ကိုလွှမ်း (အမ်ဘီအေ)
"လမ်းစပျောက်နေရင် လမ်းစလျှောက်ပါ"
လို့ ပြောပါရစေ။
လူတစ်ယောက်ရဲ့ ဘဝမှာ တစ်ကြိမ်တစ်ခါထက် မနည်းတော့ စိတ်ဓာတ်ကျဖူးကြမှာပါ။အကြိမ်ကြိမ်အခါခါလည်း လဲပြိုကြနိုင်သလို အလူးအလဲလည်း ရှုံးနိမ့်နိုင်သည်။ထိုသည်ဤသည်မှာလည်း အဆိုးသော လောကဒဏ်ရဲ့ မမြဲသောလောကဓံတွေပါ။
ကျန်းမာရေးကြောင့်၊လှုမှုရေးကြောင့်၊
ကပ်ဘေးတွေကြောင့်၊ခေတ်စနစ်တွေကြောင့် စသည်ဖြင့် အခက်အခဲ ကြပ်တည်းမှု ရိုက်ခတ်ခြင်းတွေကြောင့် လမ်းစပျောက်နိုင်သလို၊ဘဲဥအစရှာမရ၊မြေစမ်းခရမ်းပျိုးရမလားဖြင့်လည်း လမ်းစများ ပျောက်တက်ပေသည်။
လမ်းစပျောက်ပြီး လမ်းမှားမရောက်ဖို့ရန်မှာလည်းအရေးကြီးလှသည်။ညတွေမှာ မှောင်တာက အပြစ်မဟုတ်ပေမယ့် နေ့တွေမှာ အလင်းမသာရင်တော့ ထိုလမ်းသည် မမှန်တော့တာ သေချာသည်။
အသည်းကွဲလို့၊စီးပွားရေးအဆင်မပြေလို့ စသည်ဖြင့် မပြေလည်မှုများစွာအား အကြောင်းပြခြင်းဖြင့် လမ်းမှားမရောက်သင့်ပေ။
ပြဿနာများနှင့်ကခုန်နေရသည့် ဘဝဇာတ်ခုံတွင် ငြီးတွားခြင်းဖြင့် အရာမရောက် ဖြေရှင်းခြင်းဖြင့်သာ ခရီးတွင်ပေလိမ့်မည်။
လမ်းစပျောက်ခြင်းသည် အတွေးသံသရာလည်ခြင်းဖြင့် စတင်သည်။အတွေးမှန်ရန် လိုအပ်သလို အတွေးသံသရာမလည်ဖို့ရန်မှာလည် အရေးကြီးလှသည်။အဆိုးဖက်သို့ တွေးခြင်းဖြင့်လည်း လမ်းစပျောက်စေသဖြင့် အကောင်းမြင်ခြင်းဖြင့် ရှေ့ဆက်ရန်သင့်သည်။
ဘာလုပ်ရမလဲ တွေးနေရင်း လမ်းစပျောက်နေခြင်းထက် တစ်ခုခု စတင်လုပ်ကိုင်ခြင်းဖြင့် လွဲသွားခြင်းက ပို၍သာသည်။
ကုသိုလ်၊ပညာ၊ဥစ္စာမရသည့် အကျိုးမရှိသော
အချိန်များဖြုန်းတီးခြင်းထက် ကုသိုလ်၊ပညာ၊ဥစ္စာရ
အောင် အကျိူးရှိသော အချိန်ကို အသုံးချသင့်သည်။
လမ်းစပျောက်နေသည့် လူတိုင်း လမ်းစလျှောက်ဖို့လိုသည်။လမ်းစပျောက်နေပြီဆိုရင် လမ်းစလျှောက်ဖို့အတွက်ဒီအချက်တွေကို လိုက်လုပ်ကြည့်သင့်သည်။
1.အတွေးများကိုပြောင်းလဲခြင်း
အတွေးများကိုပြောင်းလဲပါ အဆိုးမြင်အတွေးများ(Negative Thinking) မှ
အကောင်းမြင်သော အတွေးများ(Positive Thinking) ဖြင့် ပြောင်းလဲပါ။
ငါ့ကျမှ ဆင်းရဲလိုက်တာလို့ တွေးမယ့်အစား
ငါချမ်းသာ အောင်လုပ်မယ်လို့တွေးပါ။
ဘယ်သူတွေက မကောင်းဘူးလို့ တွေးမယ့်အစား
ငါကိုယ်ငါ ကောင်းအောင်နေမယ်လို့ တွေးပါ။
ငါက အရှုံးသမားပဲ ငါ့ကျမှ ဘာလို့ ကံမကောင်းတာလဲ တွေးမယ့်အစား ငါအောင်မြင်ရမယ်၊ငါ့ကိုယ်ငါယုံကြည်တယ်၊အချိန်မကျသေးတာ
ကြိုးစားဖို့လိုနေသေးလို့
မအောင်မြင်သေးတာလို့ တွေးပါ။
2.သင်ယူခြင်း
အချိန်ကို အားအောင်ထားရင်လေလွင့်တက်လေရာ မိမိဝါသနာပါသော ပညာရပ်တစ်ခုခုကို သင်ယူပါ။အသိပညာဖြစ်စေ၊အတက်ပညာဖြစ်စေ သင်ယူပါ။ယနေ့ခေတ်မှာ သင်တန်းပေါင်းမြောက်မြားစွာရှိသလို Online/Offline သင်ယူဖို့ရန်မှာ လွယ်ကူလှသည်။
Website များ၊Social media platform များစွာမှ အခမဲ့ သင်ယူနိုင်သလို ယခု SarPhat app တွင်လည်း အခမဲ့ဖတ်ရှုလေ့လာသင်ယူစရာ မြောက်မြားစွာရှိသည်။
လေ့လာ သင်ယူတက်မြောက်ချင်သောစိတ်ဓာတ် ရှိဖို့ရန်ပဲ အရေးကြီးသည်။
3.Network တစ်ခု တည်ဆောက်ပါ
စီးပွားရေးလုပ်ငန်းဖြစ်စေ၊အောင်မြင်မှုတစ်ခုအတွက်ဖြစ်စေ ကွန်ရက်တစ်ခုတည်ဆောက်ရန်မှာ အထူးအရေးကြီးလှသည်။ ခိုင်မာတောင့်တင်းသည့်
Network ကြီးလေလေ အောင်မြင်မှုက ပိုကြီးလေလေပါ။စီးပွားရေး ကွန်ရက် သို့မဟုတ် အောင်မြင်ခြင်း ကွန်ရက်တွေကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာ၊လမ်းစပျောက်နေတဲ့ လူငယ်တွေ ဘယ်လိုလမ်းစလျှောက်ရမလဲဆိုတဲ့ လျှောက်လှမ်းနည်းတွေကို အပိုင်းဆက်လိုက် ဆက်လက်ပြီး ဖော်ပြပေးသွားပါမယ်။
ကိုလွှမ်း(အမ်ဘီအေ)
ဇွန်လ၊၂၀၂၄
Keep Reading