Author's Profile Photo

အလင်္ကာ

11/09/2023

မောင် ကျွန်မကဗျာဆရာတွေမုန်းတယ်

1 min read
Poetry
မောင် ကျွန်မကဗျာဆရာတွေမုန်းတယ်'s photo

၁။မောင့်မာန

မောင်က အမရာထက်ငယ်ပေမဲ့ကဗျာဆရာမို့ထင်တယ်။အနုပညာမာနကြီးလေရဲ့..။စာနဲ့ပေနဲ့ချက်ကျလက်ကျပြောတဲ့အခါရွဲ့တာဘာညာမကြိုက်တတ်ဘူး…။
တစ်ခါတစ်ခါမာနကြောင့်ပြဿနာဖြစ်တတ်သောအခိုက်တန့်များစွာ…။
“သမီး မန္တလေးကိုဖေဖေလာမယ်”
ဖုန်းကိုချပြီး အမရာ မောင့်ကိုလှည့်ကြည့်လိုက်သည်..။မောင်ကစာအရေးမပျက်..။
“မောင် ဖေဖေသဘောမတူရင်ဘယ်လိုလုပ်မလဲ”
“ဦးလေးက သဘောမတူစရာလား မောင်ကစာရေးဆရာလေ..စာရေးဆရာဆိုတာဂုဏ်ရှိတယ်..လောကကိုကူညီပြီးမျက်လုံးဖွင့်ပေးတဲ့ပရဟိတလူသားလိုလိုဘာလိုလိုတောင်ဖြစ်သေး..”
“မောင် အမရာအတည်ပြောနေတာ “
“မောင်လည်းအတည်ပါပဲ “

ခက်သည်..။မောင် က စာရေးခြင်းအနုပညာနဲ့ပတ်သက်လာရင်ခေါင်းမာသည်..။
ဖေဖေက စာရေးခြင်းကိုအထင်မသေးပေမင့် ကိုယ့်သမီးကိုယူသည့်အမျိုးသားတစ်ဦးထံမှ စိတ်ချရသောအလုပ်ကိုင်အရည်ချင်းထဲတွင် စာရေးဆရာအလုပ်ကိုထည့်မထား..။အလကားသက်သက် ခံစားချက်ဝါဒီ တွေဟုဖေဖေသုံးနှုန်းနေကျဖြစ်သည်…။စိတ်စေရာအတိုင်း စာရေးကြပြီး စီးပွါးရေးနယ်ပယ်အပြင်ဘက်က လူတန်းစားဟုရင့်သီးစွာသတ်မှတ်သည်…။
ထို့နေ့က မောင်နဲ့အမရာတို့အနည်းငယ် အချေတင်ဖြစ်သည်…။မိုးတွေရွာနေသည့်ကြားမှပင် မောင် ထပြန်သည်..။အမရာထီးယူပေးသည်ကိုတောင်မောင်က လက်မခံ..။လမ်းသို့ဆင်းပြီးမီနီအိုဝေးတစ်စီးတားကာထွက်သွားသည်..။ရုပ်ရှင်ဇာတ်ကားများထဲကလို လမ်းခွဲညနေတိုင်းမှာ မိုးရွာချတတ်သလော..။သိကြားမင်းရဲ့သတ်မှတ်ချက်က ဤသို့ဆိုလျှင် မောင့်ကိုတော့
အမရာတွေ့ချင်ပါသေးသည်..။
အနုပညာမာန နှင့် ဘဝ အားပြိုင်ခြင်းမှာမောင် ဘာကိုရွေးချယ်မည်နည်း…။

“သမီး ဖေဖေရှင်းရှင်းပဲပြောမယ်..။ဘဝတစ်ခုအတွက်ကြိုးစားတာကို ဖေဖေထောက်ခံအားပေးတယ်၊သမီးကိုအပိုင်ယူမဲ့လူငယ်လေးက သမီးလုပ်စာထိုင်စားနေတာမျိုးဖေဖေမမြင်ချင်ဘူး..။သမီးအိမ်ထောင်ကျပြီးသမီးပဲဆက်ပင်ပန်းနေရမှာမျိုးကိုဖေဖေမလိုလားဘူး..။လူရယ်လို့ဖြစ်လာရင် မေတ္တာကိုအသပြာဝန်းရံရမယ်ဆိုတာကိုသိတာကလည်းပညာတစ်ခုပဲသမီးရဲ့”

ဖေဖေ့စကားမဆုံးခင် အိမ်တံခါးပွင့်သွားသည်..။
မောင် ရပ်နေသည်မို့
အမရာအထိတ်တလန့်..။
“မောင် မပြောမဆိုနဲ့ဘယ်လိုရောက်ချလာရတာလဲ မောင်ရယ်..”
မောင် က ရှပ်အကျီင်္မိုးပြာရောင်လေးနဲ့ အမရာဝယ်ပေးထားသောကချင်ပုဆိုး အနက်ကွက်စိပ်ကလေးကိုဝတ်ထားသည်..။အံကိုမသိမသာကြိတ်ထားသောမောင့်မျက်ဝန်းထဲတွင်အမျိုးသားမာနကိုတွေ့ရသည်…။
“ မ မောင်တောင်းပန်ပါတယ်..။”
မောင်က ဖေဖေ့ဘက်သို့လည်းလှည့်၍
“ဦးလေးကိုလည်းတောင်းပန်ပါတယ်”
ဟုကိုယ်ကိုယို့ကိုင်းကာပြောသည်..။
ထို့နောက်အမရာကိုဖက်သည်…။
မောင့်လက်ဖျားနွေးနေသည်ကိုအမရာခံစားရသည်..။ပုံမှန်ဆိုမောင်က လက်ဖျားခြေဖျားအေးတတ်သည်..။စိတ်ခံစားချက်ပြင်းထန်လာရင်သွေးဆူပြီး လက်ဖျားများပါပူလာတတ်သည်မှာ မောင့်အကျင့်..။အမရာကိုင်ထားသောလက်ဖျားကိုမောင်လွှတ်ချသည်…။
“မောင် ပြန်လာခဲ့ပါ့မယ်..အချိန်တစ်ခုကြာတဲ့အခါ မ ဆီ ကိုပြန်လာခဲ့ပါ့မယ်..။အချစ်တွေပြန်ပါလာမည်မပါလာမည်ကိုတော့
မပြောတတ်တော့ပေမဲ့ သံယောဇဉ်လက်ကျန်လေးတွေကတော့ အမြဲရှိနေမှာပါ၊
လမ်းခွဲတာမဟုတ်ဘူးနော်..။တစ်ယောက်ကိုတစ်ယောက်က အခွင့်ရေးရရင်ဘယ်သူအရင်ပြေးဖက်မလဲလို့မတ်တတ်ရပ်ပြီးစောင့်နေကြတာ..ကဲ မောင် သွားပြီ
ပြန်ဆုံမယ်…”

“မောင်”

အမရာ့ခေါ်သံကိုမောင်မကြားနိုင်လောက်တော့ပါ..။မောင် ဘယ်တုန်းကစပြီးနားထောင်နေမှန်းလည်းအမရာမသိ..။
ကံကြမ္မာကမျက်နှာသာပေးရင် မောင့် ဆီမှာပဲ တစ်ဘဝစာကုန်ဆုံးချင်ပါတယ်..။

မောင်
ချစ်လှစွာသောအမရာ့ မောင်
နှောင်ကြိုးလည်းကင်းရက်ပါလေ….။

အလင်္ကာ

Keep Reading

မိုးရွာတဲ့​ ​နေ့အမည်မရှိ ကမ္ဘာမာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်တစ်ဝက်လူသားလေနှင်ရာ'' ကုက္ကိုပင်လမ်း "နှင်းဆီနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်