SarPhat Author

အခုဆိုရင် နည်းပညာနယ်ပယ်က လျင်မြန်စွာ တိုးတက်ပြောင်းလဲလျက်ရှိပြီး နယ်ပယ်တစ်ခုစီမှာ အောင်မြင်တဲ့ အသက်မွေးဝမ်းကျောင်း တံခါးပေါက်တစ်ခုစီသို့ ရောက်ရှိနိုင်မဲ့ နည်းလမ်းများစွာလည်း ပေါ်ထွက်လျက်ရှိပါတယ်။ Computer Science Degree ဟာဆိုရင် လိုအပ်တဲ့ အခြေခံအုတ်မြစ်တစ်ခုဖြစ်သော်လည်း ပြီးပြည့်စုံပြီး ဝင်ငွေကောင်းမွန်တဲ့ နည်းပညာအလုပ်ဆီသို့ ပေးစွမ်းနိုင်မဲ့ တစ်ခုတည်းသော လမ်းကြောင်းမဟုတ်ပါဘူး။
ဒီနေ့မှာတော့ Computer Science Degree မရှိဘဲ နည်းပညာအသက်မွေးဝမ်းကြောင်းကို လျှောက်လှမ်းနိုင်ဖို့ လမ်းညွှန်ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ လေ့လာတဲ့အခါမှာ ကျွမ်းကျင်မှုကို အဓိကထားပြီး သင်ယူရမှာဖြစ်ပါတယ်။ အွန်လိုင်းအရင်းအမြစ်များနှင့် Self-paced Courses များက ကိုယ့်ရဲ့ နည်းပညာ လေ့လာမှုကို အများကြီး တိုးတက်ပြောင်းလဲစေပါတယ်။ ကိုယ်ရည်ရွယ်ထားတဲ့ အလုပ်နှင့် ကိုက်ညီတဲ့ Programming Languages, Frameworks အစရှိတဲ့ လိုအပ်တဲ့ အရာများကို လေ့လာသင်ယူနိုင်ပါတယ်။ အခုလိုအာရုံစိုက်ပြီး တစိုက်မတ်မတ် လေ့လာခြင်းက နည်းပညာဆိုင်ရာ အလုပ် Position များစွာအတွက် အရည်အချင်းပြည့်မှီစေနိုင်ပါတယ်။
နောက်တစ်ချက်အနေနဲ့ ကောင်းမွန်စွာ တည်ဆောက်ထားတဲ့ Portfolio မှတစ်ဆင့် ကိုယ့်ရဲ့ လက်တွေ့ ကျွမ်းကျင်မှုများကို ပြသနိုင်ခြင်းက အလုပ်ရရှိဖို့ အခွင့်အလမ်းကို သိသာစွာ မြှင့်တင်ပေးနိုင်ပါတယ်။ ကိုယ်တစ်ယောက်တည်း (ဒါမှမဟုတ်) တခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ထားတဲ့ နည်းပညာ ပရောဂျက်များကို ပြီးမြောက်ထားခြင်းက လက်တွေ့အခြေအနေများတွင် ကိုယ့်ရဲ့ ကျွမ်းကျင်မှုများကို လက်တွေ့အသုံးချနိုင်စေပါတယ်။ ဒါ့အပြင် အလုပ်ရှင်များက ပုံမှန်ဘွဲ့ဒီဂရီထက် မြင်သာထင်သာရှိတဲ့ ရလာဒ်များကို တန်ဖိုးထားလေ့ရှိပါတယ်။
ဆက်ပြီးတော့ နည်းပညာနယ်ပယ်အတွင်းမှာ ခိုင်မာတဲ့ ပရော်ဖက်ရှင်နယ်ကွန်ရက်တစ်ခုကို တည်ဆောက်ခြင်းက အလုပ်အကိုင်အခွင့်အလမ်းများစွာဆီသို့ လမ်းစဖွင့်ပေးနိုင်ပါတယ်။ နည်းပညာတွေ့ဆုံပွဲများ၊ Conference များနှင့် အလုပ်ရုံဆွေးနွေးပွဲများကို တက်ရောက်ခြင်းက နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များနှင့် ချိတ်ဆက်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ထို့အပြင် အလုပ်သင်၊ Freelance Work (သို့မဟုတ်) Open-source များမှတစ်ဆင့် လက်ဆင့်ကမ်း အတွေ့အကြုံများကို ရရှိခြင်းက ကိုယ့်အပေါ် ယုံကြည်စိတ်ချရမှုကိုလည်း မြင့်မားစေပါတယ်။
Computer Science Degree က နည်းပညာအသက်မွေးဝမ်းကျောင်းအတွက် တစ်ခုတည်းသော တံခါးပေါက်မဟုတ်တာကြောင့် ကိုယ့်အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုများကို ရယူခြင်း၊ ပရောဂျက်အတွေ့အကြုံ၊ ကွန်ရက်ချိတ်ဆက်ခြင်းနှင့် နည်းပညာအပေါ် စိတ်အားထက်သန်မှုတို့ကို ဖော်ပြခြင်းဖြင့် သင့်အနေနဲ့ ဘွဲ့တစ်ခုခုမရှိသော်လည်း နည်းပညာအလုပ်တစ်ခုကို အပြည့်အဝ ရယူနိုင်မှာဖြစ်ပါတယ်။
အဓိကအချက်ကတော့ အမြဲလေ့လာနေရမှာဖြစ်ပြီး ကိုယ့်ကိုယ်ကို တိုးတက်အောင် စဥ်ဆက်မပြတ် လုပ်ဆောင်နေရမှာ ဖြစ်တယ်ဆိုတာကို သတိရနေဖို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
Keep Reading