Author's Profile Photo

အလင်္ကာ

17/09/2023

မောင် ကျွန်မကဗျာဆရာတွေကိုမုန်းတယ်

1 min read
Poetry
မောင် ကျွန်မကဗျာဆရာတွေကိုမုန်းတယ်'s photo

၈။မောင်၏ကျွန်မထက်ချစ်သောအရာများ


မောင့်မှာက ချစ်စရာတွေများတယ်..။အမရာကိုမချစ်ဘူးတော့မဟုတ်ဘူး ချစ်တာကချစ်တယ်..။သိတယ်မလား အမျိုးသမီးတွေဆိုတာက သူများတွေထက်ပိုသဝန်တိုတယ်လေ..။
မောင် က ထူးဆန်းတာတွေရှိတယ်..။အချစ်ထူးဆန်းတယ်..။သက်ရှိလေးတွေထက်သက်မဲ့လေးတွေကိုပိုချစ်တတ်တယ်..။
ပန်းပင်လေးတွေကိုချစ်တယ်..။မောက်ဖတ်လက်စစာအုပ်ထဲမှာဆိုစာမှတ်ကတ်တွေအစားပန်းပွင့်လေးတွေညှပ်ထားတတ်တာကိုတွေ့ရလိမ့်မယ်…။သစ်ရွက်ကြွေလေးတွေ..အဝါရောင်သန်းလုလုရွက်ဝါခြောက်လေးတွေကိုအကိုင်းဖျားလေးအပြင်ထုတ်ပြီးစာအုပ်ဖျားလေးနဲ့ညှပ်ထားတတ်တယ်…။စွယ်တော်ရွက်ပေါ်မှာဆိုကဗျာတောင်ရေးထားသေး…။

စွယ်တော်
……..
တစ်ဖက်ကိုတစ်ဖက်က
တခုတ်တရဆုပ်ကိုင်ထားရင်း
အတူတူကြွေဆင်းရတာပါပဲ..
ခင်ဗျားလည်းအတူတူပဲမလား….။

အဲဒါကဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ခိုင်စာအုပ်ကြားမှာ..။ဆရာမဂျူးရဲ့အမှတ်တရစာအုပ်ကြားထဲမှာဆိုရင် ပိတောက်ခက်ပွင့်ခြောက်ကလေးနဲ့ကဗျာ…။

အမှတ်တရ
..
အတိတ်တွေမှာမျက်ရည်ကျ
ကျွန်တော့်တို့ဆုံခဲ့ခြင်းက
အမှတ်တရပဲ မလား..
ထားခဲ့..သွားမဲ့လမ်းလေးသာပါစေ….။

အဲလိုလေးတွေရေးထားတတ်တယ်..။ဒင်းကလေးကဆရာတက္ကသိုလ်ဘုန်းနိုင်ပရိတ်သတ်အကြီးစားကြီးပါ…။ဆရာ့စာအုပ်ဆိုမသိတာမရှိ..။အထဲကစာသားတွေပါထထရွတ်ပြတာ…။သူ့ကျွန်မခံပြီ၊ခိုင်၊တပြည်သူမရွှေထား၊လွမ်းတေးမဆုံးစေနှင့်စေသခင်..အိုစုံပလုံစိနေတာပါပဲ…။

ပြီးတော့ အထူးဆန်းတစ်ခုရှိသေးတယ်..။မောင်ကလိပ်ပြာတောင်ပံတွေကိုချစ်တတ်တယ်…။သူ့အနားမှာဖန်ပုလင်းလေးတစ်လုံးရှိတယ်…။သူလမ်းသွားရင်တွေ့လာသမျှရောင်စုံလိပ်ပြာတောင်ပံလေးတွေကိုတယုတယ ထည့်သိမ်းထားတတ်သေးတယ်…။ကဗျာဆရာမို့ကဗျာဆန်တာကထားပါ..။အဲလိုသဘောကျတာမျိုးကျတော့ မောင့်ဆီမှာကျမှထူးထူးဆန်းဆန်းတွေ့ရတာ…။
စနေသားလေးမောင်
နဂါးသေးသေးလေးမောင်က
အမောက်တပြပြမရှိဘဲ
ချစ်တတ်လှသောကြောင့်
အမရာ့ မှာသဝန်တိုနေရဘိခြင်း…။

မောင်ကအရှုပ်ရှင်းကင်းသည်..။ချစ်သူမှလွှဲ၍တခြားမိန်းကလေးများကိုဝေ့တောင်မကြည့်..။တစ်ခါတစ်ခါ ချစ်သူအနားမှာရှိနေသည်ကိုပင်မေ့နေတတ်သည်ကသာခက်သည်…။

လက်ဖက်ရည်ဆိုင်ထိုင်သည်…။

“မ”
“ရှင့်”
“ဟိုနားက သစ်ခွပင်လေးလှတယ်နော်.၊မောင်တို့ငယ်ငယ်ကအိမ်ရှေ့ဝရံတာမှာဆိုသစ်ခွမျိုးစုံ..။အမေကစိုက်တာ..ဘုရားပန်းအတွက်ပူစရာမလိုကတ်ကြေးလေးနဲ့ညပ်ပြီးထိုးလိုက်ရုံပဲ..မောင်ဆိုအမြဲပူဇော်တာလေ…”
စသည်ဖြင့်အစချီလေသောအတီတေဗာရာဏသိယံ ဇာတ်လမ်းကြီးကမပြီးတော့..။ခက်သည်က အမရာကိုယ်တိုင်ကလည်းစိတ်လိုလက်ရနားထောင်ပေးနေမိခြင်း..။မထူးဆန်းဘူးလားဟင်…။

ထူးဆန်းသည်
ချစ်ခြင်းမေတ္တာဟူသည်ကား
ထူးဆန်းလွန်းလှသည်….။
သမုဒယကိုအနှောင်ဖွဲ့ကြိုးဟူလျှင်
မေတ္တာကိုရစ်ထုံးချည်မှရမည်ထင်သည်..
မေတ္တာတိုင်ခိုင်နေသော အမရာ့အတွက်
မောင့်သမုဒယကြိုးမျှင်က ခိုင်ခံ့သည်ဟု
အမရာထင်စရာရှိခဲ့ပေမင့်….။

အလင်္ကာ

Keep Reading

ဘဝခရီးသည် ဤလူငယ်လူ​ကောင်းနဲ့ ​တွေ့လည်းရန်ကုန်မိုးစိတ်ဝိညဉ်Hope or Hopelessမိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်လေနှင်ရာနန်းကျဘုရင်