SarPhat Author
အရင်ခေတ်က ကလေးတွေကို ဆိုဆုံးမတဲ့အခါမှာ ရိုက်တယ်။ သမတယ်။ လူကြီးစကား၊ ဆရာမစကား နားမထောင်ရင် တုတ်ကြည့်ဆိုတဲ့ အထှာလေးတွေနဲ့ ဆုံးမလေ့ရှိတယ်။ အဲခေတ်က ဘယ်လောက်ပဲ သမပါစေ။ အငြိုးအတေးတွေလည်း မထားတတ်ကြဘူး။ ရိုက်မလား။ လာဆိုပြီး အောင့်ပြီး အရိုက်ခံ၊ သမခံကြတယ်။
ယနေ့တိုးတက်ပွင့်လင်းမြင်သာလာတဲ့ ခေတ်မှာကျတော့ me (ငါ) ဆိုတဲ့ နာမ်စားကို သုံးပြီး ဆိုဆုံးမလာကြတယ်။ သားသား၊ မီးမီး ဒီဟာလုပ်ရင် အဖေ၊ အမေ မကြိုက်ဘူးနော်။ အဖေ၊ အမေအတွက် အဆင်မပြေဘူးဆိုပြီး ဆုံးမကြတယ်။
ကလေးတွေဆိုတာက " အတုမြင် အတတ်သင် " ဆိုတော့ လက်ဦးဆရာဖြစ်တဲ့ မိဘဟာ ကလေးအတွက် ပိုပြီး အရေးကြီးတယ်။ ကလေးရှေ့မှာ ဖုန်းပြောရင်၊ စကားပြောရင် အတတ်နိုင်ဆုံး " အယုတ္တ၊ အနတ္တ " စကားလုံးတွေ မပါအောင် ဆင်ခြင်ပြီး ပြောသင့်တယ်။ ကိုယ်ဟန်၊ လက်ဟန်၊ ခြေဟန်အနေအထားတွေကိုလည်း ဂရုစိုက်သင့်တယ်။
မိဘက မကောင်းမွန်ပဲနဲ့တော့ လောဘကြီးစွာ သားသမီးကောင်းဖို့ မမျှော်လင့်သင့်ဘူး။ မိဘတုန်းက မဖြစ်ခဲ့ရတဲ့အရာတွေကို သားသမီးကျရင် ဖြစ်ရမယ်ဆိုပြီး အရမ်းကြီး တွန်းအားမပေးသင့်ဘူး။ သားသမီး ကိုယ်တိုင်က အမှန်တကယ်စိတ်၀င်စားပြီး ကြိုးစားချင်စိတ်ရှိနေရင်တော့ တမျိုးပေါ့။
ကိုယ်ဆို ကလေးတွေနဲ့ တွေ့ရင် အမြဲတမ်းမေးဖြစ်တယ်။ အခုကာလက နွေရာသီကျောင်းပိတ်ရက်လည်းဖြစ်တော့ အရင်နေ့က မီးမီးက ကိုယ်ပိုင်ကျောင်းမှာ တက်တယ်။ သားသားက အစိုးရကျောင်းမှာပဲ တက်တယ်။ မီးမီးက ကိုယ်ပိုင်ကျောင်းမှာ တက်ပေမယ့် အခုကာလမှာ အိမ်မှာပဲ နေတယ်။ ကျူရှင်တွေ ဘာတွေ ဘာမှ မတက်ဘူး။ အိမ်မှာပဲ စာဖတ်တယ် ပြောတယ်။ မီးမီးကို ကြည့်ရတာ အမှန်တကယ်ကလေးနဲ့ တူလိုက်တာ။ ဘာစိတ်ဖိစီးမှုမှ မရှိပဲ။ ပေါ့ပေါ့ပါးပါးလန်းဆန်းတက်ကြွနေတာပါပဲ။ အစိုးရကျောင်းမှာနေပြီး အခုကာလမှာ သင်တန်းတွေ ပတ်ပြေးတက်နေရတဲ့ သားသားမှာကျတော့ မနက်ဆို တရုတ်စာသင်တန်း သွားတက်တယ်။ ညနေဆို အင်္ဂလိပ်စာသင်တန်းသွားတက်တယ်။ သားတက်ရမယ့်အတန်းစာတွေကိုလည်း နည်းနည်းပါးပါးသင်ပေးတယ်။
ကိုယ်ကလည်း မထင်မှတ်ပဲ အင်္ဂလိပ်လို မေးကြည့်တော့ မီးမီးက အကုန်နားလည်တယ်။ ပြန်လည်း ဖြေနိုင်တယ်။ သားသားကျတော့ ဘာမေးတာလဲ။ သား ဘာမှ မသိဘူး။ သား တရုတ်စာ၊ အင်္ဂလိပ်စာသင်တန်းတွေ တက်ထားတာမလားလို့ မေးတော့ သားသားပြန်ဖြေတာက " သား ရူးတော့တယ်။ ဦးနှောက်တွေလည်း ခြောက်နေပြီ။ ဦးနှောက်ပျက်သွားပြီ။ " ဆိုတဲ့စကားလေးကြားတော့ စိတ်ထဲ မကောင်းဘူး။
၈-၉နှစ်အရွယ်ကလေးလေးကို ဒီလောက်ထိ တွန်းအားပေးဖို့ လိုလို့လား။ အင်္ဂလိပ်စာသင်တန်း တစ်မျိုးပဲထားရင်ရော် မရဘူးလား။ မိဘတွေက သားသမီးရဲ့ အခြေအနေတွေ၊ ဘာတွေ ခံစားနေရလဲ။ စာလိုက်နိုင်ရဲ့လား။ သူ့အတွက် အရမ်းကြီး ခက်ခဲနေလား။ ကလေးဟာ ကလေးနဲ့ တူနေရဲ့လားဆိုတာကို မသိကြတာလား။ မမေးကြည့်ကြတာလား။ စဉ်းစားစရာပါပဲ။
တကယ့်အစစ်အမှန်ကလေးဆိုတာကတော့ " ဘယ်လောက်ကစား ကစား မောမသွားတတ်ဘူး။ ဘယ်လောက်ဆော့ဆော့ မပင်ပန်းတတ်ဘူး။ " ဆိုတာပါပဲ။
ကိုယ်အလုပ်နားရက်ဆို အိမ်မှာ ကလေးတွေ လာကြတယ်။ တူလေးရဲ့ ကစားစရာအရုပ်တွေက အများကြီးဆိုတော့ အိမ်လာတဲ့ ကလေးတိုင်းကို ကိုယ်က ဟိုမှာ အရုပ်တွေ ရှိတယ်။ သွားဆော့လို့ရတယ်ဆို ကလေးတွေက ပျော်သွားကြတယ်။ အရုပ်တွေနဲ့ ဆော့နေကြတယ်။ ပြန်တောင် မပြန်ချင်ကြတော့ဘူး။
မီးပူတိုက်တဲ့ အချိန်ဆို ပတ်ပတ်လည် ကလေးတွေက ကိုယ့်ကိုယ် ဝိုင်းထားကြတယ်။ သူတို့ရင်ထဲက အကြောင်းအရာတွေ၊ ဘာတွေ လုပ်ချင်တယ်။ ဘယ်လိုလုပ်သင့်တယ်။ ဘယ်လိုဖြစ်သင့်လဲဆိုပြီး လာလာပြောပြကြတယ်။ အကူညီအတောင်းဆုံးက ဖုန်းဘာဖြစ်သွားလဲမသိဘူးဆိုပြီး လာလာကြည့်ခိုင်းကြတာပဲ။ " တရုတ်စက် တစ်ရက်စုပ် " တွေလားဆို ကလေးတွေက သဘောပေါက်တယ်။ ရယ်နေကြတယ်။
ကလေးတွေကို သူတို့လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေ ပေးလုပ်သင့်တယ်။ လမ်းကြောင်း မမှားသွားအောင်၊ direction (ဦးတည်ချက်) မလွဲသွားအောင်ပဲ ဘေးကနေ ထိန်းပေးရင်ကို အဆင်ပြေတယ်။ ကလေးတွေကို အရမ်းကြီး အလိုလိုက်ဖို့ မလိုဘူး။ အလိုလိုက်လွန်းတဲ့ကလေးက ရိုင်းစိုင်းသွားတတ်တယ်။
နောက်ပိုင်း အသိမိတ်ဆွေတွေ၊ အမျိုးတွေနဲ့ ကလေးအကြောင်း ပြောဖြစ်ရင် ကလေးကို အရမ်းကြီးတွန်းအားမပေးပါနဲ့။ အများကြီး မလိုဘူး။ အင်္ဂလိပ်စာ၊ သင်္ချာ ကောင်းနေရင်ရပြီ။ မြန်မာစာကို ကောင်းကောင်းဖတ်တတ်ရင်ရပြီ။
ကိုယ့်အထင်တော့ ငယ်ရွယ်၊ နုနယ်၊ ဖြူစင်လွန်းတဲ့ ကလေးတွေကို အင်္ဂလိပ်ကာတွန်းတွေ များများပေးကြည့်သင့်တယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ အင်္ဂလိပ်စကားပြောလည်းရ၊ သူတို့ရဲ့ အမူအရာတွေ၊ စကားအပြောအဆိုတွေက ယဉ်ကျေးသိမ်မွေ့တယ်။ ကိုယ့်အားကိုယ်ကိုးဆိုတဲ့ အရာလေးကို ထည့်ထားပေးတတ်တယ်။ တစ်ယောက်တည်း တစ်ခန်းထဲမှာ အိပ်တယ်။ မအိပ်ခင် စာဖတ်တယ်။ ဂိမ်းဆော့တာတွေတောင် သိပ်မပါဘူး။
ကလေးယောကျာ်းလေးတွေဆိုရင် အားနွဲ့တဲ့ ကလေးမိန်းကလေးတွေကို ကာကွယ်စောင့်ရှောက်ရမယ်။ ကူညီပေးရမယ်။ ကိုယ်ချင်းစာစိတ်ရှိရမယ်။ တစ်ပါးသူတွေကို အနိုင်မယူရဘူးဆိုတဲ့ mind-set (တွေးခေါ်မှုအလေ့အထ) လေးကို ထည့်ပေးသင့်ပါတယ်။
ခင်ခင်ချော
Photo from goggle.
Keep Reading