Author's Profile Photo

အက္ခရာ - Haruki

2/05/2024

မင့်အိမ်

2 mins read
Life Style
Personal Development
Poetry
မင့်အိမ်'s photo

ကျွန်တော် ဆရာဇော်ဂျီရဲ့ “မင့်အိမ်” ကဗျာရဲ့ နောက်ဆုံးပိုဒ်ကို ခဏခဏရွတ်ပြီး ဘဝနဲ့ယှဥ်ပြီး အနက်အဓိပ္ပာယ်တွေ ဖွင့်ဆိုနေမိပါတယ်။ ကဗျာရဲ့ နောက်ဆုံးပိုဒ်က ဒီလိုပါ...

“မကောင်းမင့်အိမ်၊ ကောင်းမင့်အိမ်တည့်

မင့်အိမ်ရွှဲစို၊ အမိုးယိုသော်

မငြိုသင့်ပါ၊ မင်းတက်ဖာပေါ့

အကာအခင်း၊ ပျက်ယိုယွင်းသော်

မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့

အခွင်အနဲ့၊ အရွဲ့အစောင်း

မကောင်းမပြေ၊ ဟောင်းထွေထွေကို

အခြေနှင့်မျှ၊ ဉာဏ်ဖြင့်ဆ၍

လုံ့လသက်သွင်း၊ သစ်စေမင်း။ တဲ့

အင်မတန်ကောင်းလှတဲ့ ကဗျာလေး။

မိုးတွေယိုပြီး ရေတွေစိုလို့ အိမ်ဆွေးမြေ့ပျက်စီးတော့မယ့်အတိုင်း ကိုယ့်ဘဝ ကိုယ့်ခန္ဓာမှာ အကျင့်စရိုက်ဆိုးတွေ ထိုးဖောက်ဝင်ရောက်လာတတ်တယ်။ လောင်းကစားတွေ၊ မူးယစ်ဆေးဝါးတွေ၊ အရက်တွေကို စွဲငြိပြီး… ဒါတွေက ကိုယ့်ဘဝကိုယ့်ခန္ဓာကိုယ်ကို ဖျက်ဆီးဖို့၊ ပျက်စီးစေဖို့ ဝင်လာပြီဆိုရင်လည်း ကိုယ့်အိမ်အမိုးပေါက် ကိုယ်တက်ဖာမှရသလိုပဲ ကိုယ်ကိုယ်တိုင်က ဒီအကျင့်ဆိုးတွေကို ဘဝထဲယိုစီးမဝင်လာတော့အောင် ပိတ်ဆို့ရမှာပါပဲ။

မိမိဘဝရဲ့ အကာအခင်းနဲ့တူတဲ့ ကျန်းမာရေးတွေ၊ ကိုယ်ကျင့်သီလတွေ ယိုယွင်းနေရင်လည်း မိမိကိုယ်တိုင်ကပဲ ပြင်ရမှာပဲ။ ပြီးတော့ ကိုယ့်အိမ်တွင်းကသူတွေနဲ့ဆက်ဆံရာမှာ အခွင်တွေ၊ အနဲ့တွေ၊ အနွဲ့တွေ၊ အစောင်းတွေ ရှိနေတာလို မပြေမလည်တာတွေ၊ လွဲလွဲချော်ချော်တွေ၊ မပြေမပြစ် ဖုဖုထစ်ထစ်တွေ ရှိနေဖြစ်နေရင်လည်း ကိုယ်ကပဲ ပြင်ရမှာပဲ။

မလိုလားအပ်တဲ့ ဟောင်းနွမ်းနေတဲ့ စိတ်ကူးစိတ်သန်းတွေရှိနေရင်လည်း ကိုယ်ကပဲပြင်ရမယ်။ ဒီလိုပြင်တဲ့အခါမှာ အခြေအနေတွေကို သုံးသပ်ဆင်ခြင်နိုင်တဲ့ ဉာဏ်နဲ့ မဖြစ်မနေလုပ်ဆောင်ခြင်းဆိုတဲ့ လုံ့လဝီရိယရှိဖို့လိုတယ်ဆိုတာကို ဒီကဗျာက ညွှန်းဆိုနေတာလို့ ကျွန်တော်တော့ နားလည်မိတယ်။

အနုပညာတစ်ရပ်ကို တစ်မျိုးမက၊ နှစ်မျိုးမက အနက်ကောက်ယူနိုင်သေးတယ်။

There can be more than one interpretation. တဲ့။

ဒီတော့ “မင့်အိမ် "ဆိုတာဟာ... ကိုယ်နေထိုင်တဲ့ “ကိုယ့်ကမ္ဘာကြီး”ကိုလည်း ရည်ညွှန်းနိုင်တယ်။ တစ်ဦးသောသူ ပါဝင်နေထိုင်နေတဲ့ တိုင်းပြည်တစ်ခု၊ နိုင်ငံတစ်ခု ကိုလည်း ညွှန်းနိုင်တယ်။ ကိုယ်ပါဝင်နေတဲ့ အိမ်ထောင်စုတစ်စုကိုလည်း ရည်ညွှန်းနိုင်တယ်။

ခေါင်းဆောင်အဖြစ်နဲ့ ကိုယ်က လူ့အဖွဲ့အစည်းတစ်ရပ်ကို ဦးဆောင်လုပ်ကိုင်နေသူ ဆိုရင်လည်း မိမိနဲ့ မိမိအဖွဲ့အစည်းကို ကဗျာက “မင့်အိမ်”လို့ ရည်ညွှန်းရာ ရောက်ပြန်တာပဲ။ ကိုယ်ဦးဆောင်နေတဲ့ လူ့အဖွဲ့အစည်းဟာ အခြေအနေ အကြောင်းကြောင်းတွေကြောင့် အဘက်ဘက်ကယိုယွင်းနေတယ်။

ယိုယွင်းနေတဲ့အိမ်မှာ မိုးယိုသလိုပေါ့၊ ဒီလိုဖြစ်လာရင်လည်း ကိုယ်က ဦးဆောင်ပြီးပြင်ရမှာပဲ။ အကာအခင်းနဲ့ တူတဲ့ စီးပွားရေးတွေ ကိုယ်ကျင့်တရားတွေ ယိုယွင်းပြိုပျက်နေမယ်။ ဒီလို ယိုယွင်းပြိုပျက်နေရင်လည်း ကိုယ်ကပဲဦးဆောင်ပြီး ဆက်လက်ပြင်ဆင်ရမှာပဲ။ ဆက်ပြင်ရမှာမပြင်ဘဲ ငြိုငြိုငြင်ငြင်နဲ့ တွေတွေဝေဝေ ဖြစ်မနေဖို့ ညွှန်းဆိုတယ်လို့လည်း အနက်အဓိပ္ပာယ်ဖွင့်မိတဘ်။

ကဗျာမှာ….“ အခွင်အနဲ့၊ အရွဲ့အစောင်း၊ မကောင်းမပြေ၊ ဟောင်းထွေထွေကို၊ အခြေနှင့်မျှ၊ ဉာဏ်ဖြင့်ဆ၍ လုံ့လသက်သွင်း၊ သစ်စေမင်း”ဆိုတဲ့ ပညာရေး၊ ကျန်းမာရေး၊ အစရှိတဲ့ ကဏ္ဍအသီးသီးမှာ လုပ်ကိုင်ဆောင်ရွက်နေသူတွေဟာ ပေါ့ပေါ့လျော့လျော့နဲ့ စိတ်ဓာတ်ရေးရာတွေ ယိုင်ယိုင်နဲ့နဲ့ဖြစ်ချင်ဖြစ်နေမယ်။

လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာလည်း အမြင်တွေ ရွဲ့ရွဲ့စောင်းစောင်းနဲ့မို့လို့ မစည်းလုံးမညီညွတ်မှုတွေ ဖြစ်နေချင်ဖြစ်နေမယ်။ ဒါတွေကိုလည်း မိမိကဦးဆောင်ပြီး ပြေပြေလွင်လွင် ညီညီညွတ်ညွတ်ဖြစ်အောင် ပြုပြင်ရမယ်။

အခြေအနေတွေကို နှိုင်းနှိုင်းချိန်ချိန်နဲ့ ရှုမြင်သုံးသပ်တတ်တဲ့ဉာဏ်ပညာမှာ မလျော့တဲ့လုံ့လဝီရိယ ပေါင်းပြီးတော့ မကောင်းမပြေတဲ့နေရာတွေမှာ ကောင်းတာတွေ၊ ပြေလည်တာတွေဖြစ်အောင် ယိုယွင်းဆွေးမြေ့ ဟောင်းနွမ်းတာတွေနေရာမှာ အသစ်အသစ်တွေ ဖြစ်အောင်ကြိုးစားပါလို့ ကဗျာက ညွှန်းဆိုနေတယ်လို့ ကျွန်တော် အနက်အဓိပ္ပယ်ပေါင်းများစွာ ဖွဲ့ဆိုမိနေပါတော့တယ်။

နွေဦးအက္ခရာ ( May 2 , 2024 . 11:45 AM )

Keep Reading

အသစ်နှင့်အဟောင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ သားဆိုးအမေ စာစောင်လေးဆယ့်နှစ် - မုဒိတာပွားခြင်း