Wun Thaw
နွေခေါင်ခေါင် ဆိုပေမယ့် ရှေ့ရက်တွေက မိုးရွာထားတာကြောင့် သိပ်မပူတဲ့ နေ့တစ်နေ့ပေါ့။ လမ်းတစ်ဖက်က စားသောက်ဆိုင်လေးကတော့ ဆူလို့ညံလို့။ မေမေကလည်း ဖြစ်နေကျအတိုင်း ဆူညံသံတွေကို complain တက်ပြီး ပြောဆိုနေလေရဲ့။ အိမ်ထဲမှာတော့ လမ်းတစ်ဖက်ရဲ့ စားသောက်ဆိုင်က လာတဲ့ ဆူညံသံထက် မေမေ့ရဲ့ ပြောသံဆိုသံကပဲ ပိုပြီး ညံပွတ်နေတယ်။ အိမ်ထဲက ဘယ်သူကမှတော့ ဒီကိစ္စကို အရေးတယူလုပ်ပြီး ပြောမနေတော့ပါဘူး။ မေမေ့ကိုလည်း ပြန်မပြောရဲကြဘူးလေ။
တံခါခေါက်သံကို ရုတ်တရက် ကြားလိုက်ရတော့ ကျွန်မက တံခါးသွားဖွင့်ပေးရတယ်လေ။ ကျွန်မတို့နဲ့ သိပ်မစိမ်းတဲ့ ၁ထပ်မြောက် အခန်းက အန်တီက မုန့်လာပေးတာတဲ့။ မေမေကလည်း အိမ်ရှင်မကောင်း ပီသစွာပဲ အိမ်လုပ် စတော်ဘယ်ရီယို တစ်ဘူးကို ပြန်ပေးလိုက်တာပေါ့။ အန်တီကြီး ပြန်သွားပြီးတော့ အိမ်ခန်းထဲကို မဝင်သေးဘဲ ဝရံတာမှာ ခဏ ထိုင်နေပြီး ကောင်းကင်ကြီးကို ကြည့်နေမိတယ်။
"ဟင်...."
ကျွန်မ အမြင်ပဲ မှားတာလား။ မျက်မှန် ခဏချွတ်ပြီး မျက်လုံးနှစ်ဖက်ကို သေချာ ပွတ်သပ်ကြည့်ရသေးတယ်။
"အမြင်မမှားပါဘူး။ ဘယ်လိုလုပ် နေ့ခင်းကြောင်တောင်ကြီးမှာ လ ထိန်ထိန်သာနေရတာလဲ။"
အိမ်ထဲက ဖုန်းကို မြန်မြန်သွားယူပြီး ဒီကြုံထောင့်ကြုံခဲ ဖြစ်စဉ်ကို မှတ်တမ်းတင်ရပါတယ်။ နေသာနေတဲ့ နေ့ခင်းကြောင်တောင်မှာ လသာနေတာ နေ့တိုင်း ကြုံတွေ့နိုင်တဲ့ ဖြစ်ရပ်မှ မဟုတ်တာလေနော်။ ရိုက်ထားတဲ့ ပုံတွေ ပြန်ကြည့်လိုက်တော့ လမင်းကြီးရဲ့ ဘေးနားမှာ အရမ်းထူးဆန်းတာ တစ်ခု သတိမထားမိချင်လည်း သတိထားမိသွားတယ်။ အရမ်းထူးဆန်းလွန်းလို့ လူတွေမြင်ဖို့ သင့်တော်တဲ့အရာတောင် ဟုတ်မှာမဟုတ်ဘူး။ ထိန်ထိန်သာနေတဲ့ လမင်းကြီးရဲ့ ဘေးနားမှာ အဆောက်အဦ တစ်ခုက လေထဲမှာ ဒီတိုင်း မျောနေလေရဲ့။
"Camera error ပဲ နေမှာပါလေ။"
ကိုယ့်ကိုကိုယ် ဖြေသိမ့်ပြီး ကောင်းကင်ကြီးကို ပြန်မော့ကြည့်လိုက်တော့ ....
"အမယ်လေးလေး...."
နေ့ခင်းကြောင်တောင်ကြီးမှာ လသာတာကို မြင်ရရုံတင်မကဘူး လေထဲမှာမြောနေတဲ့ တိုက်ခန်းအဆောက်အဦးကြီးကိုပါ တွေ့လိုက်ရတယ်။ ဒါတင်မကသေးဘူး။ အဆောက်အဦ corridors တွေမှာ လူနဲ့တူတဲ့ သတ္တဝါတွေ သွားလာလှုပ်ရှားနေကြပါလား။ သိပ်မကြာပါဘူး။ အဲ့ထဲကနေ သိပ်ကိုလှတဲ့ အမျိုးသမီး နှစ်ယောက်ထွက်လာပြီး ကျွန်မတို့ လမ်းထဲကို ရောက်လာတယ်လေ။ ကျွန်မကတော့ ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေရတာပေါ့။
သူတို့က အနီးကပ်ကြည့်ရတော့ ပိုပြီး လှလာတယ်။ နှစ်လွှာမြောက် တိုက်ခန်း corridor ကနေ လမ်းဘက်ကို ငေးရတာက ဟိုး လမင်းကြီးထိ ငေးကြီးရတာလောက်တော့ မဆိုးဘူးလေ။
"အစ်မကြီးတို့ အရမ်းလှတယ်နော်။"
အိမ်ပေါ်ကနေ အရှက်မရှိ လှမ်းအော်မိလိုက်တယ်။ အဲ့လို လှမ်းအော်တော့ သူတို့ထဲက တစ်ယောက်က ကျွန်မကို မော့ကြည့်ပြီး ပြန်ပြုံးပြတယ်လေ။ နတ်ပြည်နတ်ရွာက နတ်သမီးလေးတွေများလား။ သူတို့လို အလှမျိုးကို ကျွန်မလို သာမန်လူတစ်ယောက်ရဲ့ မျက်စိတွေနဲ့ ကြည့်တာ ရိုင်းရာများ ကျသွားလေမလား။ ကျွန်မလေ မမြင်သင့်တာတွေများ မြင်နေရတာလား။
သူတို့ကို ကျွန်မ မျက်စိနဲ့ မမြင်နိုင်တော့တဲ့အထိ ရောက်သွားမှ လမင်းကြီးဘေးက အဆောက်အဦကြီးကို ပြန်ကြည့်မိတော့တယ်။ နောက်ထပ် အလှပဂေးလေးများ တွေ့လို့တွေ့ငြားပေါ့။
"ဟိုးအဝေးကြီးကို အဝေးမှုန်နေတဲ့ မျက်စိနဲ့ ကြည့်ရတာ မကောင်းလိုက်တာ။ မျက်မှန်တပ်ထားပေမယ့်.... ဟယ်...."
ယုန်လေးတွေပဲ။ ပုံပြင်စာအုပ်လေးတွေထဲကလို ချစ်စရာ ယုန်လေးတွေ။ အသက်ကြီးကြီး ယုန်အန်တီကြီးက မုန့်ဗန်းတစ်ဗန်းနဲ့ တစ်နေရာရာကို ခပ်သွတ်သွတ် လျှောက်သွားနေလေရဲ့။ နောက်ထပ် အန်ကယ်ယုန်ကတော့ မျက်မှန်နဲ့ ခပ်အေးအေးပဲ။ ပုံပြင်တွေထဲကလို ဒီလိုမြင်ကွင်းမျိုးကို zoom ဆွဲပြီး တစ်ခုပြီးတစ်ခု ဓါတ်ပုံရိုက်ထားရတာပေါ့။ နောက် စုံတွဲတစ်တွဲ။ သူတို့တွေကတော့ လူလိုသူလိုတွေပါ။ camera ကနေ တစ်ဆင့်မြင်ရတဲ့ ကျွန်မရဲ့ မျက်လုံးထဲမှာတောင်မှ သူတို့နှစ်ဦး အချစ်ကြီး ချစ်မိနေတာ သိသာလွန်းနေပါတယ်။
ကျွန်မ စိတ်ကြိုက် ပုံတွေရိုက်ပြီးတဲ့ နောက်မှာတော့ အိမ်ထဲက ဖေဖေတို့ မေမေတို့ကို ပြဖို့ အပြေးလေးဝင်သွားရပါတော့တယ်။
ဒါပေမယ့် ကျွန်မ နှလုံးသားတို့ ပြုတ်ကျမတတ် စိုးထိတ်သွားစေတာကတော့ camera rolls ထဲမှာ ကျွန်မ ရိုက်ခဲ့တဲ့ပုံ တစ်ပုံမှာ ရှိမနေတော့တာပါပဲ။ အဲ့အစား ပုံထဲမှာ တိမ်တွေပဲ ရှိနေတယ်လေ။ ကျွန်မပဲ အထင်မှားတာများလား။ ထင်ယောင်ထင်မှားတွေပဲ ဖြစ်နေတာလား။ ကျွန်မ ဘာကိုမှ သေချာမသိတော့ဘူး။ ခေါင်းတွေမူးလိုက်တာ။ လောကကြီးက ချာချာလည်နေသလိုပဲ။ ဘယ်လိုလုပ်ပြီး အမှားလုပ်မိရမှာလဲ။ ဒီလောက် ရင်သပ်ရှုမောစရာကောင်းတာတွေကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့တာ ဘယ်လိုမှ မှားနိုင်စရာ အကြောင်းမရှိဘူး။
"ဒါမဖြစ်နိုင်ဘူး...."
အသက်၅၀ ကျော် အဖေက တစ်ခုခုမေးလိုက်တဲ့ အသံယဲ့ယဲ့ကို ကြားလိုက်ရတယ်။
ဖေဖေက ၅၀ ကျော်..... အဖေက ပြန်ငယ်သွားတာလား.... အသက်ပိုကြီးသွားတာလား....ဟင်.... မေမေက..... ၂၀ ကျော်ထိတောင် ငယ်သွားတယ်.... မဖြစ်နိုင်ဘူး.... ဘယ်လိုမှ မဖြစ်နိုင်ဘူး.....ခေါင်းတွေကလည်း မူးလိုက်တာ.... ပြန်ရှာရမယ်..... ကျွန်မ ကိုယ်တိုင် မြင်ခဲ့တဲ့ လမင်းထိန်ထိန်နဲ့ လေထဲက အဆောက်အဦကို ပြန်ရှာရမယ်....
ရှာတွေ့ချင်ဇော ကြီးနေလို့လား မသိပါဘူး။ သတိပြန်ကပ်လာတော့ ဝရံတာပေါ်က အရှိန်လွန်ပြီး ပြုတ်ကျနေပြီ။ မေမေရဲ့ စိုးရိမ်တကြီး အော်လိုက်တဲ့ အသံကိုတော့ ကြားလိုက်ပါရဲ့။ ကျွန်မကတော့ ကြောက်အားလန့်အားနဲ့ မျက်လုံးစုံမှိတ်ထားမိတယ်။ နှစ်လွှာမြောက်ကနေ ကျတာဆိုတော့ မြေညီထပ်.... အကျကောင်းရင်တော့ ကိစ္စမရှိဘူး။ ခက်တာက ဒုတိယလွှာဆိုတဲ့ အမြင့်က သိပ်မမြင့်ပေမယ့် အခုထိ အမြင့်ကနေ ပြုတ်ကျနေသလိုပဲ။
အားတင်းပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ လိပ်ပြာလွင့်မတက်ပါပဲ။ ကျွန်မက အဆုံးအစမသိနိုင်တဲ့ အရာတစ်ခုထဲကို ပြုတ်ကျနေတာပါလား။
အဆုံးအစမရှိ ကျနေရင်းကနေ မေမေ့ရဲ့ အော်ခေါ်သံတွေနဲ့အတူ လန့်နိုးလာရပါတော့တယ်။
Keep Reading