကတိအတိုင်း မင်းသမီးလေးအတွက် ရွှေအစစ်နဲ့လုပ်ထားတဲ့ ဘောလုံးကို ဖန်တီးစေပြီး လက်ဆောင်ပေးလိုက်ပါတော့တယ်။ မင်းသမီးလေးကတော့ သူလိုချင်ခဲ့တဲ့ ရွှေဘောလုံးနဲ့ ကစားရင်းပျော်နေတာပေါ့။
တစ်နေ့တော့ နန်းတော်ရဲ့ ဥယျာဥ်ထဲမှာ ရွှေဘောလုံးနဲ့ကစားရင်း မင်းသမီးလေးရဲ့ ရွှေဘောလုံးဟာ ရေကန်ထဲ ပြုတ်ကျသွားပါလေရော။ ရွှေဘောလုံးပျောက်သွားလို့ မင်းသမီးလေးက ရေကန်နားမှာ ငိုချလိုက်တယ်။
“ဟင့် ငါ့ရွှေဘောလုံး ရေထဲကျသွားပြီ... အဟင့် ဟင့် ... မယ်မယ်ဘုရားက ရွှေဘောလုံးအသစ်လုပ်ပေးမှာ မဟုတ်လောက်ဘူး... ငီး ငီး”
“ကျွန်တော်ကောက်ပေးရမလား” ဆိုတဲ့ အသံတစ်ခု ကြားလိုက်ရလို့ မင်းသမီးလေး အငိုတိတ်သွားတယ်။ အသံက ဘယ်ကထွက်လာပါလိမ့်ဆိုပြီး မင်းသမီးလေးက ဘယ်ညာကြည့်လိုက်တယ်။ ဘယ်သူမှလည်း မတွေ့ပါဘူး။ ထူးဆန်းလိုက်တာ။
“ဘယ်သူလဲ ငါ့ကို စကားပြောတာ ဘယ်သူလဲ ထွက်ခဲ့ပါ” လို့ မင်းသမီးလေးက အော်မေးလိုက်တယ်။
“ကျွန်တော်ပါ” လို့ အသံကြားရပြန်တယ်။ ဒါပေမယ့် ဘယ်သူမှမတွေ့ပြန်ဘူး။ မင်းသမီးလေးကြောက်သွားတယ်။ လူမမြင်ဘဲ အသံဘဲ ကြားနေရလို့လေ။
အဲ့ချိန်မှာ မင်းသမီးလေးရှေ့ကို ဖားလေးတစ်ကောင်က ခုန်ဆွ ခုန်ဆွနဲ့ ရောက်လာတယ်။
“မင်းသမီးလေး ကျွန်တော် ကောက်ပေးရမလားလို့ မေးတာ” လို့ ထပ်ပြောလိုက်တယ်။
“ဟင် ... ဖား... ဖားလေးက စကားပြောတတ်တယ်” လို့ မင်းသမီးလေးက ပါးစပ်လေးကို လက်ကလေးနဲ့ ပိတ်ပြီး အံ့သြနေတယ်။ ဖားကလေးက
“ဟုတ်ကဲ့ ကျွန်တော်ကတော့ စကားပြောတဲ့ ဖားကလေးပါ” လို့ တက်တက်ကြွကြွပြန်ပြောလိုက်သတဲ့။
“အင်း ကောင်းပြီ ဒါဆို ရွှေဘောလုံး ကောက်ပေး” လို့ ပြောလိုက်တယ်။
“ဟုတ်ကဲ့ပါ မင်းသမီးလေး။ မင်းသမီးလေးရဲ့ ရွှေဘောလုံးကို ကောက်ပေးပါ့မယ်။ ဒါပေမယ့်... ကတိတစ်ခုတော့ ပေးရမယ်” လို့ ဖားကလေးက ပြောတယ်။
“ကတိ ဟုတ်လား”
“ဟုတ်တယ်”
“ဘာကတိလဲ”
“မင်းသမီးလေးနဲ့ ကျွန်တော်နဲ့ သူငယ်ချင်းလုပ်ရမယ်”
“အို အဲ့လောက် လွယ်လား”
“အင်း”
“ကိစ္စမရှိပါဘူး။ သူငယ်ချင်းလုပ်ကြတာပေါ့။”
ဒီကတိလည်းရရော ဖားကလေးဟာ ရေကန်ထဲပြန်ဆင်းသွားတယ်။ တအောင့်လောက်ကြာတော့ ရွှေဘောလုံးကိုပိုက်ပြီး ပြန်ပေါ်လာတယ်။
“ဟေး ငါ့ရွှေဘောလုံးတွေ့ပြီကွ” လို့ မင်းသမီးလေးက ဝမ်းသာစွာနဲ့ ခုန်ပြီး ပျော်သွားတယ်။ ပြီးတာနဲ့ ဖားလေးဆီက ရွှေဘောလုံးကိုယူပြီး နန်းတော်ဆီကို အပြေးကလေး ပြန်သွားတော့တယ်။
“ဟိတ် နေဦးလေ ... မင်းသမီးလေး... ကတိပေးထားပြီးပြီနော်” လို့ ဖားကလေးက လှမ်းအော်လိုက်တယ်။ မင်းသမီးလေးဟာ ဖားလေးကို ကျေးဇူးတင်စကားမပြောခဲ့တဲ့အပြင် ဖားကလေးလှမ်းအော်တာကို လှည့်တောင် မကြည့်ခဲ့ပါဘူး။
ညစာစားချိန်ရောက်ပြီ။ မင်းသမီးလေး ဟာ မိဖုရားကြီးနဲ့အတူ ညစာသုံးဆောင်ဖို့ ပြင်နေတယ်။ အဲ့အချိန် အပြင်က အသံတစ်ခုကြားလိုက်ရတယ်။
“မင်းသမီးလေးရေ မင်းသမီးလေး” တဲ့။
“ဘယ်သူလဲ တံခါးဖွင့်ပေးလိုက်စမ်းကွယ်” လို့ မိဖုရားကြီးက ရံရွေတော်တွေကို ပြောလိုက်တယ်။ မင်းသမီးလေးက
“နေဦး နေဦး မဖွင့်နဲ့။ တံခါးကို မဖွင့်လိုက်နဲ့” လို့ ဖြတ်ပြောလိုက်တယ်။
“မင်းသမီးလေးရေ မင်းသမီးလေး” လို့ ထပ်အော်သံကြားရတယ်။ မိဖုရားကြီးက
“ဘာလို့လဲ .. ဘာလို့မဖွင့်ရမှာလဲ... ဖွင့်ပေးလိုက်” လို့ ပြောလိုက်တယ်။ မင်းသမီးလေး မျက်နှာပျက်နေတယ်။ ရံရွေတော်တွေက တံခါးကို ဖွင့်ကြည့်လိုက်တယ်။ ခုဏက အခန်းပြင်ကနေ လှမ်းခေါ်နေတာ တခြားသူမဟုတ်ဘူး။ ဖားကလေးဖြစ်နေပါရောလား။
“ဟင် ဖားကလေးပါလား” လို့ အားလုံးက အံ့သြသွားကြတယ်။ မင်းသမီးလေးက လွဲလို့ပေါ့။ ဖားကလေးက အခန်းထဲကို ခုန်ဆွ ခုန်ဆွနဲ့ ဝင်လာပြီး မိဖုရားကြီးကို အရိုအသေပေးလိုက်တယ်။
“မင်္ဂလာရှိတဲ့ ညနေခင်းလေးဖြစ်ပါစေ မိဖုရားကြီးခင်ဗျာ”
မိဖုရားကြီးက စကားလည်းပြောတတ်ပြီး ယဥ်ကျေးတဲ့ ဖားကလေးကို တွေ့တော့ အံ့သြပျော်ရွှင်မိနေတာပေါ့။
“မင်္ဂလာပါကွယ်။ မောင်မင်းက ဘာအလိုရှိလို့ ဒီအထိရောက်လာရတာလဲ” လို့ ပြန်မေးလိုက်တယ်။
“ဟုတ်။ ကျွန်တော်ဟာ မင်းသမီးလေးရဲ့ ရွှေဘောလုံးကို ကောက်ပေးတုန်းက ကတိတစ်ခုထားထားလျက်နဲ့ မင်းသမီးလေးက မသိချင်ယောင်ဆောင်နေတာမို့ ခုလို လိုက်လာရတာပါ” လို့ ဖားကလေးက ပြောပြလိုက်တယ်။
“ဘာကတိများပေးခဲ့ကြတုန်း” လို့ မေးတဲ့ မိဖုရားကြီးကို ဖားကလေးက
“ကျွန်တော်မျိုးက မင်းသမီးလေးနဲ့ သူငယ်ချင်းလုပ်ဖို့ဆိုတဲ့ ကတိပါ” လို့ အဖြေပေးလိုက်တယ်။
မိဖုရားကြီးက မင်းသမီးလေးကို ခပ်တည်တည်ကြည့်လိုက်ပြီး
“သမီးတော် ဘာလို့ အခုလို လုပ်ရတာလဲ” လို့ ခပ်တင်းတင်းမေးလိုက်တယ်။ မင်းသမီးလေးက ခုလိုပြန်ဖြေတယ်။
“ဟင့်အင်း သမီး သူ့လို စိုစိစိ အေးစက်စက် ဖားတစ်ကောင်နဲ့ သူငယ်ချင်း မလုပ်ချင်ပါဘူး”
“ကတိပေးထားပြီးပြီလေ။ ခု ဖားကလေးကို သူငယ်ချင်းလို့ သတ်မှတ်လိုက်” လို့ မိဖုရားကြီးက ပြောလိုက်တော့မှ မင်းသမီးလေးက နားမထောင်ချင် ထောင်ချင်နဲ့ နားထောင်လိုက်ရတယ်။
ဖားကလေးဟာ မင်းသမီးလေးရဲ့ သူငယ်ချင်းအဖြစ်နဲ့ ညစာအတူစားခွင့်ရသွားပြီပေါ့။ ဖားကလေးက မိဖုရားကြီးနဲ့ မင်းသမီးလေးတို့လိုပဲ စားပွဲဝိုင်းမှာထိုင်ပြီး အစားအသောက်တွေ အတူစားကြတယ်။ မင်းသမီးလေးတို့လိုပဲ ရွှေပန်းကန်နဲ့ စားတာလေ။
ညစာစားပြီးတော့ မင်းသမီးလေးက ဖားကလေးကို
“ကဲ ညစာအတူစားပြီးပြီဆိုတော့ နင်က ရေကန်ဆီပြန်တော့မှာ မဟုတ်လား” လို့ မေးလိုက်တယ်။
“သူငယ်ချင်းအစစ်ဆိုရင် ကိုယ့်သူငယ်ချင်းကို ခုလိုပြန်ခိုင်းမှာမဟုတ်ဘူး” လို့ ဖားလေးက ပြောလိုက်တယ်။
“ကတိပေးထားပြီးပြီနော်” လို့ ထပ်သတိပေးလိုက်တယ်။ ဒါ့ကြောင့် မင်းသမီးလေးက ဖားကလေးကို သူ့အခန်းထဲ ခေါ်သွားလိုက်ရတယ်။
“ဒီညတော့ နင်အဆင်ပြေတဲ့နေရာမှာသာ အိပ်ပေတော့။ ဟိုမှာ သေတ္တာလှလှလေးလည်း ရှိတယ်။ အဲ့မှာ အိပ်လို့လည်းရတယ်” လို့ မင်းသမီးလေးကပြောလိုက်တယ်။
“သူငယ်ချင်းအစစ်ဆိုတာ သူတို့အိပ်ယာမှာပဲ သိပ်ကြတာ” လို့ ဖားကလေးက ပြန်ပြောလိုက်တယ်။
ဒါနဲ့ မင်းသမီးလည်း ဖားကလေးကို သူ့ခေါင်းအုံးပေါ် တင်ပေးလိုက်တယ်။
အဲ့အချိန်မှာပဲ ထူးဆန်းတာတစ်ခု ဖြစ်သွားတယ်။ ဖားကလေးဟာ မင်းသမီးလေးရဲ့ ခေါင်းအုံးပေါ် ရောက်ရောက်ချင်း တဖြည်းဖြည်း အကြီးကြီးဖြစ်လာပြီးတော့ လူတစ်ယောက်အဖြစ် ပြောင်းသွားပါရောတဲ့။ လူတောင်မှ ဝတ်ကောင်းစားလှတွေနဲ့ မင်းသားလေးတစ်ပါးလိုပဲ။
မင်းသမီးက လန့်ပြီးနောက်ဆုတ်လိုက်မိတယ်။ အထိန်းတော်တွေကို လှမ်းအော်ခေါ်မလို့လုပ်တော့
“မကြောက်ပါနဲ့ မင်းသမီးလေး။ ကျွန်တော်က တခြားတိုင်းပြည်က မင်းသားလေးတစ်ပါးပါ။ စုန်းမကြီးက ဖားအဖြစ်ပြောင်းအောင် ကျိန်စာတိုက်ပြီး နှင်ထုတ်လိုက်လို့ ခုလိုဖြစ်နေရတာပါ။ အဲ့ဒီကျိန်စာကို ပြေပျောက်နိုင်မယ့် တစ်ခုတည်းသောနည်းက တစ်စုံတစ်ယောက်ရဲ့ သူငယ်ချင်းဖြစ်ရမှာမို့ ခုလို လုပ်ရတာပါ” လို့ ဖားကနေ မင်းသားလေးအဖြစ်ပြောင်းသွားတဲ့ ဖားမင်းသားလေးက ရှင်းပြရတာပေါ့။
“ဒါ...ဒါပေမယ့် ငါက သူငယ်ချင်းကောင်း မဟုတ်ခဲ့ဘူးလေ...ငါ အစက နင့်ကို မသိချင်ယောင်တောင် ဆောင်ခဲ့မိတာ” လို့ မင်းသမီးလေးက မဝံ့မရဲပြောလိုက်တယ်။
“မင်းသမီးလေးက သူငယ်ချင်းကောင်းပါ။ ဒါ့ကြောင့် ကျွန်တော့်ကို ညစာလည်းကျွေးပြီး ခေါင်းအုံးပေါ်လည်း ပေးအိပ်တယ်လေ” လို့ ဖြေလိုက်ပါတယ်။
အဲ့နေ့ကစပြီး မင်းသမီးလေးနဲ့ မင်းသားလေးတို့ဟာ နေ့တိုင်း အတူသွား၊ အတူစား၊ အတူကစားကြတဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်သွားကြပါပြီ။ နောင်ကြီးပြင်းလာကြတဲ့အခါ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ မင်းသားလေးနဲ့ မင်းသမီးလေးဟာ မေတ္တာမျှပြီး လက်ထပ်လိုက်ကြပါတော့တယ်။ မင်္ဂလာပွဲမှာ သူတို့က တစ်ယောက်ပေါ် တစ်ယောက် အပြန်အလှန်သစ္စာရှိဖို့ ကတိပေးကြတယ်။
“ကတိပေးထားပြီးပြီနော်” လို့ နှစ်ယောက်လုံးက ပြိုင်တူပြောလိုက်မိကြတယ်။ မင်္ဂလာပွဲဟာ ရယ်သံတွေနဲ့ ဖုံးလွှမ်းသွားပါတော့တယ်။
(ရွှေငါး ပြန်လည်ရေးသားသည်)
Keep Reading