ရိန်ဇော်
(၁)
လူအများစုဟာ ကဗျာကို ခံစားဖို့ ခက်နေတတ်တယ်။ စကားပြေပုံစံရေးထားတဲ့ စာတိုစာရှည်တွေကို လူတွေ နားလည်သဘောပေါက်လွယ်ကြတယ်။ ကာရန်ပါတဲ့ ကဗျာတွေကိုလည်း ကျောင်းစာတွေထဲမှာပါတော့ မစိမ်းကြပါဘူး။
လူတွေစိမ်းတာက ကာရန်မဲ့ကဗျာတွေ ခေတ်ပေါ်ကဗျာတွေပဲ ဖြစ်တယ်။ ဒီကဗျာတွေဟာ တွေ့ကရာတွေ ရေးထားသလို ဖြစ်နေတယ်လို့ ထင်ကြမယ်။ တခုနဲ့ တခုက ဆက်စပ်မှုလည်း မရှိ၊ ဟိုအကြောင်းရောက်လိုက် ဒီအကြောင်း ရောက်လိုက်ဖြစ်နေတယ်လို့ ထင်ကြမယ်။ တပုဒ်လုံး ဖတ်ပြီးတာတောင် ဘာဆိုလိုမှန်း မသိဘူးလို့ ထင်ကြမယ်။ ဒါတွေအားလုံး ဖြစ်နိုင်ပါတယ်။ ခေတ်ပေါ်ကဗျာတွေဟာ ဒီလိုအချိုးတွေပါပဲ။ ဒါဆို ဘာလို့ ဖတ်ကြလဲ စဉ်းစားစရာ ဖြစ်လာမယ်။ ရသတခုကို ခံစားရလို့လို့ ဆိုရင် မှန်လိမ့်မယ်။
(၂)
ကာရန်ကဗျာတွေမှာ ရည်ရွယ်ချက်တွေ၊ ဥပမာတွေ၊ ဆုံးမပဲ့ပြင်တာတွေ၊ အားတက်ဖွယ်တွေ၊ သနားစဖွယ်တွေ တွေ့နိုင်ပါတယ်။ အဲဒီလိုနဲ့ နေသားကျနေတဲ့ စာဖတ်သူတွေရဲ့စိတ်မှာ ကဗျာဖတ်ပြီဆို ရည်ရွယ်ချက်ရှိရမယ်ဆိုပြီး စွဲနေတယ်။ ကဗျာမှာ ရည်ရွယ်ချက်ရှိရမယ်လို့ ဘယ်ဘုရား ဟောထားသလဲ။ ကိုယ်နဂိုထင်ထားတဲ့ မပြည့်စုံတဲ့ အသိဟာ ကဗျာဖတ်သူကို ရသနဲ့ ဝေးကွာစေတယ်။ အဲဒီလိုအစွဲတွေနဲ့ ချဉ်းကပ်ရင်တော့ ကဗျာရဲ့ ရသနဲ့ ဝေးပါလိမ့်မယ်။ ရည်ရွယ်ချက်တွေ ဆိုလိုရင်းတွေမပါတဲ့ ကဗျာဆိုတာလည်း တမျိုးလှနေပါတယ်။
(၃)
ပြီးတော့ စကားလုံးတွေ အဆက်အစပ်မရှိဘူးတဲ့။ ကျနော်တို့စိတ်မှာ စကားတွေဟာ အဆက်အစပ်ရှိရမယ်ပေါ့။ ဘယ်သူတွေ မိန့်ဆိုထားပါသလဲ။ ဒီလိုအစွဲဟောင်းကြီး မဖျောက်နိုင်ပါက ကဗျာရသနဲ့ ဝေးလိမ့်မယ်။ ဒါပေမယ့် ကဗျာမှာ သုံးလေးသုံးထမရှိတဲ့ စကားလုံး အတွဲအစပ်တွေရှိတယ်။ ကမ္ဘာမှာ တခါမှ မပေါ်ဘူးသေးတဲ့ စကားမျိုးတွေ တွေ့နိုင်တယ်။ စကားလုံးအသစ်အဆန်းတွေကို အံ့ဩဖူးလား။ တွဲစပ်သုံးလိုက်တဲ့ အဆက်အစပ်တခုကို မှင်သက်မိဖူးလား။ ဒီလိုဆိုရင်တော့ ခေတ်ပေါ်ကဗျာတွေမှာ မျောလိုရပါပြီ။
(၄)
ဘယ်ဆီကို ပို့လိုက်မှာလဲလို့ စိတ်ထဲမှန်းမထားပါနဲ့။ နောက်တခုက ကဗျာဆရာ ဘာဆိုလိုလဲဆိုတာ စဉ်းစားတာ ကျနော်တို့ နေသားကျနေပါပြီ။ အဖေနဲ့ သားတောင် ထပ်တူမကျနိုင်သေးတာ ကဗျာဆရာရဲ့ ဆိုလိုရင်းကို သဘောပေါက်မယ် မထင်ပါနဲ့။ ကဗျာဆရာပို့ချင်တာ တနေရာ၊ ကိုယ်ရောက်တာ တနေရာ ဖြစ်နိုင်ပါတယ်။ ကဗျာဆရာကိုယ်နှိုက်က ဘယ်ကိုမှ ပို့ဖို့ မရည်ရွယ်ထားတာလည်း ဖြစ်နိုင်ပါတယ်။ လူတွေရဲ့ နောက်ခံဘက်ဂရောင်းချင်းမှ မတူတာ စကားလုံးတွေကို တဦးနဲ့ တဦး ခံစားပုံခြင်း တူမှာ မဟုတ်ပါဘူး။ ဘာဖြစ်ပါသလဲ။ ဘာမှ မဖြစ်ပါ။ ဒါကပင် ကဗျာတပုဒ်ရဲ့ အလှတရားပင် ဖြစ်နေပါသေးတယ်။
(၅)
နောက်ဆုံးအနေနဲ့ ကျနော်သိသလောက်လေးပဲ ပြောချင်တာက ကဗျာတွေကို ဘောင်တွေ၊ အကန့်အသတ်တွေကြားမှာ မထားပါနဲ့။ ကဗျာတွေက အမြဲ လွတ်လပ်တယ်။ ကဗျာလို့ ခေါင်းစဉ်တပ်ထားတိုင်း ကဗျာမဟုတ်နိုင်ဘူးဆိုတာတော့ ကြိုပြောပါရစေ။
သင်အခုကဗျာတပုဒ်စဖတ်ကြည့်ဖို့ အချိန်တန်ပါပြီ။
#reinzaw
Keep Reading