Author's Profile Photo

ရွှေငါး

23/06/2024

ကျွဲပျောက်ကြော်ငြာ

2 mins read
Education
Culture
18 Again
ကျွဲပျောက်ကြော်ငြာ's photo

စောစောစီးစီး ဒီရွာရဲစခန်းလေးထဲကနေ ရယ်သံတွေ အဆက်မပြတ်ကြားနေရတယ်။ 

“ဟားဟားဟားဟား”

“ဟားဟား...ဘာ ကျွဲနာမည်က အလှကလေး ဟုတ်လား”

“ဟားဟားဟား” လို့ စခန်းမှုးက ရယ်ရင်းပြောလိုက်တယ်။ သူ့တပည့် ရဲသားတွေကလည်း ခွက်ထိုးခွက်လန် ရယ်နေကြတယ်။

မရယ်တာတော့ နှစ်ယောက်ပဲရှိတယ်။ အလှကလေးဆိုတဲ့ ကျွဲမကြီးရဲ့ ပိုင်ရှင်ဖွားဖွားရယ်။ ရဲမေအသစ်ကလေး ဂျင်စီရယ်။

ရဲမေအသစ်ကလေး ဂျင်စီက ကျွဲပျောက်တဲ့အမှုကို လူပျောက်မှုလိုပဲ သဘောထားပုံပဲ။

“ကျွန်မကို အလှကလေးအကြောင်းပြောပါဦး” လို့ ဂျင်စီက မေးလိုက်တယ်။

“အင်း.... အလှကလေးအကြောင်းပြောရရင် ပထမဆုံးအချက်က အလှကလေးက လှတယ်” လို့ ဖွားဖွားကဖြေတယ်။

“ရိုးရိုးသားသားပြောရရင် သူက လမ်းတွေပိတ်အောင် လုပ်မိလေ့ရှိတယ်။” 

“သူ့ကိုနို့ညှစ်ယူနေချိန်ဆို သူက ရေဒီယိုက အနောက်တိုင်းရိုးရာဂီတကို နားထောင်လေ့ရှိတယ်။”

“သူ့ကို စားကျက်မှာ လွှတ်ထားချိန်ဆို ဘောလိဝုဒ်သီချင်းတွေ နားထောင်နေကျ”

“လှသွားအောင် ရွှံ့လူးနေချိန်ကျတော့ သူက စိတ်ကူးယဥ်ဆန်တဲ့ သီချင်းတွေနားထောင်ရတာ ကြိုက်ပြန်ရော”

“အင်း... ညကျတော့ သူက သီချင်းအေးအေးလေးတွေနား‌ထောင်ပြီးမှ အိပ်တတ်သေးတာ” လို့ ဖွားဖွားက ရှင်းပြတယ်။

“ဂီတကို တော်တော်ခံစားတတ်တာပဲ” လို့ ဂျင်စီက ကောက်ချက်ချလိုက်တယ်။

ပြီးတော့ ဂျင်စီက ရွာထဲပတ်ပြီး အလှကလေးရှာပုံတော် ဖွင့်ပါတော့တယ်။ လမ်းမှာတွေ့တဲ့သူတွေကို “အလှကလေးဆိုတဲ့ ကျွဲမကြီးကို တွေ့မိသေးလား” လို့ မေးကြည့်တယ်။

ပထမဆုံး သူက ငှက်ပျောခြံကိုသွားမေးတယ်။ ဒါပေမယ့် ခြံပိုင်ရှင်က ဒီလိုဖြေတယ်။

“ဟင့်အင်း။ ကျုပ် အလှကလေးဆိုတဲ့ ကျွဲလည်း မသိဘူး။ အရွကလေးဆိုတဲ့ ကျွဲလည်း မသိဘူး။ ကျုပ်က ကျွဲတွေကို မကြိုက်ဘူးဗျ။ ကျုပ်မှာ ညိုမြဆိုတဲ့ နွားမကြီးတစ်ကောင်ပဲရှိတာ။ သူက ကျွဲတွေလို ရွှံ့မလူးဘူးလေ။”

ရဲမေအသစ်လေး ဂျင်စီဟာ အလှကလေးရွှံ့လူးတတ်တဲ့ ရေကန်နားမှာ သန္တာနဲ့ စန္ဒာဆိုတဲ့ ညီအမနှစ်ယောက်ကို ထပ်တွေ့တယ်။ “အလှကလေးဆိုတဲ့ ကျွဲမကြီးကို တွေ့မိသေးလား” လို့ မေးကြည့်တယ်။ သူတို့ကလည်း အလှကလေးကို မတွေ့မိကြဘူးတဲ့။ 

“ကျွန်မ အလှကလေးအဖွားကို အခါတစ်ရာလောက်ရှိပြီ ပြောတာ။ အဲ့ အလှကလေးကို နဖားကြိုးမထိုးဘဲ လျှောက်မလွှတ်ထားနဲ့လို့။ သူ့ကျွဲကို ဒုတ်နဲ့ နည်းနည်းခြောက်ရိုက်တာ ဘာများဖြစ်သွားမှာမို့လဲ။ ကျွဲက အရေ ထူက ထူပါဘိနဲ့။ ဟင်း... ဒါနဲ့ အဲ့လို ဘာမှအသုံးမဝင်တဲ့ကျွဲများ ဘယ်သူက ခိုးသွားပါလိမ့်။” လို့ သန္တာကပြောတယ်။

“ကျွဲမဟုတ်ဘဲ နွားကောင်းနွားလှသာဆိုရင်တော့ ခိုးရင်ခိုးမိမှာပဲ” လို့ ထပ်ပြောလိုက်သေးတယ်။

ဂျင်စီ ဆက်ထွက်လာတယ်။ လမ်းမှာ ကုန်ကားတစ်စီးကို ပြင်နေတဲ့ လူတစ်ယောက်ကိုတွေ့တယ်။ စက်သံတွေ တဒုန်းဒုန်းနဲ့ ဆူညံနေတာပဲ။ သူ့ကုန်ကားထဲကနေ သီချင်းသံဆူတာကလည်း ပါသေး။ ဆူညံသံတွေကြားထဲကနေ ဂျင်စီက အော်မေးလိုက်တယ်။

“ဦးလေး။ သိပ်လှတဲ့ ကျွဲနက်တစ်ကောင်များ ဒီနားမှာတွေ့မိသေးလား။”

ကားပြင်နေတဲ့လူကြီးက ဒေါသသံနည်းနည်းနဲ့ 

“ကျုပ်ကို ဘာလို့လာမေးတာလဲ။ ကျုပ်က ဒီတောင် ခုမှရောက်ဖူးတာ။ ကျုပ်ကား ကျုပ်ပြင်နေတာ။ တစ်ကားလုံး ပိန္နဲသီးတွေချည်းပဲ။ ကျွဲတွေဆိုတာ သိပ်ယဥ်တဲ့ကောင်တွေမှတ်လား။ သူက သူ့ဘော်ဒါတွေနဲ့သူ ရှိနေမှာပေါ့။ ဒီမှာ ကျုပ်ပြောမယ်။ ရေဒီယိုနားထောင်ရတာကြိုက်တဲ့ကျွဲကို ကျုပ်က ဘယ်လိုသိမှာလဲ။ ဒီနေ့ မိုးရွာလောက်တယ်။ ခင်ဗျားရော မိုးရွာမယ်ထင်လား။” လို့ ပြန်ပြောတယ်။

ဂျင်စီလည်း စက်ဘီးလေးစီးပြီး ဆက်ထွက်လာခဲ့တယ်။ ပတ်ဝန်းကျင်ကို 

“အလှကလေးဆိုတဲ့ ကျွဲမကြီးကို တွေ့မိသေးလား” လို့ မေးကြည့်တိုင်း ဒီလိုတွေပဲ ဖြေကြတယ်။

“ညဘက်ကြီးပျောက်သွားတာလား။ ရောင်းစားခံလိုက်ရလောက်ပြီထင်တယ်”

“စိတ်မရှိပါနဲ့။ ဘယ်ကျွဲမှ မတွေ့မိဘူး။” 

“ထွက်ပြေးသွားတာ နေမှာပေါ့”

“အလှကလေး ဟုတ်လား။ ကျုပ်သမီးနာမည်လည်း အလှကလေးပဲဗျ”

“တခြားကျွဲတွေနဲ့ မခွဲတတ်ရင် ခင်ဗျားဘယ်လိုရှာမလဲ” 

ဂျင်စီက လက်ဖက်ရည်ဆိုင်မှာ နားလိုက်တယ်။ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကလည်း အလှကလေးကို မတွေ့လိုက်ပါဘူး။ ဒါပေမယ့် သူက သူ့ဆိုင်မှာ အလှကလေးပျောက်ကြော်ငြာကို ကပ်ခွင့်ပေးတယ်။ ဂျင်စီ ပင်ပန်းနေပြီ။ သူနားရင်း လက်ဖက်ရည်သောက်နေတုန်း ဆိုင်ရှင်က ရေဒီယိုထဖွင့်ပါလေရော။ 

“ကျွီ ကလီ ကျွီ ကျလီ” 

ဂျင်စီ အကြံတစ်ခုရသွားပြီ။ သူဟာ အလှကလေးရဲ့ တင်းကုတ်ကို သွားလိုက်တယ်။ 

“အလှကလေး ပျောက်နေတုန်းပဲ။ ဘယ်သူကမှလည်း မတွေ့ဘူးပြောတယ်။ အင်း... တစ်ခုခုတော့ တစ်ခုခုပဲ”  



အဲ့ညမှာ ဂျင်စီဟာ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တယ်။ သူဟာ သူများတွေ မမြင်အောင် ဓာတ်မီးကိုပိတ်၊ ညအမှောင်ထုကို အားကိုးပြီး ကုန်ကားကြီးပေါ်တက်ဖို့လုပ်တယ်။ ပတ်ဝန်းကျင်မှာတော့ ပိုးစုန်းကြူးအလင်းရောင်လေးတွေပဲရှိတယ်။ ကုန်ကားပေါ်ရောက်တော့ မှောင်ပိန်းနေတုန်းပဲ။ ဂျင်စီ လက်ထဲက ဓာတ်မီးကို ထိုးချလိုက်တယ်။

“ဟေး..........”

ဂျင်စီ အလှကလေးကို တွေ့ပါပြီ။ သူခိုးကိုလည်း လက်ပူးလက်ကြပ်မိတာပေါ့။



အလှကလေးဖွားဖွားက ပျော်ရွှင်စွာနဲ့ မေးတယ်။ 

“သမီးက အလှကလေးဒီမှာရှိမယ်လို့ ဘယ်လိုလို့ သိတာတုန်း”

 ဂျင်စီက နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးကို ပြုံးလိုက်ပြီး

“လွယ်ပါတယ် အဖွားရဲ့။ သူခိုးက ပြောတယ်။ ရေဒီယိုနားထောင်ရတာကြိုက်တဲ့ ကျွဲကို ကျုပ်က ဘယ်လိုသိမှာလဲ တဲ့။ အဲ့ချိန် ကျွန်မက သူ့ကို အလှကလေးက ရေဒီယိုနားထောင်တတ်ကြောင်း မပြောပြရသေးဘူးလေ။ သူခိုးက အလှကလေးကို တခြားရွာဆီခေါ်သွားပြီး ရောင်းမလို့ထင်တယ်။ ဒါပေမယ့် သူစီစဥ်ထားတဲ့အတိုင်း ဖြစ်မသွားဘူးလေ။” လို့ ပြုံးပြုံးကြီး ပြောပြနေတယ်။ 

“သူခိုးက ပထမတော့ တင်းကုတ်ကနေ အလှကလေးကို ခိုးတယ်။ အလှကလေးက မလိုက်လိုဘူး။ ဒါ့ကြောင့် သူခိုးက အလှကလေးရဲ့ ရေဒီယိုကို ယူလိုက်တော့မှ အလှကလေးက သူ့နောက်လိုက်တော့တာ။ အဲ့ဒါနဲ့ သူခိုးလည်း ရေဒီယိုယူပြီး အလှကလေးလိုက်လာအောင် သူ့ကုန်ကားရှိရာဆီ ပြေးပါရော။ အလှကလေးကလည်း ကောက်ကောက်ပါအောင် လိုက်သွားတော့တာပေါ့။ သူခိုးကုန်ကားက ပျက်သွားလို့သာ ပြန်တွေ့နိုင်ခဲ့တာ” 

အလှကလေးရဲ့ ဖွားဖွားကတော့ သူချစ်ရတဲ့အလှကလေးကို သူခိုးလက်ထဲက ပြန်ရလို့ ပျော်နေတာပေါ့။

စခန်းမှူးက အားရပါးရထပြောလိုက်တယ်။ 

“အလှကလေးက သိပ်လှတာပဲဟေ့” တဲ့။

Keep Reading

"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါခေတ်မီဘက်ထရီနည်းပညာ(၃)မျိုးတက်ညီလက်ညီ ပန်းတိုင်ဆီသို့ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၃အတိတ်မှ အတွေးတစ်စFinance Vs Accountingလဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လေညင်းတွေဟာ ဘယ်ကလာ