Author's Profile Photo

ရွှေငါး

7/06/2024

ဂျက်နဲ့ ပဲနွယ်ပင်ကြီး (အင်္ဂလိပ်ရိုးရာပုံပြင်)

4 mins read
Education
Culture
18 Again
ဂျက်နဲ့ ပဲနွယ်ပင်ကြီး (အင်္ဂလိပ်ရိုးရာပုံပြင်)'s photo

ဒီတစ်ခါ ရွှေငါးက အင်္ဂလိပ်ရိုးရာပုံပြင်‌လေးတစ်ပုဒ် ပြောပြမယ်နော်။
ပုံပြင်လေးရဲ့ ဇာတ်လိုက်လေးကတော့ “ဂျက်”ဆိုတဲ့ ကောင်လေးပေါ့။
ဂျက်နဲ့ သူ့အမေဟာ တော်တော်လေးကိုမှ ဆင်းရဲကြတဲ့သူတွေပေါ့ကွယ်။ သူတို့မှာ ပိုင်တာဆိုလို့ နွားမကြီးတစ်ကောင်ပဲရှိတယ်တဲ့။ တစ်နေ့က ဂျက်ရဲ့ အမေကပြောတယ်။
“သားရေ အမေတို့နွားမကြီးကို သွားရောင်းစမ်းကွယ်။ ပြီးရင် ရလာတဲ့ ပိုက်ဆံကို အမေ့ဆီပြန်ယူလာခဲ့ ကြားလား” တဲ့။
ပိုင်ဆိုင်မှုဆိုလို့ ဒီနွားမကြီးပဲရှိတာကို ဘာလို့ရောင်းတော့မလဲ မသိဘူးနော်။ ကဲ ဆက်ဖတ်ကြည့်လိုက်ရအောင်။
ဂျက်ဟာ သူ့အမေပြောတဲ့အတိုင်း နွားမကြီးကိုဆွဲပြီး စျေးမှာသွားရောင်းဖို့ ထွက်လာခဲ့ပါတော့တယ်။ လမ်းမှာ နွားဝယ်ချင်တဲ့ လူကြီးတစ်ယောက်နဲ့ ဆုံတယ်။ ဒါပေမဲ့ သူထင်ထားသလိုတော့မဟုတ်ဘူး။
“အဘ မင်းနွားမကြီးကို ဝယ်မယ်ကွ။ ဒါပေမဲ့ အဘမှာ ပိုက်ဆံတော့မရှိဘူး” တဲ့။ သူက ဆက်ပြောတယ်။
“ဒါပေမဲ့ အဘ မင်းကို ဒီအင်မတန်ထူးဆန်းတဲ့ မှော်ပဲစေ့ငါးစေ့ ပေးမယ်ကွာ။ သဘောတူလား” လို့ အရောင်တလက်လက်ထနေတဲ့ ပဲစေ့တွေကို ထုတ်ပြတယ်။ ဂျက်လည်း သေချာပေါက် ထူးဆန်းမှာပဲလို့ ယုံကြည်ပြီး နွားမကြီးနဲ့လဲဖို့ သဘောတူလိုက်တယ်။
“ကောင်းပါပြီဗျ။ ရော့ ကျွန်တော့် နွားမကြီးကို အပ်ပါတယ်ဗျာ” လို့ ဆိုပြီး ပေးခဲ့ပါတော့တယ်။
ဂျက်တစ်ယောက်တော့ ပဲစေ့နဲ့ နွားမကြီးလဲခဲ့ပါရောလား။ ဂျက်မေမေတော့ ဆူတော့မယ်ထင်တယ်နော်။
မှန်တာပေါ့။
ဂျက်အိမ်ပြန်ရောက်တော့ အမေ့ကို ပဲစေ့တွေအပ်လိုက်တယ်။ ဂျက်အမေတော့ စိတ်တအားဆိုးပြီလေ။
“ဒီပဲစေ့တွေ ဘာလုပ်ရမှာလဲ။ ကြားလို့မှကောင်းကြသေးလား ဟမ်... ဒီနွားမကြီးတစ်ကောင်ပဲရှိပါတယ်ဆိုမှ ဒီအဖိုးတန်နွားမကြီးကို ပဲစေ့ငါးစေ့နဲ့ လဲခဲ့တယ်တဲ့ အရပ်ကတို့ရေ။ သွား ဒီပဲတွေက ငါတို့အတွက် ကောင်းမှာမဟုတ်ဘူး” ဆိုပြီး ပြူတင်းပေါက်ကနေ လွှင့်ပစ်လိုက်တော့တာပေါ့။ ဂျက် စိတ်မကောင်းဖြစ်သွားပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ။ နွားမကြီးလည်းမရှိတော့တဲ့ သူနဲ့ သူ့အမေရဲ့ နောင်ရေးကို စိတ်လေးပြီး သူအိပ်ယာဝင်ခဲ့တယ်။
မနက်လင်းတော့ ဂျက်အိပ်ယာနိုးလာတယ်။ ဂျက်ဟာ သူ့အိပ်ခန်းပြူတင်းပေါက်မှာ ထူးဆန်းတဲ့အရာတစ်ခုကို တွေ့လိုက်တယ်။ ဘာလို့ထင်လဲ။ အင်မတန်မှ ကြီးမားတဲ့ ပဲနွယ်ပင်ကြီးဟာ နွယ်တွေလိမ်ယှက်ပြီး အသက်ဝင်နေသလို ဂျက်အိပ်ခန်းပြူတင်းပေါက်မှာ နေရာယူထားတယ်။ ပင်စည်ကြီးဟာ မိုးပေါ်ထောင်တက်လို့။ ပင်စည်ကြီးဆီက ခွဲထွက်နေတဲ့ ပဲနွယ်ပင်ငယ်တွေဟာ ဂျက်ပြူတင်းပေါက်ကနေ ဂျက်ကို လှမ်းခေါ်နေသယောင်ယောင်။ သူ သူ့မျက်လုံးကို ပွတ်သပ်ပြီးကြည့်လိုက်တယ်။ ဒါအိပ်မက်လား တကယ်လားပေါ့။ အိပ်မက်မဟုတ်တာတော့ သေချာနေပြီ။ ဂျက်ဟာ ပဲနွယ်ပင်ကြီးကို မရဲတရဲ ပြောလိုက်တယ်။
“ကျွန်တော် ခင်ဗျားကိုယ်ပေါ်တက်ကြည့်ချင်တယ်”
ပဲနွယ်ပင်ကြီးက ဘာမှတော့ ပြန်မပြောဘူး။ ဂျက်ဟာ ပဲနွယ်ပင်ကြီးဆီ အတက်အလက်တွေကို ကိုင်ပြီး တွယ်တက်သွားလိုက်တယ်။
“ဟင် မတက်နဲ့ ဂျက် ခု ဆင်းလာခဲ့” အဲ့လိုအော်လိုက်တာကတော့ ဂျက်ရဲ့ အမေပါ။ ဒါပေမဲ့ ဂျက်ဟာ ကောင်းကင်ကိုထိုးဖောက်နေတဲ့ ပဲနွယ်ပင်ကြီးပေါ်ကို တဖြည်းဖြည်း တက်သွားလိုက်ပါတော့တယ်။
အပင်ထိပ်ကိုရောက်တဲ့အခါ ဂျက်ဟာ ဧရာမတံခါးကြီးရှိတဲ့ ဧရာမရဲတိုက်ကြီးတစ်ခုကို တွေ့လိုက်တယ်။ သူက တံခါးကို အားနဲ့တွန်းဝင်သွားကြည့်တော့ သူ့အရွယ်အစားထက် အဆပေါင်းများစွာကြီးမားတဲ့ ဧရာမအမျိုးသမီးကြီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ တွေ့တွေ့ချင်း အမျိုးသမီးကြီးက အော်လိုက်တယ်။
“သတိထား...” တဲ့။
ဂျက်က ကြောင်သွားတာပေါ့။ အမျိုးသမီးကြီးက ဆက်ပြောတယ်။
“ငါ့ယောက်ျားလာနေပြီ။ သူက မင်းကို စားပစ်လိမ့်မယ်” ဆိုပါလား။
“ဝူး ဝူး ဝါးဝါး .... အားလုံး သတိထားနေကြ... ငါလာပြီကွ” လို့ အသံအကျယ်ကြီးကြားလိုက်ရတယ်။ ဧရာမလူကြီးတစ်ယောက်က ကြုံးဝါးရင်း ဂျက်တို့ဘက်ကို လာနေတယ်လေ။
“မင်း ပုန်းမှဖြစ်မယ်” လို့ ဆိုပြီး အမျိုးသမီးကြီးက ဂျက်ကို ကြောင်အိမ်ထဲ ဖွက်ထားလိုက်တယ်။
ဧရာမလူကြီး ဂျက်တို့ရှိရာဆီ ရောက်လာပါပြီ။ ဂျက်ကို မြင်လိုက်ပုံမရလို့ တော်ပါသေးရဲ့။ သူဟာ သာမန်ထက်ကြီးမားတဲ့ ရွှေဒင်္ဂါးတွေပါတဲ့အိတ်ကြီးကို ခုံပေါ်တင်ပြီး ထိုင်နားလိုက်တယ်။ ပြီးတော့ သူ့ ရွှေဒင်္ဂါးတွေကို ရေတွက်နေတယ်။
“၁..၂...၃..
၁၀...၁၁... ၁၃..”
ဂျက်က ကြောင်အိမ်ထဲကနေ ဧရာမလူကြီးလုပ်သမျှကို မျက်တောင်မခတ်တမ်း ကြည့်နေမိတယ်။ ရွှေဒင်္ဂါးတွေရေတွက်နေရင်း မကြာခင် ဧရာမလူကြီးဟာ အိပ်ပျော်သွားတယ်။
“ခေါ ခလူး ခေါ ခလူး”
ဂျက်လည်း တိတ်တိတ်ကလေး ကြောင်အိမ်ထဲကနေထွက်လာပြီး ဧရာမလူကြီးရဲ့ ငွေထုတ်ကို သူနိုင်သလောက်သယ်ပြီး ထွက်လာခဲ့လိုက်တယ်။ မနိုးလို့ တော်ပါသေးရဲ့။
ပြီးတော့ လာလမ်းအတိုင်း ပဲနွယ်ပင်ကြီးကို ကုတ်တွယ်ပြီး အိမ်ကိုပြန်ရောက်အောင် ဆင်းလာခဲ့လိုက်တော့တယ်။ အိမ်ရောက်တာနဲ့ ရလာတဲ့ ရွှေဒင်္ဂါးတွေကို အမေ့ကို ပေးလိုက်တယ်။
နောက်နေ့ကျတော့ ဂျက်ဟာ ပဲနွယ်ပင်ကြီးဆီ ထပ်တက်သွားချင်ပြန်ရော။ ဂျက်အမေက တားပါသေးတယ်။
“ဂျက် မသွားနဲ့တော့။ မသွားနဲ့နော်” လို့ ပြောပေမယ့် ဂျက်က
“သား သွားချင်လို့ မတားပါနဲ့ အမေ” လို့ ပြန်ပြောခဲ့ပြီး ပဲနွယ်ပင်ကြီးထိပ်ဖျားထိရောက်အောင် နောက်တစ်ခေါက် ထပ်တက်သွားပြန်ပါတယ်။
ဂျက်ဟာ အရင်တစ်ခေါက်လိုပဲ ဧရာမအမျိုးသမီးကြီးကို တွေ့ပြန်တယ်။ သူကလည်း အရင်လိုတွေ့တွေ့ချင်း အော်ပြောတယ်။
“သတိထား ကောင်လေး.... ငါ့ယောက်ျားက သူ့ရွှေဒင်္ဂါးတွေပျောက်လို့ တအား စိတ်တိုနေတယ်” တဲ့။
အဲ့ဒီအချိန်မှာ ခြေသံအကျယ်ကြီး ကြားလိုက်တယ်။
“ဝူး ဝူး ဝါးဝါး .... အားလုံး သတိထားနေကြ... ငါလာပြီကွ” လို့ ဧရာမလူကြီးက ကြုံးဝါးရင်း ဂျက်တို့ဘက်ကို လာနေပြန်တယ်။
“မင်း ပုန်းမှဖြစ်မယ်” လို့ ဆိုပြီး အမျိုးသမီးကြီးက ဂျက်ကို ကြောင်အိမ်ထဲ ဖွက်ထားလိုက်ပြန်တယ်။
ဧရာမလူကြီးဟာ စားပွဲမှာ ထိုင်နားလိုက်တယ်။ ကံကောင်းလို့ ဒီတစ်ခါလည်း ဂျက်ကို မမြင်သေးဘူး။
သူဟာ ကြက်မတစ်ကောင်ကို ထုတ်လိုက်တယ်။ သူ့ကြက်မက ဂျက်နွားမကြီးလောက် ကြီးတယ်။ ပိုထူးဆန်းတာက ကြက်မကြီးဟာ သူ့ရှေ့တင် ကြက်ဥတွေကိုဥလိုက်တဲ့အခါ အဲ့ကြက်ဥတွေက သာမန်မဟုတ်ဘဲ ရွှေရောင်တဝင်းဝင်းနဲ့ ရွှေကြက်ဥတွေ ဖြစ်နေပါရော။
မကြာခင်မှာ ဧရာမလူကြီးဟာ အိပ်မောကျသွားပြန်တယ်။
“ခေါ...ခလူး...ခေါ..ခလူး”
ဂျက်လည်း ကြောင်အိမ်ထဲပုန်းနေရာကနေ ထွက်လာပြီး ကြက်မကြီးကို တွေ့ရာကြိုးနဲ့လည်ပင်းကိုချည်ဆွဲပြီး ပဲနွယ်ပင်ကြီးကနေ ပြန်ဆင်းလာခဲ့တယ်။

ဂျက်ဟာ နောက်တစ်နေ့မှာ ပဲနွယ်ပင်ကြီးပေါ် တက်သွားပြန်ပါပြီ။ ပဲနွယ်ပင်ကြီးရဲ့ထိပ်ကိုရောက်တာနဲ့ ခါတိုင်းလိုပဲ ဧရာမအမျိုးသမီးကြီးကို တွေ့ပြန်ပါတယ်။
“သတိထား ကောင်လေး.... ငါ့ယောက်ျားက သူ့ရွှေဒင်္ဂါးတွေနဲ့ သူ့မှော်ကြက်မကြီး ပျောက်လို့ တအား စိတ်ဆိုးနေတာ” တဲ့။
“ဝူး ဝူး ဝါးဝါး .... အားလုံး သတိထားနေကြ... ငါလာပြီကွ” လို့ ဧရာမလူကြီးရဲ့ကြုံးဝါးသံကို ကြားလိုက်ရတယ်။
“မင်း ပုန်းမှဖြစ်မယ်” လို့ ဆိုပြီး အမျိုးသမီးကြီးက ဂျက်ကို ကြောင်အိမ်ထဲ ဖွက်ထားလိုက်ပြန်ပါတယ်။
ဧရာမလူကြီးဟာ စားပွဲမှာ ထိုင်နားလိုက်တယ်။ ပြီးတော့ ထူးဆန်းတဲ့ စောင်းတစ်လက်ကို ထုတ်လိုက်တယ်။ စောင်းက ရွှေရောင်တလက်လက်နဲ့ ရွှေစောင်းပဲ။ ပြီးတော့ အဲ့စောင်းဟာ လူတီးစရာမလိုဘဲ သူ့ဘာသာသူ သီချင်းသံတွေ ထွက်နေတယ်။
မကြာခင်မှာ ဧရာမလူကြီးဟာ အိပ်မောကျသွားပြန်တယ်။ ဂျက်လည်း ထူးဆန်းတဲ့ ရွှေစောင်းကို တိတ်တိတ်လေးယူပြီး ထွက်လာခဲ့တယ်။ သူ ပဲနွယ်ပင်ကြီးနားပြန်အရောက်မှာ
“ပြေးတော့ ကောင်လေး ပြေးပြေး” လို့ အော်လိုက်တဲ့ ဧရာမအမျိုးသမီးရဲ့ အသံကို ကြားလိုက်ရတယ်။
“မင်းနောက်မှာ....”လို့ ဆက်အော်တယ်။ ဂျက်လှည့်ကြည့်လိုက်တော့ ဧရာမလူကြီးဟာ ဒေါသတကြီးနဲ့ ဂျက်ဆီကို လာနေတယ်။ ဂျက်ဟာ စောင်းကိုကိုင်ရင်း အမြန်ဆုံး ပဲနွယ်ပင်ကြီးကနေ လျှောချပြီး ဆင်းပြေးလိုက်တယ်။ နောက်က ဧရာမလူကြီးဟာ ပဲနွယ်ပင်ကြီးကို တွယ်ပြီး ဆင်းလိုက်လာနေတယ်။
ကံကောင်းချင်တော့ ဂျက်အိမ်အောက်ကိုရောက်တာနဲ့ ဂျက်အမေက နောက်ကလိုက်လာတဲ့ ဧရာမလူကြီးဆင်းမလာနိုင်အောင် ပုဆိန်နဲ့ ပဲနွယ်ပင်ကြီးကို ခုတ်ပစ်လိုက်ရတယ်။
တော်ပါသေးရဲ့။ ပြတ်သွားတဲ့ ပဲနွယ်ပင်ကြီးဟာ ကောင်းကင်ကို အရှိန်နဲ့ တက်သွားလို့ ဧရာမလူကြီးလည်း အတူပါသွားတော့တယ်။
အဲ့နေ့ကစပြီး ဆင်းရဲသားလေး ဂျက်ဟာ မဆင်းရဲတော့ပါဘူး။ ဂျက်နဲ့ ဂျက်အမေဟာ ရွှေဒင်္ဂါးတွေ၊ ရွှေဥဥတဲ့ မှော်ကြက်မကြီးရယ် ရွှေစောင်းရယ်ကို အသုံးချပြီး ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာနဲ့ တသက်လုံး ပျော်ရွှင်စွာ နေသွားနိုင်ပါတော့တယ်တဲ့ကွယ်။
?????
The Avocado Story Recipe (fb page)
https://www.facebook.com/theAvocadoStoryRecipe?mibextid=LQQJ4d

Avo Story Magazine (you tube)
https://youtube.com/@theavocadostoryrecipe?si=EVYNlHgPWJSJYfBz

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------