Lexi
မွေးနေ့လက်ဆောင်လို့ ဆိုလိုက်တာနဲ့ လိုချင်စရာတွေဆိုတာ ဒီဘက်ခေတ်မှာ လက်ချိုးရေလို့တောင်မရဘူး မဟုတ်လား ။ ဒါပေမဲ့ တစ်စုံတစ်ယောက်ကတော့ သူ့အတွက် မွေးနေ့လက်ဆောင်ကို ထမင်းပေါင်းအိုးတစ်လုံး လိုချင်ပါသတဲ့ ။
ဘာလို့ လိုချင်သလဲဆိုတော့ အိမ်မှာလက်ရှိ သုံးနေတဲ့ ပေါင်းအိုးက သိပ်မကောင်းတော့လို့ပါတဲ့ ။ သိပ်မကောင်းဘူးလို့သာ ပြောတာ တစ်ကယ်က အတော်လေးမကောင်းတော့တာ ။ ပေါင်းအိုးအဖုံးကလည်း အတော်လေးကို ဆွေးပြီး ဖွင့်တဲ့အခါ မနည်းကိုင်ပြီး ဖွင့်ရတယ် ။ ဟော ... ပေါင်းအိုး ခလုတ် ဆိုတာလည်း မနည်းဖိပြီး နှိပ်ရသေးတာ ။ အခြေအနေက ချက်လို့ရသေးတယ် ဆိုရုံလေးပေါ့ ။ ဒီတော့ သူက သူ့မွေးနေ့လက်ဆောင် အနေနဲ့ပေါင်းအိုးလေး တစ်လုံး လိုချင်တယ်တဲ့ ။ သူဆိုတာတော့ တခြားသူ မဟုတ်ပါဘူး မာတာမိခင်ပါပဲ ။
အဲ့ဒီ အချိန်တုန်းကတော့ သတိမထားမိဘူး ပေါ့လေ ။ အချိန်လည်း အတော်လေး ကြာခဲ့ပြီ ။ နောက်ပိုင်းမှ ပြန်တွေးမိတာက အမေဟာ ဒီလိုလူပါလားလို့ ။ စဉ်းစားကြည့်ရင် ပေါင်းအိုးတစ်လုံးဆိုတာ တစ်အိမ်သားလုံးအတွက် အသုံးပြုနေရတာ မဟုတ်လား ။ သူ့တစ်ယောက်ထဲအတွက် အသုံးဝင်တဲ့ အရာလည်း မဟုတ်ဘူး ။ ဒါကို သူ့ရဲ့ special day မှာ လိုချင်တာတဲ့လေ ။ ပေါင်းအိုးအသစ်က ထမင်းရော ဟင်းပါ ပေါင်းလို့ရတာမို့ အနူးမလွယ်တဲ့ အသားတွေ ၊ ပဲတွေကို အရင်ကလို မကြာတော့ဘဲ မြန်မြန်နဲ့လွယ်လွယ်ပေါင်းပြီး အိမ်ကလူတွေကို ကျွေးလို့ရပြီ ဆိုပြီးတော့ သူသိပ်ပျော်နေသေးတာ ။ ဪ... မိခင်ဆိုတာ မိခင်ပါပဲ ။
Mom's Rice cooker .
Lexi .
Keep Reading