ရွှေငါး
? တစ်ခါက သရဲလေးတစ်ကောင်ဟာ သူများတွေထက်ထူးခြားလို့ သူငယ်ချင်းသရဲလေးတွေရဲ့ လှောင်ပြောင်တာကို အမြဲခံရတယ်တဲ့။ ဘာလို့လဲဆိုတော့ သူက တအားကြောက်တတ်လို့လေ။
လူတွေကိုကြောက်တယ်။
ကားတွေကို ကြောက်တယ်။
တခြားပုံစံမတူတဲ့သရဲတွေကို ကြောက်တယ်။
လေကြမ်းကြမ်းတိုက်ရင်လည်း ကြောက်တယ်။
သရဲဖြစ်လျက်နဲ့ ကြောက်တတ်လို့ ဘယ်သွားသွား မျက်နှာငယ်ရတယ်လေ။
?
“သား ... သားက သရဲလေ။ သရဲဆိုတာ လူတွေက ကြောက်ရမှာ။ သားက ဘာလို့ ကြောက်နေတာတုန်း”
“လူတွေက ကြောက်စရာကြီးမေမေ။ သူတို့ ဒေါသထွက်နေချိန်ဆို ပိုကြောက်ဖို့ကောင်းတယ်။”
“သဘောကောင်းတဲ့လူတွေလည်း ရှိပါသေးတယ်သားရဲ့”
?
ဒီနေ့ သရဲလေး ကလေးကစားကွင်းဘက်ရောက်တယ်။ ဒီလိုဆိုတော့လည်း လူကလေးတွေဖြစ်ရတာ ပျော်စရာကြီးပါလား။ လျှောစီးသူက စီး၊ ဒန်းစီးသူက စီး၊ ဘောလုံးကန်တဲ့သူက ကန်နဲ့။ သရဲလေးလည်း သူတို့ကြားထဲ မရဲတရဲသွားကြည့်ပြီး လျှောစီးကြည့်လိုက်တယ်။
“ဟီဟိ ပျော်စရာကြီးပါလား”
သရဲလေး လျှောစီးပစ်လိုက်တာ ဘယ်နှစ်ခါမှန်းတောင် မသိတော့ပါဘူး။ သူ့ကိုမမြင်တဲ့ ကလေးတွေကလည်း သူ့ကိုကျော်ခွသွားကြတာပေါ့။
“ငါလည်း ဘောလုံးကန်ချင်လိုက်တာ”
အဲ့လိုတွေးနေချိန်မှာပဲ ကလေးတွေကန်လိုက်တဲ့ ဘောလုံးက သရဲလေးရဲ့ရှေ့ကို လှိမ့်လာတယ်။
သရဲလေးလည်း အားတင်းပြီး ကလေးတွေဘက်ကို ကန်ပစ်လိုက်တယ်။
“ဟာ ဘောလုံးကြီး ဘယ်သူမှမရှိဘဲ သူ့ဘာသူပြန်လာတယ်ဟ... သရဲ သရဲ ပြေးကြဟေ့”
ကလေးတွေအားလုံး ပြေးကုန်ကြတယ်။ သရဲလေး စိတ်ဓာတ်ကျပြီး ပြန်လာခဲ့ရတယ်။
?
“သားတို့သရဲတွေက တော်တော်ကြောက်ဖို့ကောင်းတာလား မေမေ”
“မေမေတို့ သားတို့က ကိုယ့်ဘာသာကိုယ်နေကြတာပါ သားရယ်။ လူတွေက တွေးကြောက်နေတာပါ”
“သားနဲ့ ဘယ်သူမှ မကစားချင်ကြဘူး”
“သားက တခြားသရဲသူငယ်ချင်းလေးတွေနဲ့ ကစားပေါ့ သားရဲ့”
“ဒါနဲ့လေ သားကြီးလာရင် သရဲကြီးဖြစ်လာမှာတစ်ခုပဲရှိတာလားဟင်”
“မေမေတို့ သားတို့က ဟိုး ကောင်းကင်ဘုံကို ရောက်နိုင်ပါတယ် သားရဲ့”
“ဟင် သားကောင်းကင်ဘုံရောက်အောင် ဘာလုပ်ရမလဲဟင်”
“သားက ကောင်းတာတွေတော့ လုပ်ရမှာပေါ့”
“သရဲဖြစ်ရတာ သားသိပ်စိတ်ညစ်တာပဲ မေမေရယ်”
“သားရယ် သရဲတွေက လမ်းလျှောက်နေစရာလည်းမလိုဘူး။ သွားချင်ရာကို လွင့်ပြီးသွားလို့ရတယ်။ ကိုယ်ပျောက်လို့လည်းရသလို ကိုယ်ထင်ပြလို့လည်းရတယ်။ ဒါ လူတွေမလုပ်နိုင်ဘူးလေ။ ဘယ်လောက်ကောင်းလိုက်သလဲ။ ကိုယ့်လက်ရှိဘဝကို အကောင်းမြင်ဖို့က အရေးကြီးတယ်သားရဲ့။ ဒါမှ ပျော်ရွှင်နိုင်မှာ”
?
မေမေပြောတာတော့ အကုန်နားမလည်ပါဘူး။
ဒီနေ့ ရာသီဥတုကအေးတယ်။ ပျင်းပျင်းနဲ့ ဟိုနား ဒီနားသွားကြည့်လိုက်တော့ ခွေးကလေးတစ်ကောင် ချမ်းလွန်းလို့ ကွေးပြီးအိပ်နေတာ သနားစရာပဲ။ သရဲလေးလည်း အနားက အဝတ်ဟောင်းတစ်ထည်ကို ယူခြုံပေးလိုက်တယ်။ ခွေးလေးကတော့ မသိပေမယ့် သရဲလေး ပီတိဖြစ်သွားတယ်။
“ဟီးဟီး သူများကို ကူညီတာ ပျော်စရာကောင်းသားပဲ”
လမ်းတောင် မလျှောက်တတ်သေးတဲ့ ကလေးလေးတစ်ယောက် ရေစပ်မှာ ကစားနေတယ်။ သူ့အမေက စကားပြောနေတာနဲ့ ကလေးကို လှည့်မကြည့်မိဘူး။
“ဟော ကလေး ရေထဲကျတော့မှာပဲ”
သရဲလေးက ကလေးကို ဖြည်းဖြည်းစီတွန်းပြီး ရေနဲ့နည်းနည်းဝေးတဲ့ဘက် တိုးထားပေးလိုက်တယ်။
“ဒီလောက်ဆို ရေထဲမကျလောက်တော့ပါဘူး”
သရဲလေးက စိတ်မချသေးလို့ ဆက်ကြည့်နေသေးတယ်။ ခဏနေတော့ ကလေးအမေက စကားပြောပြီးလို့ ကလေးကို ကောက်ချီပြီး ပြန်သွားကြတယ်။
“တော်ပါသေးရဲ့ ကလေးလေး ဘာမှမဖြစ်လို့”
သရဲလေး ပိုပျော်လာတယ်။ ဘယ်သူ့ကို ကူညီရမလဲ လိုက်ရှာရတာကိုတောင် စိတ်လှုပ်ရှားလာတယ်။
“ဟိုမှာ လူငယ်လေးတွေ ရန်ဖြစ်နေပါလား။ ဟာ ကောင်လေးတစ်ယောက်ကို တခြားကောင်လေးတစ်ဖွဲ့က အနိုင်ကျင့်နေတာပဲ။ ဟင် အုတ်ခဲနဲ့ထုဖို့လုပ်နေတယ်”
သရဲလေးက လူတွေကြောက်ပေမယ့် ကူညီမှဖြစ်မယ်ဆိုပြီး ဘေးနားက အုတ်ပုံကြီးကို လဲသွားအောင် အားကုန်လှဲချလိုက်တယ်။ အနိုင်ကျင့်ဖိုလုပ်နေတဲ့သူတွေ လန့်ပြီး ထွက်ပြေးသွားလို့ ရန်ပွဲရပ်သွားတယ်။
“ကလင် ကလင်”
“ဟင် ဟိုမှာ စက်ဘီးလာနေတာကို အဖွားက မကြားဘဲ လမ်းကူးနေပြီ”
သရဲလေး အဖွားကို သွားဆွဲလိုက်တယ်။ စက်ဘီးက အဘွားကို ရှောင်နိုင်သွားပြီး ဆက်သွားတယ်။
“ဟူး အဖွားရယ် နောင်သတိထားရင် သိပ်ကောင်းမှာပဲ” လို့ စိတ်ထဲကပြောလိုက်တယ်။
?
ဒီနေ့ သရဲလေး အရင်လို ညှိုးညှိုးငယ်ငယ်နဲ့ မဟုတ်ဘဲ ပျော်ရွှင်တက်ကြွစွာနဲ့ အိမ်ပြန်လာတယ်။
“အံမယ် ဒီနေ့ ငါ့သားက ထူးခြားနေပါလား”
သရဲလေးက ဒီနေ့သူကူညီခဲ့တဲ့အကြောင်းတွေကို မေမေနဲ့ ဖေဖေ့ကို ပြန်ပြောပြလိုက်တယ်။ ဖေဖေက
“ဟာ ငါ့သားက သတ္တိရှိလိုက်တာ။ အရင်လို သရဲငကြောက်လေး မဟုတ်တော့ဘူးပဲ။ ဒါမှ ငါ့သားကွ”
“ဟင် ကျွန်မနဲ့တူလို့ ကျွန်မသားပါနော်”
“ဟားဟား”
“ဟီး ဟီး”
“ခစ် ခစ်”
ဒီနေ့ သရဲလေးတို့ အိမ်မှာ ရယ်သံတွေနဲ့ ဖုံးလွှမ်းနေပါတော့တယ်။
(ရွှေငါး) #ပုံပြင် #ရွှေငါး #ကလေးပုံပြင်
The Avocado Story Recipe (fb page)
https://www.facebook.com/theAvocadoStoryRecipe?mibextid=LQQJ4d
Avo Story Magazine (Youtube)
https://youtube.com/@theavocadostoryrecipe?si=HiHvC7uoOTytv2Sa
Keep Reading