Chuko
ကျွန်မ လွန်ခဲ့တဲ့လအနည်းငယ်တုန်းက အလုပ်ထဲမှာရှိတဲ့ ညီမအရွယ်ကောင်မလေးတွေပြောနေသံကိုကြားခဲ့ရတယ်။ သူတို့ပြောနေကြတာက ငါကတော့ဘုရားရှိခိုးပြီးအိပ်တယ် ငါကတော့ဘုရားရှိခိုးပြီးမအိပ်ဘူးပြောနေကြတာပါ။ အဲ့ဒါနဲ့ကျွန်မလည်း သူတို့စကားဝိုင်းထဲဝင်ပြီး သူတို့ကိုမေးကြည့်ပါတယ်။ ဘုရားရှိခိုးပြီးအိပ်ကြတာဘယ်သူတွေလဲပေါ့။ တကယ်တော့ ဘုရားရှိခိုးပြီးအိပ်တာ ဘယ်နှစ်ယောက်ရှိလဲ ကျွန်မသိချင်တာပါ။ အဲ့တော့ ၁၀ယောက်မှာ ၃ယောက်လောက်ပဲ ညတိုင်းမမေ့မလျော့ ဘုရားရှိခိုးကြကြောင်းတွေ့ရပါတယ်။ ကျွန်မရင်ထဲမှာ စိတ်မကောင်းပြီး ဝမ်းနည်းသွားမိပါတယ်။ ဘာလို့ ဘုရားမရှိခိုး အနန္တော အနန္တ ငါးပါးကိုဦးမချဘဲ အိပ်ကြတာလဲလို့ ကျွန်မထပ်မေးလိုက်ပါတယ်။ သူတို့ပြောကြတာက အလုပ်က ပင်ပန်းလာတော့ ခဏပဲဆိုပြီး တုံးလုံးလှဲလိုက်ရာကနေ အိပ်ပျော်သွားတာကြောင့် တချို့က ဖုန်းကြည့်နေရင်းနဲ့ပဲ အိပ်ပျော်သွားတာကြောင့် တချို့က အိပ်နေရင်းနဲ့မှ ဘုရားရှိခို့ဖို့သတိရပေမယ့် ထရမှာပျင်းလို့ ဘုရားထပြီး မရှိခိုးဘဲ အိပ်လိုက်မိတာကြောင့် စသည် စသည် အကြောင်းတွေကြောင့် ညတိုင်းဘုရားကိုမှန်မှန်မရှိခိုး ဦးမချမိဘူးတဲ့။ အဲ့တော့ ညဘက်ရှိမခိုးမိလို့ မနက်ဖက် အလုပ်လာခါနီးကော ဦးချခဲ့ကြလားလို့မေးလိုက်ပါတယ်။ အလုပ်နောက်ကျမှာစိုးလို့ bus ,ferryမမှီမှာစိုးလို့ ဆိုပြီး မရှိခိုးမိဘူးတဲ့။ပြီးတော့ ဘုရားမရှိခိုးဘဲ အိပ်မိတဲ့အကြောင်းကိုပြောနေကြတာ ရယ်စရာမောစရာတစ်ခုလိုပါပဲ။ ကျွန်မရင်ထဲတစ်ကယ်မကောင်းဖြစ်မိပါတယ်။
ဘုရားဆိုတာရင်ထဲမှာ ရှိနေရင်ရတာပဲ။ အနန္တော အနန္တ ငါးပါးကိုမမေ့ရင်ပြီးရောပေါ့လို့ပြောကြပေမယ့် တစ်နေ့တစ်ကြိမ်ကို ဘုရားမရှိခိုးနိုင်ရင်တောင် ဘုရားဆောင် ဘုရားစင်ရှေ့မှာ ဒူးတုပ်ပြီး ထိခြင်းငါးပါးနဲ့ ဦးချသင့်ပါတယ်။ အနန္တော အနန္တ ငါးပါးကို ဦးချတာ ၃ မိနစ်တောင်မကြာပါဘူး။
ကျွန်မကျောင်းနေအရွယ် ကတည်းက ညဘက်အိပ်ခါနီးကျရင် အမေက ဘုရားရှိခိုးပြီးပြီးလားလို့အမြဲမေးပါတယ်။ကျွန်မအပျင်းတစ်လို့ မရှိခိုးချင်ရင် ဦးချဖို့အကြောင်းပြောပါတယ်။ဘုရားကိုယုံကြည်ပြီးမမေ့မလျော့တဲ့သူက ကံကောင်းတတ်တယ်လို့အမြဲပြောပါတယ်။ အခက်အခဲတွေ တွေ့ရင်တောင် အလွယ်တကူ ကျော်ဖြတ််နိုင်တယ်ဆိုတဲ့အကြာင်းပြောပြပါတယ်။ အမေက ဘုရားရှိခိုးတာကို အကျင့်တစ်ခုလိုဖြစ်အောင်လုပ်ပေးခဲ့တာပါ။ ကျွန်မအလယ်တန်းလောက်ရောက်တဲ့အချိန်မှာ မနက်ဖက် ကျောင်းသွာခါနီးရင် ဘုရားရှိခိုးဖို့ ထပ်ပြောပါတယ်။ အဲ့ကတည်းက ကျွန်မတက္ကသိုလ် ရောက်လို့အဆောင်နေတော့ အမေအမြဲမှာနေကြအတိုင်း ညဘက်အိပ်ရာဝင်အချိန် မနက်ဖက်ကျောင်းသွားခါနီးအချိန်တွေမှာ ဘုရားရှိခိုးဦးချဖို့ ကျွန်မမမေ့မလျော့ခဲ့ပါဘူး။ ကျွန်မနဲ့တစ်ခန်းတည်းအတူနေတဲ့အဆောင်နေသူငယ်ချင်းတွေကိုလည်း ကျွန်မရဲ့အကျင့်ကိုလက်ဆင့်ကမ်းပေးနိုင်ခဲ့ပါတယ်။ ကျွန်မအလုပ်ခွင်ဝင်တော့လည်း အမြဲအဲ့အတိုင်းကျင့်သုံးခဲ့တာပါပဲ။ ကျွန်မရဲ့သက်ဝင်ယုံကြည်မှုကြောင့်ပဲလားမသိပါဘူး။ ကျွန်မရဲ့ဘဝမှာ အခုချိန်ထိ အရမ်းကြီး ခက်ခဲခဲ့ရတဲ့ အချိန်တွေဆိုတာ မရှိသလောက်ပါပဲ။ အခုချိန်ထိလည်း အမေကကျွန်မကို ညဘက်တွေအိပ်ရာဝင်နောက်ကျရင်တောင်ဘုရား တရား သံဃာ အနန္တော အနန္တငါးပါးကို ဦးချဖို့ အမြဲသတိပေးနေကြပါ။ အလုပ်သွားရင်လည်း လမ်းလျှောက်ရင်းနဲ့ပဲဖြစ်ဖြစ် ကားစီးနေရင်းနဲ့ပဲဖြစ်ဖြစ် စိတ်ထဲကနေ မေတ္တာပို့နေဖို့ ဘုရားစာရွတ်နေဖို့ အမြဲပြောပါတယ်။ ဒါပေမယ့် အမေမပြောရင်တောင် ကျွန်မမမေ့မလျော့ခဲ့ပါဘူး။ ငယ်ငယ်ကတည်းကနေ အကျင့်တစ်ခုလို မွေးမြူခဲ့တာမို့လို့ပါပဲ။ တခါတလေများ မနက်ဖက် ဘုရားဦးမချဘဲ အလုပ်များသွားမိရင် စိတ်ထဲမှာ နေလို့မကောင်းပါဘူး။ တစ်ခုခုလိုနေသလိုကို ခံစားနေရတာပါပဲ။
ယခုခေတ်က ကလေး လူငယ်ကအစ လူကြီးအကုန်လုံး ဖုန်းကိုသုံးနိုင် သုံးတတ်တဲ့ခေတ်ဆိုတော့ ဖုန်းနဲ့ပဲအချိန်အများစုကို ကုန်ဆုံးကြပါတယ်။ ကျွန်မလည်း အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်ပါပဲ။ဖုန်းမသုံးဘဲ နေမလား။ သုံးတာပေါ့။ ဒါပေမယ့် ဖုန်းကို တစ်နာရီ နှစ်နာရီတောင် ဆက်တိုက်သုံးနိုင်သေးတာပဲ။ ဘုရား တရား သံဃာ အနန္တာ အနန္တငါးပါးကို ရှိခိုးဦးချဖို့ ၁၀ မိနစ် ၁၅ မိနစ်လောက်ကို ဘာလို့မပေး
နိုင်ရမှာလဲလေ။
လူငယ်လေးတွေကို ဘုရားတရားကို မမေ့လျော့စေချင်ပါဘူး။ ကလေးငယ်လေးတွေကိုလည်း အိမ်ကဖေဖေမေမေတို့အနေနဲ့ ဘုရားရှိခိုးတဲ့ အလေ့အကျင့်လေးကို လုပ်ပေးစေချင်ပါတယ်။ သားသားမီးမီးတို့ရဲ့ လက်ဦးဆရာက မိနှင့်ဖ ပဲ မဟုတ်လား။ကလေးတွေ လူငယ်တွေတင်မကဘဲ တချို့ အသက်အရွယ် ကြီးသူတွေလည်း ဒေါသ မောဟ လောဘတွေ လျော့ချပြီး ဘုရား တရား ကို ပိုအားထုတ်ကြပါလို့။
#Chuko
Keep Reading