ရွှေငါး
ဒါပေမယ့် ရိုးရိုးကို ခေါင်းဆောင်က ရပ်ကွက်ကိုယ်စားပြု ဂိုးသမားတာဝန် ပေးထားပါတယ်။ ရိုးရိုးက တခြားသူတွေထက် လူကောင်နည်းနည်းပိုကြီးတယ်။ အရပ်လည်း နည်းနည်းပိုရှည်တယ်။ လက်ဝါးကလည်း သူများထက် လက်တစ်ဆစ်လောက် ပိုရှည်တယ်လေ။
ရိုးရိုး ဂိုးမဖမ်းချင်ပါ။ ရိုးရိုးက ဂိုးပဲသွင်းချင်တာ။ ရှေ့တန်းမှာနေချင်တယ်။ လူတွေက ဂိုးသွင်းတဲ့သူကိုပဲ ပိုမှတ်မိကြတာ။ ကိုယ်သွင်းလိုက်လို့ ဂိုးဝင်သွားတဲ့ ခံစားချက်ကလည်း ဘာနဲ့မှမတူဘဲ တအားပျော်ဖို့ကောင်းမှာပဲ။ ဘယ်နှစ်ဂိုးသွင်းဖူးတယ်လို့ ဂုဏ်ယူပြီးပြောချင်တယ်။ ဂိုးသမားဆိုတာက ဘယ်နှစ်ဂိုးဖမ်းမိတယ်လို့ ဘယ်သူမှမှတ်မထားကြဘူးလေ။ မတော်လို့များ ဂိုးအသွင်းခံလိုက်ရရင်လည်း ဂိုးသမားကို အပြစ်တင်ကြသေးတာ။
ရိုးရိုး ဂိုးမဖမ်းချင်ပါ။ ဒါပေမယ့် ဂိုးသမားဖြစ်နေတော့လည်း ရိုးရိုး ပွဲတိုင်း ဂိုးပဲဖမ်းရတယ်။ သူငယ်ချင်းတွေက ဂိုးသွင်းဖို့လေ့ကျင့်နေကြရင် ရိုးရိုးအားကျတယ်။ ဂိုးသမားနေရာက ပျင်းစရာကောင်းတယ်။ ဒါပေမယ့် ကိုယ်ကျရာနေရာတော့ ရိုးရိုးတာဝန်ကျေအောင် ကြိုးစားပါတယ်။ မပျော်ပေမယ့် ဂိုးဖမ်းတာ ပိုတိုးတက်လာအောင် လေ့ကျင့်တယ်။ ဒီလိုနဲ့ ရိုးရိုးတို့ မြို့နယ်အဆင့် အကြိုဗိုလ်လုပွဲထိ ရောက်လာပြီ။
ရိုးရိုး ဂိုးမဖမ်းချင်ပါ။ ဒီပွဲတွေတော့ ရိုးရိုး ဂိုးသွင်းချင်တယ်။ ခေါင်းဆောင်ကို ရိုးရိုး အရဲစွန့် ခွင့်တောင်းလိုက်တယ်။
“သမီး ဒီပွဲတွေတော့ ဂိုးသွင်းတဲ့ ရှေ့တန်းကစားသမားဖြစ်ချင်တယ်”
“ဟင်… ရိုးရိုး…နင်က ဂိုးသမားလေ”
“သမီး ဂိုးသမားမဖြစ်ချင်ပါဘူး”
“ဒါပေမယ့် နင့်မှာ ဂိုးသမားအင်္ဂါရပ်တွေရှိတယ်။ ပြီးတော့ နင်က ဂိုးတွေလည်း တကယ်ကာကွယ်နိုင်တယ်လေ”
“ဒါပေမယ့်...”
“ရိုးရိုးရေ ဘောလုံးတစ်သင်းဆိုတာ ဂိုးပဲသွင်းတတ်တဲ့ ရှေ့တန်းကစားသမားချည်းပဲ ရှိနေလို့လည်း မရဘူး။ နောက်တန်းချည်းပဲလည်း ရှိနေလို့မရဘူး။ ဂိုးသမားတစ်ယောက်တည်းလည်း ရှိနေလို့မရဘူးလေ။ ဂိုးသမားက အရေးမကြီးဘူးထင်လို့လား ရိုးရိုး”
“ရှေ့တန်းလောက်တော့ ....”
“ဘောလုံးပွဲတစ်ခုလို့မစဥ်းစားဘဲနဲ့ ရဲတိုက်ကြီးတစ်ခုကို ကာကွယ်နေတဲ့ ဓားသမားတွေလို့ စဥ်းစားကြည့်ပါလား။ ရန်သူတွေကိုတိုက်ဖို့ အကုန်ရှေ့တန်းထွက်သွားရင် ရဲတိုက်ကြီးကို ဘယ်သူကာကွယ်တော့မှာလဲ? ရန်သူတွေ သိမ်းသွားမှာပေါ့ မဟုတ်ဘူးလား”
ရိုးရိုး ကိုယ့်ကိုယ်ကိုယ် ရဲတိုက်ကြီးကိုကာကွယ်နေတဲ့ ဓားသမားစစ်သူကြီးလို ခံစားလိုက်ရတယ်။ နည်းနည်းပီတိဖြစ်သွားတယ်။ ပျော်တဲ့စိတ်နဲ့မို့လားမသိဘူး။ အကြိုဗိုလ်လုပွဲမှာ ၂ ဂိုး ၁ဂိုးနဲ့ ဗိုလ်လုပွဲတက်ခွင့်ရသွားတယ်။ ဂိုးတွေကို ပိုင်ပိုင်နိုင်နိုင်ကာကွယ်နိုင်ခဲ့တဲ့ ရိုးရိုးကို အားလုံးက ချီးကျူးကြတယ်။ ရိုးရိုး အားပိုရှိသွားသလို ခံစားလိုက်ရတယ်။
ဗိုလ်လုပွဲမှာ တဖက်အသင်းက အင်အားကြီးတယ်။ ရိုးရိုး ဂိုးအများကြီးကို အလူးအလဲကာကွယ်နေရတယ်။ ကစားနေရင်း ရိုးရိုးဒဏ်ရာရသွားတယ်။ ခေါင်းဆောင်က လူလဲချင်လား မေးတော့ ရိုးရိုးခေါင်းခါပြလိုက်တယ်။ ကိုယ်နားလိုက်ချိန်မှာ ဂိုးတွေဝင်ပြီး ရှုံးသွားမှာစိုးတယ်။ ကစားချိန်ပြည့်ခါနီးမှာ ရိုးရိုးတို့နောက်တန်းကလူတွေ ကာကွယ်ရင်း ကစားတာကြမ်းလို့ဆိုပြီး ပင်နယ်တီအပေးခံရတယ်။ ရိုးရိုး ပင်နယ်တီဖမ်းရတော့မယ်။ ခေါင်းဆောင်ကိုအားကိုးတကြီးလှမ်းကြည့်လိုက်တော့ နင်လုပ်နိုင်မှာပါဆိုတဲ့သဘောမျိုး ခေါင်းညှိတ်ပြတယ်။ တော်ပါသေးရဲ့။ ရိုးရိုးဆုံးဖြတ်ချက်မှန်မှန်နဲ့ ကာကွယ်လိုက်နိုင်ခဲ့တယ်။ တဖက်အသင်း ဂိုးမဝင်လို့ အားလျော့သွားတုန်း ရိုးရိုးတို့အသင်း တစ်ဂိုးသွင်းလိုက်နိုင်ပြီး ဗိုလ်စွဲသွားတယ်။ ရိုးရိုးလည်း အကောင်းဆုံး ဂိုးသမားဆု ရတယ်။ ခေါင်းဆောင်က ပြောတယ်။
“ရိုးရိုး ဂိုးဖမ်းချင်သေးရဲ့လား” တဲ့။
ရိုးရိုး အားရပါးရပြုံးပြီး ပြန်ဖြေလိုက်တယ်။
“ဟုတ် ရိုးရိုး ဂိုးဖမ်းချင်ပါတယ်။”
The Avocado Story Recipe (fb page)
https://www.facebook.com/theAvocadoStoryRecipe?mibextid=LQQJ4d
Avo Story Magazine (Youtube)
https://youtube.com/@theavocadostoryrecipe?si=HiHvC7uoOTytv2Sa
#ရွှေငါး #shortstory“ရိုးရိုး ဂိုးမဖမ်းချင်ပါ”
Keep Reading