SarPhat Author
** လမ်းမဲ့ ရထား ရှည်လျား အမှောင် **
အပိုင်း(၁)
မောင်လူသစ်
" ဟာ ရှုပ်ပွနေတာပဲ၊ ဘယ်လိုတွေဖြစ်နေတာလဲ၊ ပြန်လာတာနဲ့ အမောကို ဆို့သွားတာပဲ၊ အလုပ်ပင်ပန်းတာကတစ်မျိူး၊ ကားတိုးစီးရလို့ပင်ပန်းတာတစ်မျိူး၊ အိမ်ပြန်ရောက်ရင် နင်တို့ကိုမြင်ရလို့ ရင်ဆို့သွားရတာကတစ်မျိူး၊ တစ်အိမ်လုံးလည်း ဖြစ်ပျက်နေတာကြည့်စမ်း၊ နင်တို့ လူလို မသိကြဘူးလား၊ နင်တို့ကို ခွေးကမွေးထားတာတွေလား ဟင် ၊ ဟာ ပြောနေရင်မောတယ်၊ ရိုက်မှရမဲ့သေခြင်းဆိုး အမျိူးယုတ်တွေ၊ ကဲဟာ ကဲဟာ ကဲဟာ.မှတ်ပြီလား၊ လာခဲ့ နောက်တစ်ကောင် ၊ ကဲ ဟာ ကဲဟာ "
"ဖျန်း ဖျန်း ဖျန်း ဖျန်း ဖျန်း "
" အောင်မယ်လေးဗျ နာတယ် နာတယ် ဟီး ဟီး ဟီး "
" သြော် ဒါမျိူးကျ နာတတ်တယ် ဟုတ်လား၊ ကဲ နာဦး နာဦး နာတတ်ဦး "
" ဖျန်း.ဖျန်း.ဖျန်း "
" ကဲ တော်ကွာ၊ ငါ စိတ်တိုလာပြီနော်၊ ပြန်လာရင်လည်း ငရဲပွက်နေသလိုပဲ၊ ငါ အကုန်လုံးကို ကိုင်ပေါက်မိတော့မယ်၊ တော်တော့၊ အဲလိုရိုက်နေလို့ နင့်ဟာတွေက အယားတောင်မပြေဘူး။.ပေးစမ်း ဒုတ် ကြည့်ထား၊ ရိုက်တယ် ဆိုတာ ဒီလိုရိုက်ရတယ်၊ ဒီလိုရိုက်ရတယ်၊ ဒီလို ရိုက်ရတယ်"
"ရွှမ်း ရွှမ်း ရွှမ်း ရွှမ်း "
အမလေး ၊ အမလေး၊ ဟီး ဟီးဟီး နာတယ် နာတယ် "
.
"တိတ်၊ နာရင်တိတ်၊ အော်ရင် ပိုနာမယ်၊ တိတ်ဆိုတိတ်"
အခန်းလေးက ဆယ်ပေပတ်လည်အခန်းလေးပါ။ ဒီနေရာအိပ် ဒီနေရာစားရတဲ့အခန်းပေါ့၊ အခန်းထဲမှာ တိုလီမုတ်စ ဗြုတ်စဗျင်းတောင်း တွေ၊ အဝတ်အစား အစုတ်ပလုပ်တွေ၊ ချေးအထပ်ထပ်နဲ့ စောင်စုတ်၊ ခြင်ထောင်စုတ်တွေ၊စားအိုး စားခွက်တွေ ပလုံစီ ရှုပ်ပွနေတဲ့ကြားထဲ ကလေးတွေချည်း ငါးယောက် တနေကုန်ဆော့ချင်သလို ဆော့ထားကြတဲ့ အမှိုက်သရိုက် စုံစီနဖာတွေဟာ ဒီအခန်းကျဥ်းလေးတဲ့တောင်မဆံ့ပါဘူး။.ခြေထောက်ချစရာနေရာမရှိပါဘူး။
*******************************************
ဆယ်ပေပတ်လည်အဆောင်ခန်းကလေးထဲမှာ နေကြတာက ဇော်ဦးနဲ့သူ့မိန်းမ အေးအေးတို့နှစ်ယောက်ရယ်။အေးအေးရဲ့အမ ဌေးဌေးကမွေးထားခဲ့တဲ့ ဘုစုခရု ကလေး ငါးယောက်ရယ်ဆိုတော့ စုစုပေါင်း လူ ခုနှစ်ယောက်ပါ။
ဆယ်ပေပတ်လည်အခန်းလေးထဲမှာ လူ ခုနှစ်ယောက်အိပ်ရ နေရတယ်ဆိုတာ အချူပ်ခန်းထက်တောင် အဖြစ်ဆိုးနေပြီလို့ ဆိုရလေမလားပဲ။
အေးအေးက ဟိုး မိုးခေါင်ရေရှား အညာကျေးလက်က မြေမဲ့ယာမဲ့ ကူလီလက်စားလိုက် ကျေးတောသူကလေးပါ။ သူ့မှာ ဌေးဌေး ဆိုတဲ့အမ တစ်ယောက်ရှိတယ်။
အေးအေးအဖေ ထန်းတက်ရင်း ထန်းပင်ပေါ်က ကျသေသွားတော့ အေးအေးအမေလည်း.အေးအေးတို့လူမမယ် ညီအမနှစ်ယောက် ကိူ ဆွေမျိူးတွေဆီအပ်ပြီး ပရိယေသန ဝမ်းစာရေးအတွက် ရှမ်းပြည်တက်ပြီးတော့ ဆိုင်ကယ်စီးစျေးအငှားရောင်းရာကနေ ဆိုင်ကယ်မှောက်ပြီး ဆုံးရှာတယ်။
အေးအေးနဲ့ဌေးဌေးက ဆွေမျိူးနီးစပ်တွေကြားထဲ မိမဲ့ဖမဲ့ အငတ်ငတ်အပြတ်ပြတ် ကြီးပြင်းခဲ့ရတယ်။ ကျောင်းလည်း မနေခဲ့ရ၊ ကလေးဘဝကတည်းက နွား၊ဆိတ် အငှားကျောင်း၊ ပေါင်းနှုတ်၊ ပဲဆွတ် နေ့စားလိုက်ခဲ့ရရှာတယ်။
သူများ ခြေကြိုခြေကြား မျက်နှာငယ်နဲ့နေခဲ့ရင်း အရွယ်ကလေး ရောက်စ ဆယ့်လေးနှစ်သမီး ဌေးဌေး လည်း တရွာတည်းသားနဲ့အိမ်ထောင်ကျ။ လင်ယူတော့ သားမွေး၊ မွေးတာက ဟောတစ်ယောက်၊ဟောတစ်ယောက်၊ စက်နဲ့လှည့်ထုတ်သလို လေးယောက်ဆက်တိုက်ပါပဲ။
ဆယ့်လေးနှစ်မှာလင်ရတဲ့ ဌေးဌေး၊ အသက် နှစ်ဆယ့်ခွလေးမှာ ကလေးလေးယောက်အမေဖြစ်ခဲ့ပြီ။ ဘုစုခရု ဗုံကလေးတွေ တန်းစီထားသလိုပါပဲ ။
အေးအေးကလည်း အမအိမ်လ်ုက်နေပြီး အမမွေးသမျှ ဒိုင်ခံထိန်းရတဲ့ကလေးထိန်းရာထူးပါ။ထမင်းစားရတာနဲ့ ကလေးထိန်းရတာ မကာမိခဲ့ရှာပါဘူး။
ဌေးဌေး ကလေးလေးယောက်အရမှာ သူတို့တနယ်လုံး မိုးခေါင်ပြီးရေရှား၊ စိုက်ပျိူးမရ၊ မွေးမြူမရ၊ ဘဝတွေပျက်ကြရတယ်။.ဒီအတိုင်း ဆက်နေလည်း သေမဲ့အတူတူ မထူးဘူးဆိုပြီး.သူတို့ရွာသားတွေ စုပြီးရှမ်းပြည်တက်ခဲ့ကြတယ်။
ဇာတ်လမ်းက. အဲမှာမှ စတယ် ။။
ဆက်လက်တင်ပြပါမည်
မောင်လူသစ်
၂၃. ၆. ၂၀၂၄
Keep Reading