ဂုဏ်ရည်ကျော်
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ "ဒီကောင်လေး သိပ်လိမ္မာတာ ပဲ" ဆိုတဲ့ စကားတွေ ကြားဖူးကြမှာပါ။ အစတုန်းကတော့ လိမ္မာတယ် ဆိုတာ " ယဥ်ကျေးသိမ်မွေ့တာ၊ လူကြီးမိဘ ဆရာသမားတွေရဲ့ စကားကို တလေးတစား တရိုတသေ နားထောင်တာ" ကို ပြောတယ်ထင်တာ။ နောက်တော့ နားလည်လာခဲ့တယ်။ လူကြီးမိဘတွေရဲ့ စကားကို နားထောင်မှ လိမ္မာတယ်လို့ သုံးနှုန်းတာမဟုတ်ပါဘူး။ လိမ္မာတယ် ဆိုတဲ့နောက်မှာ "ပါးနပ်တယ်" ဆိုတဲ့ စကားလုံးလည်း ကပ်ပါလာတတ်သေးတယ်။ တစ်နည်းပြောရမယ်ဆိုရင် "လိမ္မာပါးနပ်တယ်" ပေါ့။
လူတစ်ယောက်က တစ်ဖက်လူကို ပါးပါးနပ်နပ်ဆက်ဆံတတ်တယ်၊ အလုပ်တစ်ခုကို ပါးပါးနပ်နပ် လုပ်တတ်တယ်ဆိုတဲ့ နေရာတွေမှာ တွေ့ရတတ်တယ်။ တစ်ဖက်လူရဲ့ အရိပ်အခြည် ဒါမှမဟုတ် ကိုယ်လုပ်ရမဲ့အလုပ်ရဲ့ အလားအလာတွေကို အလျင်အမြန်နားလည်နိုင်ပြီး ဘာဆက်လုပ်သင့်တယ်ဆိုတာကို သဘောပေါက်သွားတာ။ သူလုပ်ရမဲ့အလုပ်က မှန်ကန်တဲ့လုပ်ရပ် ဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ် တစ်ပါးသူနစ်နာမဲ့လုပ်ရပ်မျိုးဖြစ်ချင်ဖြစ်မယ်။ အဓိကတော့ သူဟာ သူ့ရဲ့အကျိုးအတွက် သူအဆင်ပြေမဲ့ ဗျူဟာတစ်ခုခု၊ လှည့်ကွက်တစ်ခုခုကို အသုံးပြုမှာပဲ။ ဒီလိုမျိုး ထိုးထွင်းဉာဏ်ကောင်းပြီး ကိုယ့်ရဲ့အကျိုးကို၊ ကိုယ်လိုချင်တဲ့ရလဒ်တစ်ခုခုကို ရအောင် တခြားသူတွေရဲ့အမြင်မှာ ချီးကျူးထိုက်တဲ့ အပြုအမူတွေနဲ့၊ နည်းဗျူဟာတွေနဲ့ စနစ်တကျလုပ်ဆောင်တာကို လိမ္မာပါးနပ်တယ်လို့ ခေါ်ပါတယ်။ ဒါကတော့ ကျွန်တော့်အမြင်ပါ။
ဒါပေမဲ့ ကျွန်တော်ကတော့ လိမ္မာပါးနပ်တယ် ဆိုတဲ့ အသုံးကို သိပ်မကြိုက်ပါဘူး။ လူတစ်ယောက်က "တော်ရင်တော်မယ်၊ ထူးချွန်ရင်ထူးချွန်မယ်၊ ထက်မြက်ရင်ထက်မြက်မယ်" ဒါတွေကို လက်ခံလို့ရပေမဲ့ ပါးနပ်တယ်ဆိုတဲ့လူတစ်ယောက်ဟာ တစ်ပါးသူတွေကို လှည့်ဖြားနိုင်တဲ့အတွက်ကြောင့် သိပ်လက်ခံလို့ မရဘူးဖြစ်နေတယ်။
ပါးနပ်တဲ့သူတွေရဲ့ရည်ရွယ်ချက်ကတော့ သူလိုချင်တဲ့အခါကို ရအောင် သူတတ်တဲ့ လှည့်စားတတ်တဲ့အတတ် -ဝါ- လိမ္မာပါးနပ်တဲ့ နည်းဗျူဟာတွေနဲ့ ရအောင်ယူဖို့ပဲ။ ဒါပေမဲ့ သူဟာ မကောင်းတဲ့သူတစ်ယောက်ဖြစ်ကြောင်းကိုတော့ ဘယ်သူမှ မရိပ်မိနိုင်ပါဘူး။ ရိပ်မိဖို့ ခက်ခဲပါတယ်။
လူဆိုးတစ်ယောက်ကို ကြည့်ရုံနဲ့ လူဆိုးမှန်းသိသာတယ်။ လူမိုက်တစ်ယောက်ကို ကြည့်ရုံနဲ့ လူမိုက်မှန်းသိသာတယ်။ ဒါပေမဲ့ ပါးနပ်တဲ့သူတစ်ယောက်ကို ကြည့်ရုံနဲ့ သူဟာ စဥ်းလဲ့တတ်ကြောင်းကို သိနိုင်ဖို့ မလွယ်ကူပါဘူး။ သူတို့ရဲ့ လုပ်ရပ်တွေက စနစ်ကျပြီး သေသပ်လွန်းလို့ပါ။
ဒါကြောင့် ပါးနပ်တဲ့သူတွေကို သတိထားပါ။ သူတို့က လူတော်တွေဖြစ်ကြပါတယ်။ ဒါပေမဲ့ လူကောင်းတွေလို့ ပြောဖို့တော့ ခက်ခဲပါတယ်။
အနှစ်ချုပ်ပြောရမယ်ဆိုရင် ပါးနပ်တယ်ဆိုတာက ပရိယာယ် တစ်ခုဖြစ်တာမို့ လူတိုင်းတတ်အပ်ပေမဲ့ လိမ်လည်လှည့်ဖြားတဲ့ နေရာမှာ သုံးမိတဲ့အခါ "စားတော်ပွဲထဲက အဆိပ်လိုပါပဲ" - သိပ်အန္တရာယ်ကြီးပါတယ်။ အဆိပ်ကို အဆိပ်လို့ မမြင်နိုင်သလိုပဲပေါ့။ ဒါကြောင့် "လိမ္မာပါးနပ်တဲ့သူတွေကို သတိပြုပါ မိတ်ဆွေ" ။
Keep Reading